တစ်နေ့က အိမ်ကနေ စင်ကာပူအရှေ့ခြမ်း အလွန်ဝေးတဲ့ Customer ဆိုဒ်တစ်ခုကို ရထားတဆင့် တက္ကစီတဆင့်နဲ့ သွားရပါတယ်။ အမှန်တော့ အလုပ် သွားလုပ်ရမယ့် နေရာနဲ့ အနီးဆုံး ရထားဘူတာကို ရထားစီး ပြီးမှ တက္ကစီနဲ့ သွားရမှာ ဖြစ်ပေမယ့် အဲဒီနေ့က ခရီးက ဝေးလွန်းတာကြောင့် အချိန်မမှီမှာစိုးလို့ တက္ကစီစီးဖို့ သင့်တော်တဲ့ ရထားဘူတာမှာ ဆင်းလိုက်ပါတယ်.
အဲဒီမှာ အထင်နဲ့ အမြင်လွဲသွားတယ်။ တက္ကစီစီးဖို့ လွယ်မယ်ထင်တဲ့ Bedok ဘူတာမှာ ဆင်းလိုက်တာမှာ သူကအရင်ကလို မဟုတ်ဘဲ စည်းကမ်းတကျကိုယ်တွေလို မရပ်ရနေရာတွေ တက္ကစီတားမှာစိုးလို့ ဖလက်ဖောင်းတွေမှာ အကာတွေ တောက်လျှောက်ကာထားတယ်။ အဲဒါနဲ့ အကာတွေလွတ်တဲ့ နေရာရောက်အောင် တကွေ့တပတ်ကြီး လမ်းလျှောက်ပြီးမှ လမ်းသွယ်လေးနဲ့ လမ်းမကြီးထောင့်နေရာတစ်ခုမှာ ရပ်ပြီး ကားတားဖို့ ပြင်လိုက်ပါတယ်။
တကယ်တမ်း အဲဒီနေရာလဲ တက္ကစီတွေ ရပ်လို့မရတဲ့အတွက် တားသော်ငြားလည်း တက္ကစီတွေက မရပ်ပေးပါဘူး... တက္ကစီအလွတ် သုံးစီးလောက် မရပ်ပေးတဲ့ အပြီးမှာ တက္ကစီတစ်စီးကတော့ ရပ်ပေးမယ် မြန်မြန်တက် အထာနဲ့ လာရပ်တော့ ကိုယ်လည်း ရပ်ရပ်ခြင်း ကားတံခါးဖွင့် စွပ်ခနဲ ကားထဲ ခုန်ဝင်လိုက်ပါတယ်။ သွားမယ့်နေရာ ပြောလို့အပြီးမှာ Customer ကို ဖုန်းလှမ်းခေါ်ပြီး နည်းနည်း နောက်ကျမယ့်အကြောင်း ပြောထားလိုက်ပါတယ်။
အဲဒီတော့မှပဲ လမ်းလျှောက်လိုက်ရလို့ ချွေးတလုံးလုံးနဲ့ ဖြစ်နေတာကို တက္ကစီ အဲကွန်းအေးအေးနဲ့ အမောဖြေနိုင်တော့တယ်။ ဒါတောင် ချက်ချင်း အအေးထဲ ၀င်လိုက်တော့ လူက နှာ တရှုပ်ရှုပ်ဖြစ်နေသေးတယ်။ အဲဒီမှာ ထူးခြားချက်က စပါတယ်။ တက္ကစီဆရာက အဲကွန်း အေးလို့လား လျှော့ပေးရမလားဆိုပြီး မေးပါတယ်။ နည်းနည်းတော့ အံ့သြမိတယ်။ တက္ကစီ စီးဖူးတဲ့ သက်တမ်းတလျှောက် တခါမှ ဒီလိုမမေးခံရဖူးဘူး။ ရပါတယ် မလိုပါဘူး ကျေးဇူးတင်ပါတယ်လို့ပဲ ဖြေလိုက်ပါတယ်။
ခဏနေတော့ တက္ကစီဆရာက နောက်ကြည့်မှန်ကနေ ကိုယ့်ကို သေချာကြည့်နေတာ သတိထားမိတယ်။ ပြီးတော့ မင်းက မြန်မာလားလို့ မေးပါတယ်။ ဟုတ်ပါတယ်လို့... အဲဒါနဲ့ သူက သူ့ဘေးခုံမှာ တင်ထားတဲ့ မိုဘိုင်းဖုန်းလေး တစ်လုံး ထုတ်ပြပါတယ်။ မနက်က သူ့ကားကို ငှားစီးတဲ့ လူငယ်လေး နှစ်ယောက် ဒီဖုန်းကို တက္ကစီပေါ်မှာ ကျန်ခဲ့ကြောင်း အဲဒီလူငယ်လေးဟာ မြန်မာတွေ ဖြစ်နိုင်ကြောင်း သူအရင် အလုပ်လုပ်ခဲ့တုန်းက မြန်မာတွေအများကြီးနဲ့ လုပ်ခဲ့ရဖူးကြောင်း ဒါကြောင့် မြန်မာတွေရဲ့ အသံကို သိကြောင်း ဒီဖုန်းကို မင်းကို ပေးလိုက်မယ် မင်းက ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေး ပေးဖို့ သူက ပြောပါတယ်။
အဲဒီမှာ ကျွန်တော်က မဟုတ်တာ... နင်ကားပေါ်မှာ ကျန်ခဲ့တာ နင်ပဲ ပြန်ပေးသင့်တာပေါ့... ငါ့ကို ပေးတော့ ငါက ပိုင်ရှင်ကို ပြန်မပေးဘဲ ယူထားရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက မင်းကို ငါယုံတယ် အခုလောလောဆယ် ဖုန်းက ဘက်ထရီကုန်နေတာ... မနက်က ငါ့မဖွင့်တတ်လို့ ငါ့မိန်းမကိ့ ဖွင့်ခိုင်းကြည့်သေးတယ်... ခဏပဲရလို့... ဖုန်းကို အားပြန်သွင်းပြီးရင် ဖုန်းဝင်လာရင် နင်က ခေါ်တဲ့သူကို ပြောပြလိုက်ပေါ့လို့ သူက ပြောပါတယ်...
အဲဒါနဲ့ ကျနော်က ဖုန်းကို ယူလိုက်တယ်။ ပြီးတော့ သူ့ကို ဒီလို လုပ်ရအောင် နင်နဲ့ငါ ဖုန်းနံပါတ် လဲယူထားကြမယ် ဖုန်းကို ပြန်ပေးဖြစ် မပေးဖြစ် နင့်ကို ငါပြန်ပြောမယ် မပေးဖြစ်ဘူးဆိုရင်လည်း ငါနင့်ကို ဒီဖုန်းကို ပြန်ပေးမယ် ဆိုပြီး ကျွန်တော်တို့ နှစ်ယောက် ဖုန်းနံပါတ် လဲလိုက်ကြတယ်။ အဲဒါနဲ့ ကျွန်တော် အလုပ်လုပ်ရမယ့် နေရာရောက်ပြီးတော့ သူ့ကို နှုတ်ဆက်ပြီး ပိုင်ရှင်တွေ့အောင် ရှာပြီး ပြန်ပေး ပေးမယ့် အကြောင်း ပြောလိုက်ပါတယ်။ ဖုန်းကတော့ SONY Xperia Android ဖုန်းလေးပါ...
အလုပ်ထဲရောက်တော့ ကျွန်တော့ လက်ပ်တော့လေးနဲ့ အားသွင်း ထားလိုက်ပါတယ်။ ကံကောင်းတာက ကျနော့် ဖုန်းကြိုးနဲ့ ဖုန်းက အတော်ဖြစ်နေတာပဲ။ အလုပ်လုပ်ထဲ အာရုံရောက်နေရင်း ဖုန်းကို ခဏမေ့သွားတယ်။ နေ့လည်ထမင်းစား ခါနီးကျတော့ ဖုန်းကို သတိရပြီး ဖွင့်လိုက်ပါတယ်။ ဖွင့်ပြီးပြီးချင်းပဲ ဖုန်းကိုခေါ်ထားတဲ့ နောက်ဆုံး Missed call (voice mail call) နံပါတ်လေးကို ခေါ်လိုက်ပါတယ်။ တဖက် မိန်းကလေးတစ်ယောက်က ပြန်ဖြေတော့ အကျိုးအကြောင်း ပြောလိုက်တာမှာ မိန်းကလေးက ဖုန်းပိုင်ရှင်ရဲ့ ကျောင်းတက်ဖော် သူငယ်ချင်း ဖြစ်နေပါတယ်။ အဲဒါနဲ့ မိန်းကလေးကို ဖုန်းပိုင်ရှင်နဲ့ ပြောချင်ကြောင်း ဒီဖုန်းကို ပြီးရင် ပြန်ပိတ်ထားမှာမို့ ကျနော့်ဖုန်းကို Message ပို့ပေးလိုက်မယ်လို့ ပြောလိုက်ပါတယ်။
နေ့လည် ထမင်းစားချိန်ကြတော့ message ပို့ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျနော်လည်း ဖုန်းကို ပိတ်ထားဖို့ မေ့ပြီး အိတ်ထဲကို ဒီအတိုင်းပဲ ထည့်ထားလိုက်မိပြီး အလုပ်ထဲ ပြန်အာရုံ ရောက်သွားတယ်။ ညနေတော့ ပြန်ခါနီး ဖုန်းကို အိတ်ထဲ ထုတ်လိုက်တော့ ခေါ်ထားတဲ့ Missed calls တွေ အများကြီး Message တွေလည်း ပို့ထား ကြတယ်။ ကျနော့်ကို တကယ်တမ်း ဖုန်းပိုင်ရှင်ရဲ့ သူငယ်ချင်းတွေ ညီမရယ်က ခေါ်ထားကြ မက်စိပို့ထားကြတယ်လို့ နောက်တော့ ပြန်သိရတယ်။ ကျနော့်က တွေးမိတယ် ငါ့ကိုတော့ ခြေရာဖျောက်ပြီ ထင်ကြမှာပဲလို့။ တခါက သူငယ်ချင်းတစ်ယောက် ဖုန်းကို တက္ကစီပေါ်ကျန်ခဲ့တယ်... ဖုန်းကို ခေါ်တော့ တက္ကစီဆရာက ပြန်ပေးမယ် ပြောပြီး နောက်ရက်တွေကျ ခြေရာ ဖျောက်တာမျိုး ဖြစ်ဖူးတာ ကြားထားဖူးလို့ အဲလိုတွေးမိတယ်။
အဲဒါနဲ့ ညနေပြန်တော့ ဖုန်းထဲက Contactတွေကို ဖွင့်ကြည့်ပြီး ထိပ်ဆုံး Me လို့ ဆိုတဲ့ Contact ကို ဖုန်းပိုင်ရှင်ရဲ့ Alternate ဖုန်းဖြစ်မယ် ဆိုပြီး ခေါ်လိုက်ပါတယ်။ အဲဒီမှာ သူ့နဲ့ တိုးပါတယ်။ သူနဲ့ ဖုန်းပိုင်ရှင် အမှန်ဟုတ် မဟုတ် ဖုန်းရဲ့ပုံစံ အချက်အလက်အချို့နဲ့ Verify လုပ်ပြီးတော့ ညမှာ အိမ်ကို လာယူဖို့ ချိန်းလိုက်ပါတယ်။
ညရောက်တော့ သူက လာယူပါတယ်။ ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးမယ် ပြောတော့ မလိုပါဘူးလို့ ကျေးဇူးတင်ဖို့ ကောင်းတာ တက္ကစီဆရာပါလို့ ပြောပြီး တက္ကစီဆရာရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။ ကျေးဇူးတင်စကား ပြောချင် ပြောလို့ရတယ်။ သဘောပါပဲလို့။ ကျနော်ကတော့ တက္ကစီဆရာကို ပြောပြပေးဦးမယ်လို့ ပြောပြလိုက်ပါတယ်။ ဖုန်းပိုင်ရှင် ကောင်လေးကတော့ ကြုံတဲ့အခါ မုန့်ကျွေးမယ့်အကြောင်းတော့ ပြောသွားပါတယ်။
နောက်နေ့ မနက် ရောက်တဲ့အခါကျ တက္ကစီဆရာကို ဖုန်းကို ပြန်ပေးလိုက်ပြီ ဖြစ်ကြောင်း ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့အခါ သူက ဒုက္ခပေးမိတာ စိတ်မကောင်းပါကြောင်းနဲ့ မင်းရဲ့ Kindness အတွက်ကျေးဇူးတင်ကြောင်း ပြန်ပြောလာတာမှာ ကျနော်က 'အိုး မဟုတ်တာ မင်းရဲ့ Kindness နဲ့ စိတ်ထားကို ငါကကျေးဇူးတင်ရမှာလို့' ပြောဖြစ်လိုက်ပါတယ်။
ကံကောင်းတဲ့ ဖုန်းပိုင်ရှင်နဲ့ ထူးခြားတဲ့ တက္ကစီမောင်းသမားကြားက ကျနော် မောင်သန့် အကျိုးဆောင် ဖြစ်သွားကြောင်း ပါပဲခင်ဗျာ။
ဆက်စပ်ဖတ်ရှုရန်
Bigger ကြိုက်တဲ့ တက္ကစီဆရာ