Thursday, September 29, 2011

အိုင်ဖုန်း ၅ (iPhone 5) တကယ် လာတော့မည်လော


လာမည့် အောက်တိုဘာလ ၄ရက်နေ့မှာ ကျင်းပမယ့် Apple ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ရေး အခမ်းအနားအတွက် တရားဝင်ပေးပို့တဲ့ Let's Talk iPhone ဆိုတဲ့ ဖိတ်စာထဲမှာပါတဲ့ (ပုံပါ) ပုံစံကြောင့် ကာလရှည်ကြာ ကောလဟာလ ဖြစ်နေတဲ့ Apple iPhone မျိုးဆက်သစ် iPhone 5 ကို စတင်မိတ်ဆက်တော့မယ် ဆိုတဲ့ သတင်းဟာ ပိုပြီး ခိုင်မာမှု ဖြစ်လာပါတယ်။

ဒီပွဲမှာ အိုင်ဖုန်း တစ်မျိုးမက မိတ်ဆက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိုင်ပတ် (iPad) အတွက် တရားဝင် Facbook Apps တစ်ခုကိုလည်း မိတ်ဆက်ဖို့ ရှိပါတယ်။ ထပ်ပြီးထူးခြားတာက အခုလိုပွဲမျိုးကို ခါတိုင်း ဆန်ဖရန်စစ်စကိုမှာ ကျင်းပလေ့ရှိပေမယ့် ခုကတော့ ကပ်ပါတင်နို (Cupertino) မှာရှိတဲ့ Apple campus ထဲမှာပဲ ကျင်းပမယ်လို့ ဖိတ်စာထဲမှာ ဖော်ပြထားပါတယ်။

တချို့သတင်းတွေမှာတော့ အိုင်ဖုန်း ၅ကို အောက်တိုဘာလ ၄ရက်နေ့မှာ စတင်မိတ်ဆက်ပြီး အောက်တိုဘာ ၁၄ရက်နေ့ကစပြီး အမေရိကန်၊ အဂ်လန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဂျပန်တို့မှာ စတင်ရောင်းချမယ်လို့ ဆိုနေကြပါတယ်။

ဘာပဲပြောပြော တစ်နှစ်ကို အိုင်ဖုန်း အသစ်တစ်ခု ထုတ်နေကျ ပန်းသီးကုမ္ပဏီက ဒီနှစ်မှာလည်း နောက်ထပ်အသစ် တစ်ခု ထွက်ဖို့ အချိန်တန်နေပြီဆိုတော့ အိုင်ဖုန်း ၅ထွက်ဖို့က သေချာသလောက် ဖြစ်နေပြီ ထင်ပါတယ်။ အိုင်ကြိုက်သူများ ၀မ်းသာစရာ သတင်းပါပဲ...

ဒါ့အပြင် ပန်းသီးရဲ့ မူရင်းစီအီးအိုကြီး စတိပ်ဂျော့ နားသွားပြီဖြစ်လို့ အိုင်ဖုန်းအသစ်ကို မိတ်ဆက်မယ့်လူက စီအီးအိုအသစ် တင်ကွတ် (Tim Cook) ဖြစ်မှာမို့ မိတ်ဆက်ပွဲ စင်ပေါ်မှာ စတိပ်ဂျော့လို စွဲဆောင်မှု ရှိရှိ သရုပ်ဆောင်နိုင်မလား ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ....

source

Thursday, September 22, 2011

ကျွန်တော်နဲ့ များတို့ ရဲ့ ဇတ်သိမ်း

အချိန်ကား ညနေ နေရီဝင်တရော ညီအစ်ကို မသိတသိ အချိန်....

နေရာကား ရန်ကုန်မြို့ ဘုရင့်နောင်လမ်းဆုံ ဘတ်စ်ကားဂိတ်....

ကျွန်တော်ကား အိမ်သို့ ပြန်ရန် မြို့ထဲဘက်သွားမည့် ဘတ်စ်ကားများကို စောင့်ဆိုင်းနေသည်။ ဘတ်စ်ကားများမှာ အလုပ်ဆင်းချိန် ဖြစ်သဖြင့် မြို့ထဲကပြန်လာသည့် ကားများသာ ပေါပြီး.. မြို့ထဲသွားမည့် ကားများမှာ တော်တော်ကြာမှ တစ်စီးလာသည်။ လာသည့် ကားများမှာလည်း အလွန်ကို တိုးကျပ်လျှက် ကားပေါ် တက်လို့မရနိုင်အောင် ရှိနေသည်။ ကျပ်နေသည့် ကားတွေကလည်း မှတ်တိုင်မှာ မရပ်တော့... မိုးချူပ်စပြုနေပြီ... ဖြစ်၍ ဗိုက်ကလည်း ဆာလှပြီ.... အိမ်သို့ မြန်မြန်ပြန်ရောက်ချင်နေမိသည်။ ကားခပေးရန် ပိုက်ဆံကိုလည်း လက်၌အသင့်ကိုင်ထားပြီး ဘယ်ဘက်ကို အသာကုန် ငေးနေမိသည်။ စီးရမည့် ခရီးမှာ သိပ်တော့မဝေးလှ... ၇ မှတ်တိုင်လောက်ပဲ ရှိသည်။

ခဏအကြာ ဒိုင်နာကားတစ်စီး ဆိုက်လာသည်။ ထုံးစံအတိုင်း ကားက ကျပ်နေပြန်သည်။ အဆင်းခရီးသည် နှစ်ယောက်လောက်သာ ဆင်းလာသည်။ ထိုလူနှစ်ယောက်စာတွင် နေရာရှိမည်ဟု ထင်ကာ ပြေးတက်ရန်ကြံရွယ်ကာ ရှိသေးသည် လူတစ်ယောက်... အဝေးက ပြေးလာပြီး ကားခြေနင်းပေါ် ခုန်တက် ခေါင်မိုးတန်းကိုင်ကာ တွယ်လိုက်သည်နှင့် တပြိုင်နက် 'မောင်း ဆရာ' ဆိုသည့် စံပယ်ယာ အသံနဲ့ အတူ ကားမှာ မောင်းထွက်သွားလေသည်။ 'ဟာ' သွားပြန်ပြီး... ချီတုံချတုံ ဖြစ်မိသည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိသည်။ သို့သော် ဒိုင်နာကားကို တွယ်စီးရမည့်မှာ ချောင်တော့မချောင် သိပ်မစီးရဲလို့လည်း ပါတယ်။ ရှိစေတော့ နောက်ကားထပ်စောင့်မည်...

ဘတ်စကား မှတ်တိုင်ဘက် ပြန်လှည့်ကြည့်လိုက်တော့ ထူးဆန်းတာကြောင့် 'ဟိုက်' ဟုယောင်ပြီး တလိုက်မိသည်။ အခုနက မှတ်တိုင်မှာ လူတွေ သုံးလေးယောက်ခန့် ရှိသည်။ အခု ဘယ်သူမရှိတော့.. ဘယ်ရောက်သွားမှန်းလည်း မသိ... အမိုးလေးနဲ့ ကားမှတ်တိုင်မှာလည်း မှောင်လို့နေသည်... အခုနက နေအလင်းရောင်နည်းနည်း ရှိလို့ သိပ်မသိသာတာ.. အခုက မိုးလုံးလုံးချူပ်တော့ မှတ်တိုင်မှာ မီးမရှိမှန်း သိသာသွားသည်။ လမ်းဆုံ မီးပွိုင့်နားက လမ်းမီးတိုင်ကြောင့်သာ မြင်ရုံလေး အလင်းရောင် နည်းနည်းရနေသည်။ အမှန် ကျွန်တော်က သည်မှတ်တိုင်မှာ ကားစီးလေ့ စီးထမရှိပါ။ သည်နေ့မှသာ အလုပ်ကိစ္စတစ်ခုကြောင့် ဒီနားကို လာရခြင်းဖြစ်သည်။

ဖူး....  သက်ပြင်းချကာ ဘယ်ဘက်သို့ ငေးရပြန်သည်....

အဲဒီမှာ တွေ့လိုက်ရသည့် မြင်တွင်းကြောင့် တစ်ခုကို သဘောပေါက်သွားသည် ခုန ဒီမှတ်တိုင်က လူသုံးလေးယောက်မှာ တကယ်တမ်း မလှမ်းမကမ်းက ဓါတ်တိုင်နားမှာ သွား၍ ဘတ်စ်ကား သွားတား နေကြသည်။ အဲဒီမှာ သူတို့ချည်းပဲမဟုတ် တခြားလူတွေလည်း ရောက်လာနေကြသည်။ ကျွန်တော့်မှာ အကြီးအကျယ် စိတ်ပျက်မိသည်.. ကျွန်တော်ကိုယ်တိုင် ထိုသို့မလုပ်ချင် ရှိစေတော့ .. ဒီမှတ်တိုင်မှာ ဆင်းမယ့်သူရှိတဲ့ ကားတစ်စီးစီးတော့ လာရပ်မှာပဲဟု တွေးကာ မှတ်တိုင်မှာပဲ ဆက်ရပ်နေသည်... ဘယ်ကားစီးစီး ရောက်မှာမို့လို့ တော်သေးသည်။ လူတွေ တော်တော်ခက်တာပဲဟု တွေးနေမိသည်။

ထိုသို့ မသိသာပဲ အတွေး နယ်ကျွံနေမိစဉ်.... ခေါ်သံတစ်ခုလိုလို ကြားရသည်....

'အကိုကြီး......'

'ဟင်'

ကျွန်တော့်မှာ ဆွဲဆွဲငင်ငင်နှင့် ခေါ်သံကြားလို့သာ ယောင်ပြီးတော့ 'ဟင်' လိုက်မိသည်... ဘယ်သူခေါ်မှန်းမသိ... ဒီမှတ်တိုင်မှာ တစ်ယောက်တည်း ဖြစ်နေတော့ ကိုယ့်ကို ခေါ်တယ်ဆိုတာတော့ သေချာသည်... ဘယ်သူပါလိမ့် ဆိုကာ လှည့်ကြည့်လိုက်မိသည်....

'ဟိုက် ပလုပ်တုတ်....'

ကျွန်တော့မှာ ယောင်ယမ်းပြီး ထခုန်မိမတတ်လန့်သွားသည်။

ဟို...  သူ...သူ..... သူ..များ...

ကျွန်တော့နောက်မှာ ဘယ်အချိန်ကတည်းက မှန်းမသိ ရောက်နေသော... လက်လက်တောက် အဲ 'များ' တစ်ယောက်... တစ်ကိုယ်လုံး ၀တ်ထားသည်မှာ လက်လက်တောက် အသားကာ တော်တော်ညိုပြီး ခန္ဓာကိုယ်တောင့်တောင့် ဆံပင်အရှည်ကို အုံချထားကာ ရဲရဲတောက် ဆိုးထားသော နှုတ်ခမ်းနီနှင့် ပြုံးဖြီးဖြီး လုပ်နေပုံမှာ ရုတ်တရက်ကြည့်မိလျှင် လိပ်ပြာလွင့်လို့ ဒီနေရာမှာတင် ကိစ္စချောနိုင်သည်...

သူ့ကို လှည့်ကြည့်တယ်ဆိုတော့ ခုနလိုပင်.. ထပ်ခေါ်ပြန်သည်...

'အကိုကြီး...'

'ဘာတုန်း...'

အဲလဲ့... ကိုယ်တောင် ယောင်ပြီး အလိုက်.... လိုက်ထူးမိသည်... ဇတ်လမ်းကစပြန်ပြီ... ဟိုတခါက အနာဟောင်းကို ချက်ချင်း ပြန်သတိရမိသည်.... ဗိုက်ကဆာ အိမ်ကိုလည်း မြန်မြန်ပြန်ချင်နေရတဲ့ကြားထဲ  ငါနှယ် ကြုံရပြန်လေခြင်းဟုဆိုကာ... ဒေါသတွေ ထွက်လာသည်....  စိတ်ကိုပြန်ထိန်းကာ ဘာမှ ဆက်မပြောဘဲ ကိုယ်ကို ပြန်လှည့်လိုက်တယ်....

'အကိုကြီး...' စိတ်ကို ထိန်းထားသည်... လုံးဝ လှည့်မကြည့်...

'ပြန်မလို့ ကားစောင့်နေတာလား' 'မပူနဲ့ ကားလာလိမ့်မယ်... အဟင်း ဟင်း ဟင့်'  သူအသံကြောင့် ကျောထဲကပင် ယားလာသလိုလို....

'အကိုကြီး... မုန့်ပါလား'.... ဟာ ဒေါသက ထောင်းကနဲ ထွက်သွားသည်...

'မပါဘူး'.... ငါ အပြတ်ပြောမှ ဖြစ်ချေတော့မည်....

'ဟာ အကိုကြီးကလဲ... ညှီမလေးက ဗိုက်ဆာလို့ပါ... အကိုကြီးရော... ဗိုက်ဆာဘူးလား'.....

'တောက်... ဆာတယ်.. အဲ ဆာဘူး... မဆာဘူး'.... တောက် ဒေါသအထွက်လွန်ပြီး ယောင်တောင်ပြောမိ နေပြန်ပြီ

'အကိုကြီး... ညီမလေးကို... မုန့်ဝယ်ကျွေး...'

'အား... ပိုက်ဆံမပါဘူးကွ... ငါ့ဟာငါတောင် ၀ယ်မစားနိုင်ဘူး.....'

'အာ.... အကိုကြီးကလည်း... လက်ထဲမှာ ပိုက်ဆံကိုင်ထားရက်နဲ့... ဒီလိုလုပ် မုန့်တစ်ခုဝယ်ပြီး.. တစ်ယောက်တစ်ဝက် စားမယ်လေ... လေ... နော်...'

အာ... ဒုက္ခတော့များပြီ... ငါတစ်ယောက်တည်း ဒီမှာ ဒုက္ခပဲ... သူကိုတော့ ဘာမှ ပြန်မပြောမိ... သူကတော့... စလင်းဘတ်လေးကို ကိုင်ကာ.. စိတ်ကောက်သလို ခြေထောက်ပင်ဆောင့်နေသေးတယ်... တကယ့် ဒုက္ခ

ထိုအချိန်တွင် ရုတ်တရက်

'ဟာ မေခလာ လာပြီ... အဲ ကားလာပြီး...'

ကျွန်တော့်မှာ တော်တော်ပျော်သွားသည်... ဘတ်စကားမှာ... ဓါတ်တိုင်မှာ တားနေတဲ့ သူတွေဆီ မရပ်ဘဲ မှတ်တိုင်ရှေ့ တည့်တည့် လာရပ်လေသည်... ထင်တဲ့အတိုင်း ကားပေါ်က လူတစ်ချို့ ဆင်းလာသည်...  ကားစပယ်ယာကာ တက်မယ့်သူ ရှိမှန်းသိလို့... လမ်း ၃၀... ဆူးလေ... မြို့တော်ခန်းမ... လာလာ လာ.. အကုန်ရောက်တယ်.. အာသားကုန်အော်နေသည်... ကျွန်တော်ကား...လာပြီး.. လာပြီး လွတ်ပြီး လွတ်ပြီး ဟု စိတ်ထဲမှာ ပြောကာ... ခြေလှမ်း ကျဲကျဲနဲ့ ပြေးပြီး ကားပေါ်ခုန်တက်ရန်... ကြံလေတော့သည်....

သို့သော်... ကျွန်တော့်မှာ ရုတ်တရက် ကားဘရိတ်ဆောင့်အုပ်ခံရသလို ခြေလှမ်းများ တန့်သွားရသည်... တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဆောင့်ဆွဲလိုက်ခြင်း ဖြစ်သည်... ကားပေါ်မှ ကားစပယ်ယာမှာ ကျွန်တော့်ကို ပါးစပ်ဟကာ အံ့သြသလို ကြည့်နေသည်ကို တွေ့ရသည်။ ကျွန်တော့်မှာ ထပ်ပြီး ရုန်းကြည့်သည်... မရ... ထိုအချိန်မှာပဲ... ကားစပယ်ယာက...

'ဆရာရေ... သူများတို့က အကိုကြီးကို အိမ်ပြန်မလွှတ်ချင် သေးဘူး... မောင်း'

ဟု အော်ကာ... ဘတ်စ်ကားမှာလည်း ၀ူးကနဲ ထွက်သွားလေသည်။ နေဦး... လို့ပင် ပြောချိန်မရလိုက်.....

ကျွန်တော့် ဒေါသမှာ အထွဋ်အထိပ်သို့ပင် ရောက်သွားပြီး... ပြန်လှည့်ကာ...

'ဟေ့... ဟေ့... ကေ ကာင်'

ကျွန်တော် အော်ဖို့ကြံသည့် စကားမှာ အစမှာပင် ရပ်ပြီ မှင်သက် သွားမိသည်... ကျွန်တော့်လက်ကို ဆွဲထားသည်မှာ... ခုနက သူ... မဟုတ်တော့... 'များ' ...  'များ' ... နောက် 'များ' တစ်ယောက်...

'ဟေ့... ချာတိတ်'

ကျွန်တော့်မှာ ဘာပြန်ပြောရတော့မှန်း မသိသလို... ကြောက်ဒူးပါတုန်ချင်လာသည်... ကျွန်တော့်လက်ကို နောက်ကဆွဲထားသည့် 'များ' မှာ... ခုနဘေးမှာ ရပ်နေသည့် 'များ' ထက် နှစ်ဆပိုကြီးလေသည်... စကတ်အတို... အင်္ကျီလက်ပြတ် ၀တ်ထားသည့်အတွက် တောင့်တင်းသည့် ပေါင်လုံး... ကြီးမားသည့် လက်မောင်းအိုးများကို မြင်နေရသည်မှာ ... ကျွန်တော့်ကို တော်တော် သိမ်ငယ်သွားစေသည်.... ပိုလည်းကြောက်လာသည်... မှောင်မှောင်ထဲမှာ သူတို့ကိုတောင် မြင်ရတာတောင် မသဲကွဲတော့....

'ဘာဖြစ်လို့ အတင်း ပြန်ချင်နေရတုန်း အစောကြီး ရှိသေးတယ်' ... 'ဒီကိုလာပြီးမှ ဒို့တွေနဲ့ ပျော်ပျော်ပါးပါးပေါ့'

ဘုရား ဘုရား.... ဒို့တွေနဲ့ ဒို့တွေနဲ့တဲ့... ဟုတ်ပါသည်... ခုမှ ဘေးဘီဝဲယာကို ကြည့်မိတော့သည်။ 'များ' တို့မှာ နှစ်ယောက်ပင် မဟုတ်ချေ... ဘယ်နှစ်ယောက်မှန်းတောင် မသိ ဟိုတောင့်လေး.. ဒီတိုင်လေးတွေမှာ ဟော 'များ' တစ်ယောက် ဟော 'များ' တစ်ယောက်ဆိုသလို ကိုယ်စီ ကိုယ်စီ ကိုယ်စတိုင်နဲ့ကိုယ် ပို့စ်တွေပင် ပေးနေကြသည်.... ခုမှ သဘောပေါက်လာသည်... ဒီနေရာကာ 'များ' တို့ ကျက်စားရာ နေရာ ဖြစ်နိုင်သည်... ထို့ကြောင့် ခုနက မှတ်တိုင်မှ လူများ မိုးချူပ်လာသည်နှင့် ဓါတ်တိုင်အောက်ကို ရွှေ့သွားကြခြင်း ဖြစ်နိုင်သည်။ နောက်ထပ်လည်း ဒီမှတ်တိုင်ကို လူတွေ မလာကြာတော့... ဒီအတွက်ကြောင့် ဒီမှတ်တိုင်မှာလည်း မီးမရှိ ဖြစ်နေခြင်းပင် ဖြစ်သည်...  သေချာပြီ...

ထိုသို့ အတွေးတွေက ကျဉ်းထဲကျပ်ထဲရောက်မှ ချက်ချင်းဆိုသလို ၀င်လာကာ အခြေအနေမှန်ကို သဘောပေါက်တော့သည်။ အဓိကတွေးရသည်မှာ... ဒီနေရာက ဘယ်လို ပြန်ထွက်ရမည်လဲ... လက်မောင်းဆွဲထားသည့် သူကလည်း မလွှတ်တမ်းဆွဲထားသည်... ရှေ့မှာကလည်း နှုတ်ခမ်းကြီးဆူကာ.. လူကို ထုတ်ဆီးတိုးသလို ကာထားတဲ့ သူကလည်း ကာထားသည်... ဘေးပတ်ပတ်လည်မှာလဲ သားကောင်ကို ၀ိုင်းထားသည့် မုဆိုးတွေလို မျက်တောင် တချက်မခတ်ပဲ လူကို ၀ိုင်းကြည့်နေကြသည်။

ကျွန်တော့်မှာ... ပထမတော့ ဒေါသထွက်... နောက်တော့... ကြောက်လာ...  အခုတော့ တော်တော်လေးကို ၀မ်းနည်းလာပြီး... မျက်ရည်များပင်... ၀ဲလာသည်.... ဗိုက်ဆာနေတာကလည်း ဘယ်ရောက်သွားမှန်းမသိ... ဒီလိုနေရင်း... သူငယ်ချင်းတွေ ပြောတတ်ကျတဲ့ စကားကို နားထဲကြားယောင်လာသည်....

'ဟဲ့ကောင် မင်းသတိထား သူတို့က နှစ်ဖက်ချွန်တွေကွ'

တွေးကြည့်ရင်း ကျောထဲစိမ့်လာသည်.... ငါ့ဘ၀ပျက်တော့မည်လား...  မဖြစ်ရဘူး... လုံးဝ မဖြစ်ရဘူး ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ချမှ ဖြစ်တော့မည်။ စဉ်းစားသည်... စဉ်းစားသည်... ထိုအချိန်တွေက တစ်စက္ကန့်ကို တစ်ကမ္ဘာလောက်ကြာသည်ဆိုသည့် စကားလို ဖြစ်လာသည်... ကျွန်တော်တို့ကြားမှာလဲ အသံတွေ တိတ်ဆိတ်နေချက်မှာ... မျက်ရည်ဝဲတာနဲ့အတူ ကျလာသည့် နှပ်ကို ပြန်ရှုံ့သည့် အသံသည်ပင်လျှင် တော်တော်ကျယ်သွားသလို ခံစားရသည်... အားလုံးမှာ ကျောက်ရုပ်တွေအလား....

အင်းးးးး... သိပြီ... အတွေးထဲ လက်ခနဲ တချက်ဖြစ်သွားသည်... ဘယ်လိုဖြစ်ဖြစ်... ဤနည်းကို အသုံးပြုမှ ဖြစ်တော့မည်... ချက်ချင်းဆိုသလိုပင် လက်မောင်းကိုဆွဲထားသည့်ကြားက ကိုယ်ကို အနည်းငယ်လှည့်ကာ မျက်လုံးကို ကစားလိုက်သည်... တွေ့ပြီး ဟိုမှာ ဒိုင်နာဘတ်စ်ကား တစ်စီး မီးပွိုင့်ကို လွတ်ရန် ဟိုဖက်ကနေ အရှိန်မလျှော့ဘဲ အသားကုန်မောင်းလာသည်... ဘယ်မှာမှ ရပ်ပုံမရသည့်ကား..  ထိုအခိုက်... ကျွန်တော်ကိုယ်တိုင်ပင် အသံထွက်လိုက်လား မထွက်လိုက်လား မသိ... ပြေး.. ဆိုတာနဲ့အတူ... အသားကုန်ရုန်းကာ ရှေ့နားက ဓါတ်တိုင်ကိုကျော်သည်အထိ ထပ်ဆွဲနေသည့်ကြား ရုန်းထွက် ပြေးသွားလိုက်ပြီး လမ်းမပေါ်ကို တက်လိုက်သည်...  ပြီးတော့ လက်ကို အသားကုန်ဆန့်တန်းကာ.... ကားပေါ်ကို လက်ချိတ်ပြီး ခုန်တက်မည့်ဟန် စပယ်ယာကို အချက်ပြလိုက်သည်... ဓါတ်တိုင်မှာ ဘတ်စ်ကားစောင့်နေကြသည့် လူတွေမှာ ကျွန်တော့်ကို ဘုကြည့်ကြည့်ကုန်ကြသည်... စပယ်ယာကလည်း သဘောပေါက်ပြီး လက်တဖက်ကို ဆန့်ပြီး ကမ်းပေးလာသည်... ဒီတစ်ခါတော့ စပယ်ယာဟာ တကယ့် မေခလာပင် ဖြစ်တော့သည်... ကားက အနားကို ရောက်သည်နှင့် စပယ်ယာလက်ကို ချိတ်လိုက်ပြီး ခြေနင်းခုံပေါ် ခုန်တက်လိုက်သည်... အခုနက ချီတုံချတုံ ဖြစ်ခဲ့သလောက် ခုကား လုံးဝကို တချက်ဆို တချက်မှ မတွန့်တောချေ...

ဘတ်စ်ကားမှာ 'များ' တို့ရှိရာနေရာကို ကျော်နေပြီး... သူတို့လည်း ကျွန်တော့်ကို မြင်သွားပြီး ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်... ကျွန်တော့်ကလည်း အားကျမခံ ဂုဏ်ယူဝံ့ကြွားစွာ ငိုမဲ့မဲ့မျက်နှာဖြင့် သူတို့တွေ အားလုံးကို သိမ်းကြုံးပြီး ကြည့်ပစ်လိုက်သည်.... သူတို့ကို ကျော်သွားပြီ.... ထိုအချိန်ကျမှ ကျွန်တော့်မှာ ဒီတစ်ခါလောက် လွတ်မြောက်တဲ့ အရသာကို ခံစားဖူးသည် မရှိခဲ့သလို ရင်ထဲမှာ ပေါ့ပါးစွာ ခံစားလိုက်ရသည်...

ဘတ်စ်ကားမှာ နောက်တစ်မှတ်တိုင်ကိုရောက်ပြီး... ရပ်တော့မှ စပယ်ယာကို ပိုက်ဆံကမ်းလိုက်သည်။ ပြီးတော့... လက်နှစ်ဖက်စလုံးဖြင့် မျက်ရည်တွေရော နှပ်ရည်တွေရော စင်သွားအောင် မျက်နှာကို သိမ်းကြုံးကာ ပွတ်သပ် သုတ်လိုက်ပြီး အဲဒီအချိန်မှာ... အတောင့်တဆုံးအရာတစ်ခုကို ဆုတောင်းလိုက်လေသည်....

'ကျွန်တော်နဲ့ 'များ' တို့ရဲ့ ဇတ်လမ်း ဤနေရာတွင်ပင် လုံးဝဥုသုံ ဇတ်သိမ်းပါစေ' ဟူ၍........... သတည်း....

Tuesday, September 20, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Gain City Expo Sale



Date: 23 – 25 September 2011
Time: 11am – 10pm
Venue: Singapore Expo Hall 5B

ဒါတွေကို သင်သိရဲ့လား - ၅

- WAS IT A CAR OR A CAT I SAW ဆိုတဲ့စကားလုံးကို ပြောင်းပြန်လှန်ပြီး ပြန်စီဖတ်ကြည့်လိုက်ရင်...

- Stressed ဆိုတဲ့ စာလုံးကိုလည်း ပြောင်းပြန်လှန်ပြီး ဖတ်ကြည့်ရင်...

- ဒိန်းမတ်စကားလုံး svangerskabsforebyggendemiddel ကို Google Translate မှာ အဂ်လိပ်လို
  ဘာသာပြန်ကြည့်လိုက်ရင်

- "The quick brown fox jumps over a lazy dog" ဆိုတဲ့ စာကြောင်းဟာ အဂ်လိပ် အက္ခရာ
  အားလုံးပါဝင်တဲ့ စာကြောင်း ဖြစ်တယ်။

- "သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ်ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် 
  အဓိဋ္ဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်" ဆိုတဲ့ စာကြောင်းဟာ မြန်မာအက္ခရာများ အားလုံး ပါဝင်တဲ့
  စာကြောင်း ဖြစ်တယ်။

- အပေါ်နှစ်ခုက စာကြောင်းနှစ်ကြောင်းလို စာကြောင်းတွေကို စာရိုက်ခြင်းနဲ့ဆိုင်တဲ့ စက်ပစ္စည်းပြုလုပ်မှု၊ စာလုံးပုံစံ ရေးဆွဲမှု (Font)၊ စာပန်းချီ ရေးသားမှု တို့ရဲ့စမ်းသပ်မှုတွေမှာ အသုံးပြုပြီး ဒါကို Pangram လို့ခေါ်ပါတယ်။ ဘာသာစကားမျိုးစုံတို့ရဲ့ Pangram (List_of_pangrams)

- Pneumonoultramicroscopicsilicovolcanoconiosis ဆိုတဲ့ စာလုံးဟာ အရှည်ဆုံး အင်္ဂလိပ် စာလုံးဖြစ်ပြီး အဓိပ္ပါယ်မှာ 'အလွန်ချောမွေ့တဲ့ဖုန်အမှုန့်ကို ရှုရှိုက်မိတာနဲ့ အဆုတ်ဖူးရောင်တတ်တဲ့ အဆုတ်ရောဂါ' ဖြစ်ပါတယ်။

ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၅

စာအုပ်အမည်                  -  ၂၁ရာစု လူမှုဝေါဟာရများ (၆)

စာရေးဆရာ                    -  မောင်ဆုရှင်

စာအုပ်အမျိုးအစား            -  ဆောင်းပါး

ထုတ်ဝေသည့် စာအုပ်တိုက်  - မြ၀တီစာပေတိုက်

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -


ဈေးနှုန်း                          -

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  အာကာသ အဘိဓာန်

စာရေးဆရာ                    -  နွေကိုတူး (ပခုက္ကူ)

စာအုပ်အမျိုးအစား            - အာကာသ၊ သိပ္ပံ၊ အဘိဓာန်

ထုတ်ဝေသည့် စာအုပ်တိုက် -  ရှင်မတောင်စာပေ

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -  အာကာသသိပ္ပံ၊ နက္ခတ္တဗေဒ၊ စကြာဝဠာဗေဒ၊ ရူပနက္ခတ္တဗေဒ၊
                                       အာကာသနည်းပညာ၊ အာကာသအတတ်ပညာ၊ လေကြောင်းအတတ်ပညာ စသည့် ဘာသာရပ်များနှင့် သက်ဆိုင်သော အင်္ဂလိပ်ဝေါဟာရများ၏ အနက်အဓိပ္ပါယ်၊ ရှင်းလင်းချက်၊ ဖွင့်ဆိုချက်များနှင့်အတူ နမူနာသုံး ၀ါကျများ၊ နေကြတ်ခြင်း၊ လကြတ်ခြင်း ဖြစ်ပေါ်ပုံအဆင့်ဆင့်နှင့် လဆန်း၊ လပြည့်၊ လဆုတ် ဖြစ်ပေါ်ပုံ ဖြစ်စဉ်နှင့် ဂြိုလ်များ အဘယ်ကြောင့် နောက်ပြန်သွားရကြောင်း ရှင်းလင်းချက်များ ပါဝင်သည်။ အာကာသွား ဒုံပျံအမျိုးအမျိုး၏ တည်ဆောက်ပုံ၊ လွှတ်တင်ပုံ၊ ဂြိုလ်တုများ၊ အာကာသလွန်းပြန်ယာဉ်များ၊ ဂြိုလ်ဆင်းယာဉ်များ၊ လူလိုက်ပါသည့် အာကာသယာဉ် မော်ကျူးများနှင့် များစွားသော အာကာသစခန်းကြီးများ အကြောင်း၊ အာကာသယာဉ်မှုးများအကြောင်းနှင့် အာကာသ ၀တ်စုံများအကြောင်း၊ မြေပြင် အခြေစိုက် နက္ခတာရာ လေ့လာစောင့်ကြည့်ရေး စခန်းများ၊ နက္ခတာရာ လေ့လာရေး မှန်ပြောင်းကြီးများ၊ ရေဒီယို တယ်လီစကုပ်ကြီးများ အကြောင်း၊ အာကာသ ဝေါဟာရဆိုင်ရာ အကြောင်းအချင်းရာ များကို သရုပ်ဖော်ပုံများ၊ ဓါတ်ပုံများ၊ ဇယားများနှင့် ရှင်းလင်းရေးသားထားသော ပုံပြ အဘိဓာန် စာအုပ်

စာအုပ် ဈေးနှုန်း                 -   ၆၀၀၀ကျပ်

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  ကာမေသု မိစ္ဆာစာရကံဆိုင်ရာ အမေးအဖြေများ

စာရေးဆရာ                    -   ပြည်ကျော်လွင် (ပညာရေး)

စာအုပ်အမျိုးအစား            -   ဘာသာရေး

ထုတ်ဝေသည့် စာအုပ်တိုက် -  ဒေါ်ညွန့်ဝေ စာအုပ်တိုက်

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ       - လူပျို၊ လူအိုအမျိုးသားများ၊ မိန်းမပျိုများ၊ ချစ်သူစုံတွဲများ၊ အိမ်ထောင်သည်
                                       ကျားနဲ့ မများ စသည်တို့အတွက် သိထားသင့်သော အမေးအဖြေများ၊ အပျို လူပျို ကျင့်စဉ်နှင့် ပရဒါရကံဆိုင်ရာ အမေးအဖြေများ

စာအုပ် ဈေးနှုန်း                 -  ၁၂၀၀ကျပ်

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  အစိမ်းရောင် အမွေအနှစ်

စာရေးဆရာ                    - ဂျူး

စာအုပ်အမျိုးအစား            -  သဘာဝပတ်ဝန်းကျင်၊ ထိန်းသိမ်းရေး ဆိုင်ရာ

ထုတ်ဝေသည့် စာအုပ်တိုက် -  ဂျူးစာပေ

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - သဘာဝပတ်ဝန်းကျင် ချစ်တဲ့သူဟာ၊ နိုင်ငံကို ချစ်တဲ့သူပဲ

စာအုပ် ဈေးနှုန်း                -

ရက်စွဲ                             - ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  သခင်ကိုယ်တော်မှိုင်း နိဒါန်း


စာရေးဆရာ                    - လူထု ဦးလှ၊ ဆရာဇော်ဂျီ၊ ဦးဘဖေ၊ ဆရာမင်းသုဝဏ်တို့၏ ဆရာကြီး
                                      သခင်ကိုယ်တော်မှိုင်းနှင့် ပက်သက်သော ဟောပြောချက်များ

စာအုပ်အမျိုးအစား            -  ကဗျာ၊ ဆောင်းပါး


ထုတ်ဝေသည့် စာအုပ်တိုက် -  နှစ်ကာလများ စာပေတိုက်

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - စာပေလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင်
                                      စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာများ၊ လူထု ဦးလှ၊ ဆရာဇော်ဂျီ၊ ဦးဘဖေ၊ ဆရာမင်းသုဝဏ်တို့၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ပက်သက်သော ဟောပြောချက်များ စုစည်းမှု


စာအုပ် ဈေးနှုန်း                - ၁၅၀၀ကျပ်

ရက်စွဲ                             - ၁၃.၀၉.၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြပေးပါမည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်ပါသည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။