Wednesday, February 1, 2012

အင်ဒိုနီရှားမှ ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့ အမွှာညီအစ်မ ထူးထူးခြားခြား တိုက်ဆိုင်မှုများနှင့် ဆွီဒင်နိုင်ငံတွင် ပြန်ဆုံ

ပုံသဏ္ဍန်မတူတဲ့ အမွှာညီအစ်မနှစ်ယောက် ဖြစ်တဲ့ အမ်မလီဖော့(Emilie Falk) နဲ့ လင်ဘက်မန်း(Lin Backman)တို့နှစ်ယောက်ဟာ ငယ်ငယ်တုန်းက မိဘမဲ့ကလေးကျောင်းကနေ ဆွီဒင်မှ ယခုမိဘများ မွေးစားခံခဲ့ရတဲ့အချိန်ကစပြီး ကွဲကွာခဲ့တာ အခုဆိုရင် သူမတို့အသက် ၂၉နှစ်ရောက်တဲ့အထိပါပဲ... ထူးခြားတာက သူမတို့နှစ်ယောက်ဟာ အရွယ်ငယ်ငယ် စတင်မွေးစားခံရတုန်းက နီးစပ်ဖို့ အခွင့်အရေး တစ်ခါရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူမတို့နှစ်ယောက်မှာ အမွှာညီအစ်မရှိမှန်း စာရွက်ပေါ်က အချက်အလက်တွေက သက်သေမပြနိုင်ခဲ့တာကြောင့် အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရဖူးပါတယ်။

အခုတော့ သူမတို့နှစ်ယောက်ဟာ အမွှာဖြစ်ကြောင်း DNA စစ်ဆေးတာမှာ ၉၉.၉၈ရာခိုင်နှုန်း ဖြစ်နိုင်ကြောင်း သက်သေပြချက် ထုတ်နိုင်ခဲ့ပါတယ်။ သူမတို့နှစ်ယောက် ပြန်လည် ဆုံတွေ့ချိန်မှာ သူမတို့နေထိုင်တဲ့နေရာဟာ ကီလိုမီတာ ၄၀သာ ကွာဝေးပါတယ်။ သူမတို့နှစ်ယောက် အခုချိန်မှာ ထူးထူးခြားခြား တိုက်ဆိုင်မှုတွေ ရှိနေပြီး သူမတို့နှစ်ယောက် ပြန်ဆုံအောင် ခေတ်မီနည်းပညာနဲ့ ဆက်သွယ်မှုတွေက အထောက်အကူ ပြုခဲ့ပါတယ်။

သူမတို့နှစ်ယောက် ခွဲခွာခဲ့ရာကနေ ပြန်လည်ဆုံတွေ့ချိန်ထိ အနည်းငယ် ရှုပ်ထွေးလှတဲ့ ဇတ်လမ်းကို ကြည့်ပါဦး...

ဖော့နဲ့ ဘက်မန်းတို့ဟာ မွေးကတည်း အင်ဒိုနီရှားနိုင်ငံမြောက်ပိုင်း ဆမ်မရက် မိဘမဲ့ ကျောင်းမှာ ကြီးပြင်းခဲ့ရတာပါ။ တိုက်ဆိုင်တာမှာ 'ဖော့' ရော 'ဘက်မန်း' ရော တဖက်နဲ့ တဖက် မသိကြတဲ့ ဆွီဒင်လင်မယားနှစ်စုံက မွေးစားခဲ့ကြပါတယ်။ 'ဘက်မန်း' ရဲ့မိဘတွေ သူမကို လာခေါ်တဲ့အချိန်မှာ တက္ကစီဆရာက တခြားညီအစ်မတစ်ယောက်ရောလို့ မေးတော့ 'ဘက်မန်း' တို့မွေးစားမိဘတွေက သူမရဲ့ညီအစ်မ 'ဖော့' နာမည်ကို တက္ကစီဆရာကနေတဆင့် မှတ်သားထားလိုက်ကြပါတယ်။

အဲဒီနောက် သူတို့ဆွီဒင်ကိုရောက်ကြတဲ့အချိန် စုံစမ်းလိုက်တော့ 'ဖော့' တို့ မိဘတွေကို ခြေရာခံမိကြပြီး၊ နှစ်ဖက်စလုံး ဒီကလေးနှစ်ယောက် တကယ် အမွှာညီအစ်မဟုတ်မဟုတ်ဆိုတာ ကလေးတွေရဲ့မူလဇစ်မြစ် အချက်အလက် စာရွက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးတာ လုပ်ခဲ့ပါတယ် ဒါပေမယ့် သူတို့ဆီမှာ ရှိတဲ့စာရွက်တွေမှာ ပါတဲ့အချက်အလက်တွေက မွေးတဲ့အမေနာမည်သာ တူပြီး အဖေ နာမည်မတူဘူး ဖြစ်နေလို့ သူတို့နှစ်ယောက်ကို အမွှာညီအစ်မ ဖြစ်ကြောင်း သက်သေမထူနိုင်ခဲ့ပါဘူး ပြီးတော့ အဲတုန်းက ဒီအင်အေ စစ်ဆေးတာတွေလည်း ခေတ်မစားသေးတော့ အဲမှာတင် ဇတ်လမ်းက ဆုံးသွားပါတယ်။ နောက်ပိုင်း နှစ်ဖက်သောမိဘတွေကလည်း အဆက်အသွယ်တွေ ပြတ်ကုန်ပါတယ်။ ဒါပေမယ့် မိဘတွေက သူတို့နှစ်ယောက် ငယ်ငယ်လေးမှာ ဒီအကြောင်းတော့ ပြောပြဖြစ်ခဲ့ပါတယ်။ သို့သော်လည်း ငယ်တုန်းမှာ ကြားထားဖူးတဲ့ဟာ ကြီးလာတော့ သူတို့လည်း မေ့ကုန်ပါတယ်။

ဒီလိုနဲ့ နေလာလိုက်တာ 'ဖော့' ဟာ အိမ်ထောင်ကျသွားပြီး မိသားစုနဲ့ ဖြစ်လာတဲ့အခါ သူမ မွေးစားခံခဲ့ရတဲ့အကြောင်းတွေကို ပြန်တွေးဖြစ်ခဲ့ပြီး.. သူမ မိဘတွေကို ငယ်တုန်းက အကြောင်းတွေ ပြန်မေးမိပါတယ်...  အဲဒီမှာ 'ဖော့' မိဘတွေက သူတို့နှစ်ယောက် အကြောင်းကို ပြန်ပြောပြတော့ 'ဖော့' လည်း အမွှာညီအစ်မ အကြောင်း ပြန်သတိရသွားပြီး ညီအစ်မ ဖြစ်နိုင်ချေရှိတဲ့ 'ဘက်မန်း' ကို ရှာပုံတော်ဖွင့်ဖို့ ကြိုးစားပါတော့တယ်။ သူမအရင်ဆုံး ရှာတဲ့နေရာက ဘယ်နေရာလို့ ထင်ပါသလဲ... ဟုတ်ပါတယ်... ဖေ့ဘွတ်မှာပါ။ 'ဘက်မန်း' နာမည်နဲ့ အင်ဒိုနီးရှားမှ မွေးစားခံခဲ့ရတဲ့ ကလေးများ ကွန်ရက်ကနေတဆင့် ရှာလိုက်တဲ့အခါမှာ တန်းတန်းမတ်မတ်ပဲ တွေ့ပါတော့တယ်။

 (Emilie Falk) နဲ့ လင်ဘက်မန်း(Lin Backman)
(Photo via)

တွေ့တွေ့ချင်း 'ဖော့' ဟာ 'ဘက်မန်း' ဆီကို အကျိုးအကြောင်း မက်ဆေ့ပို့လိုက်ပါတယ်။ မက်ဆေ့ထဲမှာ သူမရဲ့ မွေးနေ့ဟာ မတ်လ ၁၈ရက် ၁၉၈၃ဖြစ်ကြောင်း သူမရဲ့မွေးမိခင်ဟာ 'ဆာမာရက်' က 'မာရတီ' ဖြစ်ကြောင်း ပြောလိုက်တာမှာ 'ဘက်မန်း' က မကြာမှီမှာပဲ သူ့မရဲ့မွေးနေ့ဟာလည်း အဲဒီနေ့ဖြစ်ကြောင်းနဲ့ မွေးမိခင်ရဲ့နေတဲ့အရပ်နဲ့ နာမည်ဟာလည်း အတူတူဖြစ်ကြောင်း အကြောင်းပြန်လာပါတယ်။ ဆိုတော့ သူမတို့နှစ်ယောက်ဟာ နောက်ဆုံး ဒီအင်အေစစ်ဖို့ လုပ်ခဲ့ပြီး အပေါ်ကပြောတဲ့အတိုင်း ဒီအင်အေက အမွှာညီအစ်မဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။

နောက်ထပ်အံ့သြစရာကောင်းတဲ့ သူမတို့ နှစ်ယောက်ရဲ့တူညီမှုတွေကတော့

- သူမတို့နှစ်ယောက်လုံး ဆွီဒင်နိုင်ငံ တောင်ဘက်အစွန်မှာ နေထိုင်ကြပြီး နှစ်ယောက် နေထိုင်တဲ့နေရာဟာ ကီလိုမီတာ ၄၀ခန့်သာ ကွာဝေးပါတယ်။
- သူမတို့နှစ်ယောက်လုံး ဆရာမတွေ ဖြစ်နေကြတယ်။
- သူမတို့နှစ်ယောက် မဂ်လာဆောင်တဲ့ရက် တူပြီး တစ်နှစ်သာခြားပါတယ်။
- နှစ်ယောက်စလုံး မဂ်လာဆောင်မှာ ကခဲ့တဲ့ သီချင်းက Lifehouse ရဲ့ You and Me သီချင်းပါတဲ့

အခုတော့ သူမတို့နှစ်ယောက် သူတို့ရဲ့ မွေးမိဘများကို အင်ဒိုနီးရှားမှာ သွားရောက်ရှာဖွေဖို့ လုပ်နေကြပြီး ထပ်မံစုံစမ်းပြီး ရလာတဲ့အချက်အလက်အရ သူမတို့ရဲ့ အဖေဟာ တက္ကစီမောင်းသမား တစ်ယောက်ဖြစ်ကြောင်း သိထားရပါတယ်။ အဲဒီမှာ 'ဖော့' က တက္ကစီဆရာဆိုတော့ ဟို တက္ကစီဆရာပဲ ဖြစ်နေမလားဆိုတာ တော်တော်သိချင်နေမိပါတယ်။

'ညီအစ်မနှစ်ယောက် အခုထက်စောပြီး တွေ့ရင် ပိုပျော်မလား' လို့ အေအက်ဖ်ပီ သတင်းဌါနက မေးရာမှာ 'ဖော့' က 'အဲဒါတွေကို တွေးပြီး ၀မ်းနည်းနေမဲ့အစား အခုတွေ့ရတာကိုပဲ ၀မ်းသာပျော်ရွှင်မိပါတယ်' လို့ ပြန်ပြောပါတယ်' တဲ့

သူမတို့နှစ်ယောက်ဟာ Non-Identical Twin လို့ ပြောပါတယ်။ Identical Twin နဲ့ Non-Identical Twin ကွားခြားချက်ကတော့

- Identical Twin ဟာ အမိရဲ့ မျိုးဥတစ်ခုထဲကနေ ကလေးနှစ်ယောက်ဖြစ်လာတာ ဖြစ်ပြီး
- Non-Identical Twin အမိမျိုးဥ နှစ်လုံးကနေ မျိုးအောင်ပြီး ကလေးနှစ်ယောက် ဖြစ်လာတာပါ...

လို့ မှတ်သား ဖတ်ရှုရပါတယ်။ အမှတ်မှားပါက စာဖတ်သူများ ပြင်ဆင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်ကတော့ အမြွှာဖြစ်ပေမယ့် ပုံသဏ္ဍန်မတူလို့ ပုံသဏ္ဍန်မတူတဲ့ အမြွှာလို့ ဘာသာပြန်လိုက်ပါတယ် ခင်ဗျာ...

News Source
http://news.xin.msn.com/en/weird/article.aspx?cp-documentid=5830493

3 comments:

  1. တိုက်ဆိုင်ပုံတွေက အံ့သြစရာပဲ

    ReplyDelete
  2. လောကကြီးက ဆန်းကြယ်သား

    ReplyDelete
  3. ထူးထူး ဆန်းဆန်းနဲ့
    တိုက်ဆိုင်လိုက်ပုံများ

    ReplyDelete