Thursday, September 29, 2011

အိုင်ဖုန်း ၅ (iPhone 5) တကယ် လာတော့မည်လော


လာမည့် အောက်တိုဘာလ ၄ရက်နေ့မှာ ကျင်းပမယ့် Apple ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ရေး အခမ်းအနားအတွက် တရားဝင်ပေးပို့တဲ့ Let's Talk iPhone ဆိုတဲ့ ဖိတ်စာထဲမှာပါတဲ့ (ပုံပါ) ပုံစံကြောင့် ကာလရှည်ကြာ ကောလဟာလ ဖြစ်နေတဲ့ Apple iPhone မျိုးဆက်သစ် iPhone 5 ကို စတင်မိတ်ဆက်တော့မယ် ဆိုတဲ့ သတင်းဟာ ပိုပြီး ခိုင်မာမှု ဖြစ်လာပါတယ်။

ဒီပွဲမှာ အိုင်ဖုန်း တစ်မျိုးမက မိတ်ဆက်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အိုင်ပတ် (iPad) အတွက် တရားဝင် Facbook Apps တစ်ခုကိုလည်း မိတ်ဆက်ဖို့ ရှိပါတယ်။ ထပ်ပြီးထူးခြားတာက အခုလိုပွဲမျိုးကို ခါတိုင်း ဆန်ဖရန်စစ်စကိုမှာ ကျင်းပလေ့ရှိပေမယ့် ခုကတော့ ကပ်ပါတင်နို (Cupertino) မှာရှိတဲ့ Apple campus ထဲမှာပဲ ကျင်းပမယ်လို့ ဖိတ်စာထဲမှာ ဖော်ပြထားပါတယ်။

တချို့သတင်းတွေမှာတော့ အိုင်ဖုန်း ၅ကို အောက်တိုဘာလ ၄ရက်နေ့မှာ စတင်မိတ်ဆက်ပြီး အောက်တိုဘာ ၁၄ရက်နေ့ကစပြီး အမေရိကန်၊ အဂ်လန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဂျပန်တို့မှာ စတင်ရောင်းချမယ်လို့ ဆိုနေကြပါတယ်။

ဘာပဲပြောပြော တစ်နှစ်ကို အိုင်ဖုန်း အသစ်တစ်ခု ထုတ်နေကျ ပန်းသီးကုမ္ပဏီက ဒီနှစ်မှာလည်း နောက်ထပ်အသစ် တစ်ခု ထွက်ဖို့ အချိန်တန်နေပြီဆိုတော့ အိုင်ဖုန်း ၅ထွက်ဖို့က သေချာသလောက် ဖြစ်နေပြီ ထင်ပါတယ်။ အိုင်ကြိုက်သူများ ၀မ်းသာစရာ သတင်းပါပဲ...

ဒါ့အပြင် ပန်းသီးရဲ့ မူရင်းစီအီးအိုကြီး စတိပ်ဂျော့ နားသွားပြီဖြစ်လို့ အိုင်ဖုန်းအသစ်ကို မိတ်ဆက်မယ့်လူက စီအီးအိုအသစ် တင်ကွတ် (Tim Cook) ဖြစ်မှာမို့ မိတ်ဆက်ပွဲ စင်ပေါ်မှာ စတိပ်ဂျော့လို စွဲဆောင်မှု ရှိရှိ သရုပ်ဆောင်နိုင်မလား ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ....

source

Thursday, September 22, 2011

ကျွန်တော်နဲ့ များတို့ ရဲ့ ဇတ်သိမ်း

အချိန်ကား ညနေ နေရီဝင်တရော ညီအစ်ကို မသိတသိ အချိန်....

နေရာကား ရန်ကုန်မြို့ ဘုရင့်နောင်လမ်းဆုံ ဘတ်စ်ကားဂိတ်....

ကျွန်တော်ကား အိမ်သို့ ပြန်ရန် မြို့ထဲဘက်သွားမည့် ဘတ်စ်ကားများကို စောင့်ဆိုင်းနေသည်။ ဘတ်စ်ကားများမှာ အလုပ်ဆင်းချိန် ဖြစ်သဖြင့် မြို့ထဲကပြန်လာသည့် ကားများသာ ပေါပြီး.. မြို့ထဲသွားမည့် ကားများမှာ တော်တော်ကြာမှ တစ်စီးလာသည်။ လာသည့် ကားများမှာလည်း အလွန်ကို တိုးကျပ်လျှက် ကားပေါ် တက်လို့မရနိုင်အောင် ရှိနေသည်။ ကျပ်နေသည့် ကားတွေကလည်း မှတ်တိုင်မှာ မရပ်တော့... မိုးချူပ်စပြုနေပြီ... ဖြစ်၍ ဗိုက်ကလည်း ဆာလှပြီ.... အိမ်သို့ မြန်မြန်ပြန်ရောက်ချင်နေမိသည်။ ကားခပေးရန် ပိုက်ဆံကိုလည်း လက်၌အသင့်ကိုင်ထားပြီး ဘယ်ဘက်ကို အသာကုန် ငေးနေမိသည်။ စီးရမည့် ခရီးမှာ သိပ်တော့မဝေးလှ... ၇ မှတ်တိုင်လောက်ပဲ ရှိသည်။

ခဏအကြာ ဒိုင်နာကားတစ်စီး ဆိုက်လာသည်။ ထုံးစံအတိုင်း ကားက ကျပ်နေပြန်သည်။ အဆင်းခရီးသည် နှစ်ယောက်လောက်သာ ဆင်းလာသည်။ ထိုလူနှစ်ယောက်စာတွင် နေရာရှိမည်ဟု ထင်ကာ ပြေးတက်ရန်ကြံရွယ်ကာ ရှိသေးသည် လူတစ်ယောက်... အဝေးက ပြေးလာပြီး ကားခြေနင်းပေါ် ခုန်တက် ခေါင်မိုးတန်းကိုင်ကာ တွယ်လိုက်သည်နှင့် တပြိုင်နက် 'မောင်း ဆရာ' ဆိုသည့် စံပယ်ယာ အသံနဲ့ အတူ ကားမှာ မောင်းထွက်သွားလေသည်။ 'ဟာ' သွားပြန်ပြီး... ချီတုံချတုံ ဖြစ်မိသည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိသည်။ သို့သော် ဒိုင်နာကားကို တွယ်စီးရမည့်မှာ ချောင်တော့မချောင် သိပ်မစီးရဲလို့လည်း ပါတယ်။ ရှိစေတော့ နောက်ကားထပ်စောင့်မည်...

ဘတ်စကား မှတ်တိုင်ဘက် ပြန်လှည့်ကြည့်လိုက်တော့ ထူးဆန်းတာကြောင့် 'ဟိုက်' ဟုယောင်ပြီး တလိုက်မိသည်။ အခုနက မှတ်တိုင်မှာ လူတွေ သုံးလေးယောက်ခန့် ရှိသည်။ အခု ဘယ်သူမရှိတော့.. ဘယ်ရောက်သွားမှန်းလည်း မသိ... အမိုးလေးနဲ့ ကားမှတ်တိုင်မှာလည်း မှောင်လို့နေသည်... အခုနက နေအလင်းရောင်နည်းနည်း ရှိလို့ သိပ်မသိသာတာ.. အခုက မိုးလုံးလုံးချူပ်တော့ မှတ်တိုင်မှာ မီးမရှိမှန်း သိသာသွားသည်။ လမ်းဆုံ မီးပွိုင့်နားက လမ်းမီးတိုင်ကြောင့်သာ မြင်ရုံလေး အလင်းရောင် နည်းနည်းရနေသည်။ အမှန် ကျွန်တော်က သည်မှတ်တိုင်မှာ ကားစီးလေ့ စီးထမရှိပါ။ သည်နေ့မှသာ အလုပ်ကိစ္စတစ်ခုကြောင့် ဒီနားကို လာရခြင်းဖြစ်သည်။

ဖူး....  သက်ပြင်းချကာ ဘယ်ဘက်သို့ ငေးရပြန်သည်....

အဲဒီမှာ တွေ့လိုက်ရသည့် မြင်တွင်းကြောင့် တစ်ခုကို သဘောပေါက်သွားသည် ခုန ဒီမှတ်တိုင်က လူသုံးလေးယောက်မှာ တကယ်တမ်း မလှမ်းမကမ်းက ဓါတ်တိုင်နားမှာ သွား၍ ဘတ်စ်ကား သွားတား နေကြသည်။ အဲဒီမှာ သူတို့ချည်းပဲမဟုတ် တခြားလူတွေလည်း ရောက်လာနေကြသည်။ ကျွန်တော့်မှာ အကြီးအကျယ် စိတ်ပျက်မိသည်.. ကျွန်တော်ကိုယ်တိုင် ထိုသို့မလုပ်ချင် ရှိစေတော့ .. ဒီမှတ်တိုင်မှာ ဆင်းမယ့်သူရှိတဲ့ ကားတစ်စီးစီးတော့ လာရပ်မှာပဲဟု တွေးကာ မှတ်တိုင်မှာပဲ ဆက်ရပ်နေသည်... ဘယ်ကားစီးစီး ရောက်မှာမို့လို့ တော်သေးသည်။ လူတွေ တော်တော်ခက်တာပဲဟု တွေးနေမိသည်။

ထိုသို့ မသိသာပဲ အတွေး နယ်ကျွံနေမိစဉ်.... ခေါ်သံတစ်ခုလိုလို ကြားရသည်....

'အကိုကြီး......'

'ဟင်'

ကျွန်တော့်မှာ ဆွဲဆွဲငင်ငင်နှင့် ခေါ်သံကြားလို့သာ ယောင်ပြီးတော့ 'ဟင်' လိုက်မိသည်... ဘယ်သူခေါ်မှန်းမသိ... ဒီမှတ်တိုင်မှာ တစ်ယောက်တည်း ဖြစ်နေတော့ ကိုယ့်ကို ခေါ်တယ်ဆိုတာတော့ သေချာသည်... ဘယ်သူပါလိမ့် ဆိုကာ လှည့်ကြည့်လိုက်မိသည်....

'ဟိုက် ပလုပ်တုတ်....'

ကျွန်တော့မှာ ယောင်ယမ်းပြီး ထခုန်မိမတတ်လန့်သွားသည်။

ဟို...  သူ...သူ..... သူ..များ...

ကျွန်တော့နောက်မှာ ဘယ်အချိန်ကတည်းက မှန်းမသိ ရောက်နေသော... လက်လက်တောက် အဲ 'များ' တစ်ယောက်... တစ်ကိုယ်လုံး ၀တ်ထားသည်မှာ လက်လက်တောက် အသားကာ တော်တော်ညိုပြီး ခန္ဓာကိုယ်တောင့်တောင့် ဆံပင်အရှည်ကို အုံချထားကာ ရဲရဲတောက် ဆိုးထားသော နှုတ်ခမ်းနီနှင့် ပြုံးဖြီးဖြီး လုပ်နေပုံမှာ ရုတ်တရက်ကြည့်မိလျှင် လိပ်ပြာလွင့်လို့ ဒီနေရာမှာတင် ကိစ္စချောနိုင်သည်...

သူ့ကို လှည့်ကြည့်တယ်ဆိုတော့ ခုနလိုပင်.. ထပ်ခေါ်ပြန်သည်...

'အကိုကြီး...'

'ဘာတုန်း...'

အဲလဲ့... ကိုယ်တောင် ယောင်ပြီး အလိုက်.... လိုက်ထူးမိသည်... ဇတ်လမ်းကစပြန်ပြီ... ဟိုတခါက အနာဟောင်းကို ချက်ချင်း ပြန်သတိရမိသည်.... ဗိုက်ကဆာ အိမ်ကိုလည်း မြန်မြန်ပြန်ချင်နေရတဲ့ကြားထဲ  ငါနှယ် ကြုံရပြန်လေခြင်းဟုဆိုကာ... ဒေါသတွေ ထွက်လာသည်....  စိတ်ကိုပြန်ထိန်းကာ ဘာမှ ဆက်မပြောဘဲ ကိုယ်ကို ပြန်လှည့်လိုက်တယ်....

'အကိုကြီး...' စိတ်ကို ထိန်းထားသည်... လုံးဝ လှည့်မကြည့်...

'ပြန်မလို့ ကားစောင့်နေတာလား' 'မပူနဲ့ ကားလာလိမ့်မယ်... အဟင်း ဟင်း ဟင့်'  သူအသံကြောင့် ကျောထဲကပင် ယားလာသလိုလို....

'အကိုကြီး... မုန့်ပါလား'.... ဟာ ဒေါသက ထောင်းကနဲ ထွက်သွားသည်...

'မပါဘူး'.... ငါ အပြတ်ပြောမှ ဖြစ်ချေတော့မည်....

'ဟာ အကိုကြီးကလဲ... ညှီမလေးက ဗိုက်ဆာလို့ပါ... အကိုကြီးရော... ဗိုက်ဆာဘူးလား'.....

'တောက်... ဆာတယ်.. အဲ ဆာဘူး... မဆာဘူး'.... တောက် ဒေါသအထွက်လွန်ပြီး ယောင်တောင်ပြောမိ နေပြန်ပြီ

'အကိုကြီး... ညီမလေးကို... မုန့်ဝယ်ကျွေး...'

'အား... ပိုက်ဆံမပါဘူးကွ... ငါ့ဟာငါတောင် ၀ယ်မစားနိုင်ဘူး.....'

'အာ.... အကိုကြီးကလည်း... လက်ထဲမှာ ပိုက်ဆံကိုင်ထားရက်နဲ့... ဒီလိုလုပ် မုန့်တစ်ခုဝယ်ပြီး.. တစ်ယောက်တစ်ဝက် စားမယ်လေ... လေ... နော်...'

အာ... ဒုက္ခတော့များပြီ... ငါတစ်ယောက်တည်း ဒီမှာ ဒုက္ခပဲ... သူကိုတော့ ဘာမှ ပြန်မပြောမိ... သူကတော့... စလင်းဘတ်လေးကို ကိုင်ကာ.. စိတ်ကောက်သလို ခြေထောက်ပင်ဆောင့်နေသေးတယ်... တကယ့် ဒုက္ခ

ထိုအချိန်တွင် ရုတ်တရက်

'ဟာ မေခလာ လာပြီ... အဲ ကားလာပြီး...'

ကျွန်တော့်မှာ တော်တော်ပျော်သွားသည်... ဘတ်စကားမှာ... ဓါတ်တိုင်မှာ တားနေတဲ့ သူတွေဆီ မရပ်ဘဲ မှတ်တိုင်ရှေ့ တည့်တည့် လာရပ်လေသည်... ထင်တဲ့အတိုင်း ကားပေါ်က လူတစ်ချို့ ဆင်းလာသည်...  ကားစပယ်ယာကာ တက်မယ့်သူ ရှိမှန်းသိလို့... လမ်း ၃၀... ဆူးလေ... မြို့တော်ခန်းမ... လာလာ လာ.. အကုန်ရောက်တယ်.. အာသားကုန်အော်နေသည်... ကျွန်တော်ကား...လာပြီး.. လာပြီး လွတ်ပြီး လွတ်ပြီး ဟု စိတ်ထဲမှာ ပြောကာ... ခြေလှမ်း ကျဲကျဲနဲ့ ပြေးပြီး ကားပေါ်ခုန်တက်ရန်... ကြံလေတော့သည်....

သို့သော်... ကျွန်တော့်မှာ ရုတ်တရက် ကားဘရိတ်ဆောင့်အုပ်ခံရသလို ခြေလှမ်းများ တန့်သွားရသည်... တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဆောင့်ဆွဲလိုက်ခြင်း ဖြစ်သည်... ကားပေါ်မှ ကားစပယ်ယာမှာ ကျွန်တော့်ကို ပါးစပ်ဟကာ အံ့သြသလို ကြည့်နေသည်ကို တွေ့ရသည်။ ကျွန်တော့်မှာ ထပ်ပြီး ရုန်းကြည့်သည်... မရ... ထိုအချိန်မှာပဲ... ကားစပယ်ယာက...

'ဆရာရေ... သူများတို့က အကိုကြီးကို အိမ်ပြန်မလွှတ်ချင် သေးဘူး... မောင်း'

ဟု အော်ကာ... ဘတ်စ်ကားမှာလည်း ၀ူးကနဲ ထွက်သွားလေသည်။ နေဦး... လို့ပင် ပြောချိန်မရလိုက်.....

ကျွန်တော့် ဒေါသမှာ အထွဋ်အထိပ်သို့ပင် ရောက်သွားပြီး... ပြန်လှည့်ကာ...

'ဟေ့... ဟေ့... ကေ ကာင်'

ကျွန်တော် အော်ဖို့ကြံသည့် စကားမှာ အစမှာပင် ရပ်ပြီ မှင်သက် သွားမိသည်... ကျွန်တော့်လက်ကို ဆွဲထားသည်မှာ... ခုနက သူ... မဟုတ်တော့... 'များ' ...  'များ' ... နောက် 'များ' တစ်ယောက်...

'ဟေ့... ချာတိတ်'

ကျွန်တော့်မှာ ဘာပြန်ပြောရတော့မှန်း မသိသလို... ကြောက်ဒူးပါတုန်ချင်လာသည်... ကျွန်တော့်လက်ကို နောက်ကဆွဲထားသည့် 'များ' မှာ... ခုနဘေးမှာ ရပ်နေသည့် 'များ' ထက် နှစ်ဆပိုကြီးလေသည်... စကတ်အတို... အင်္ကျီလက်ပြတ် ၀တ်ထားသည့်အတွက် တောင့်တင်းသည့် ပေါင်လုံး... ကြီးမားသည့် လက်မောင်းအိုးများကို မြင်နေရသည်မှာ ... ကျွန်တော့်ကို တော်တော် သိမ်ငယ်သွားစေသည်.... ပိုလည်းကြောက်လာသည်... မှောင်မှောင်ထဲမှာ သူတို့ကိုတောင် မြင်ရတာတောင် မသဲကွဲတော့....

'ဘာဖြစ်လို့ အတင်း ပြန်ချင်နေရတုန်း အစောကြီး ရှိသေးတယ်' ... 'ဒီကိုလာပြီးမှ ဒို့တွေနဲ့ ပျော်ပျော်ပါးပါးပေါ့'

ဘုရား ဘုရား.... ဒို့တွေနဲ့ ဒို့တွေနဲ့တဲ့... ဟုတ်ပါသည်... ခုမှ ဘေးဘီဝဲယာကို ကြည့်မိတော့သည်။ 'များ' တို့မှာ နှစ်ယောက်ပင် မဟုတ်ချေ... ဘယ်နှစ်ယောက်မှန်းတောင် မသိ ဟိုတောင့်လေး.. ဒီတိုင်လေးတွေမှာ ဟော 'များ' တစ်ယောက် ဟော 'များ' တစ်ယောက်ဆိုသလို ကိုယ်စီ ကိုယ်စီ ကိုယ်စတိုင်နဲ့ကိုယ် ပို့စ်တွေပင် ပေးနေကြသည်.... ခုမှ သဘောပေါက်လာသည်... ဒီနေရာကာ 'များ' တို့ ကျက်စားရာ နေရာ ဖြစ်နိုင်သည်... ထို့ကြောင့် ခုနက မှတ်တိုင်မှ လူများ မိုးချူပ်လာသည်နှင့် ဓါတ်တိုင်အောက်ကို ရွှေ့သွားကြခြင်း ဖြစ်နိုင်သည်။ နောက်ထပ်လည်း ဒီမှတ်တိုင်ကို လူတွေ မလာကြာတော့... ဒီအတွက်ကြောင့် ဒီမှတ်တိုင်မှာလည်း မီးမရှိ ဖြစ်နေခြင်းပင် ဖြစ်သည်...  သေချာပြီ...

ထိုသို့ အတွေးတွေက ကျဉ်းထဲကျပ်ထဲရောက်မှ ချက်ချင်းဆိုသလို ၀င်လာကာ အခြေအနေမှန်ကို သဘောပေါက်တော့သည်။ အဓိကတွေးရသည်မှာ... ဒီနေရာက ဘယ်လို ပြန်ထွက်ရမည်လဲ... လက်မောင်းဆွဲထားသည့် သူကလည်း မလွှတ်တမ်းဆွဲထားသည်... ရှေ့မှာကလည်း နှုတ်ခမ်းကြီးဆူကာ.. လူကို ထုတ်ဆီးတိုးသလို ကာထားတဲ့ သူကလည်း ကာထားသည်... ဘေးပတ်ပတ်လည်မှာလဲ သားကောင်ကို ၀ိုင်းထားသည့် မုဆိုးတွေလို မျက်တောင် တချက်မခတ်ပဲ လူကို ၀ိုင်းကြည့်နေကြသည်။

ကျွန်တော့်မှာ... ပထမတော့ ဒေါသထွက်... နောက်တော့... ကြောက်လာ...  အခုတော့ တော်တော်လေးကို ၀မ်းနည်းလာပြီး... မျက်ရည်များပင်... ၀ဲလာသည်.... ဗိုက်ဆာနေတာကလည်း ဘယ်ရောက်သွားမှန်းမသိ... ဒီလိုနေရင်း... သူငယ်ချင်းတွေ ပြောတတ်ကျတဲ့ စကားကို နားထဲကြားယောင်လာသည်....

'ဟဲ့ကောင် မင်းသတိထား သူတို့က နှစ်ဖက်ချွန်တွေကွ'

တွေးကြည့်ရင်း ကျောထဲစိမ့်လာသည်.... ငါ့ဘ၀ပျက်တော့မည်လား...  မဖြစ်ရဘူး... လုံးဝ မဖြစ်ရဘူး ဆုံးဖြတ်ချက်တစ်ခု ပိုင်ပိုင်နိုင်နိုင်ချမှ ဖြစ်တော့မည်။ စဉ်းစားသည်... စဉ်းစားသည်... ထိုအချိန်တွေက တစ်စက္ကန့်ကို တစ်ကမ္ဘာလောက်ကြာသည်ဆိုသည့် စကားလို ဖြစ်လာသည်... ကျွန်တော်တို့ကြားမှာလဲ အသံတွေ တိတ်ဆိတ်နေချက်မှာ... မျက်ရည်ဝဲတာနဲ့အတူ ကျလာသည့် နှပ်ကို ပြန်ရှုံ့သည့် အသံသည်ပင်လျှင် တော်တော်ကျယ်သွားသလို ခံစားရသည်... အားလုံးမှာ ကျောက်ရုပ်တွေအလား....

အင်းးးးး... သိပြီ... အတွေးထဲ လက်ခနဲ တချက်ဖြစ်သွားသည်... ဘယ်လိုဖြစ်ဖြစ်... ဤနည်းကို အသုံးပြုမှ ဖြစ်တော့မည်... ချက်ချင်းဆိုသလိုပင် လက်မောင်းကိုဆွဲထားသည့်ကြားက ကိုယ်ကို အနည်းငယ်လှည့်ကာ မျက်လုံးကို ကစားလိုက်သည်... တွေ့ပြီး ဟိုမှာ ဒိုင်နာဘတ်စ်ကား တစ်စီး မီးပွိုင့်ကို လွတ်ရန် ဟိုဖက်ကနေ အရှိန်မလျှော့ဘဲ အသားကုန်မောင်းလာသည်... ဘယ်မှာမှ ရပ်ပုံမရသည့်ကား..  ထိုအခိုက်... ကျွန်တော်ကိုယ်တိုင်ပင် အသံထွက်လိုက်လား မထွက်လိုက်လား မသိ... ပြေး.. ဆိုတာနဲ့အတူ... အသားကုန်ရုန်းကာ ရှေ့နားက ဓါတ်တိုင်ကိုကျော်သည်အထိ ထပ်ဆွဲနေသည့်ကြား ရုန်းထွက် ပြေးသွားလိုက်ပြီး လမ်းမပေါ်ကို တက်လိုက်သည်...  ပြီးတော့ လက်ကို အသားကုန်ဆန့်တန်းကာ.... ကားပေါ်ကို လက်ချိတ်ပြီး ခုန်တက်မည့်ဟန် စပယ်ယာကို အချက်ပြလိုက်သည်... ဓါတ်တိုင်မှာ ဘတ်စ်ကားစောင့်နေကြသည့် လူတွေမှာ ကျွန်တော့်ကို ဘုကြည့်ကြည့်ကုန်ကြသည်... စပယ်ယာကလည်း သဘောပေါက်ပြီး လက်တဖက်ကို ဆန့်ပြီး ကမ်းပေးလာသည်... ဒီတစ်ခါတော့ စပယ်ယာဟာ တကယ့် မေခလာပင် ဖြစ်တော့သည်... ကားက အနားကို ရောက်သည်နှင့် စပယ်ယာလက်ကို ချိတ်လိုက်ပြီး ခြေနင်းခုံပေါ် ခုန်တက်လိုက်သည်... အခုနက ချီတုံချတုံ ဖြစ်ခဲ့သလောက် ခုကား လုံးဝကို တချက်ဆို တချက်မှ မတွန့်တောချေ...

ဘတ်စ်ကားမှာ 'များ' တို့ရှိရာနေရာကို ကျော်နေပြီး... သူတို့လည်း ကျွန်တော့်ကို မြင်သွားပြီး ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြသည်... ကျွန်တော့်ကလည်း အားကျမခံ ဂုဏ်ယူဝံ့ကြွားစွာ ငိုမဲ့မဲ့မျက်နှာဖြင့် သူတို့တွေ အားလုံးကို သိမ်းကြုံးပြီး ကြည့်ပစ်လိုက်သည်.... သူတို့ကို ကျော်သွားပြီ.... ထိုအချိန်ကျမှ ကျွန်တော့်မှာ ဒီတစ်ခါလောက် လွတ်မြောက်တဲ့ အရသာကို ခံစားဖူးသည် မရှိခဲ့သလို ရင်ထဲမှာ ပေါ့ပါးစွာ ခံစားလိုက်ရသည်...

ဘတ်စ်ကားမှာ နောက်တစ်မှတ်တိုင်ကိုရောက်ပြီး... ရပ်တော့မှ စပယ်ယာကို ပိုက်ဆံကမ်းလိုက်သည်။ ပြီးတော့... လက်နှစ်ဖက်စလုံးဖြင့် မျက်ရည်တွေရော နှပ်ရည်တွေရော စင်သွားအောင် မျက်နှာကို သိမ်းကြုံးကာ ပွတ်သပ် သုတ်လိုက်ပြီး အဲဒီအချိန်မှာ... အတောင့်တဆုံးအရာတစ်ခုကို ဆုတောင်းလိုက်လေသည်....

'ကျွန်တော်နဲ့ 'များ' တို့ရဲ့ ဇတ်လမ်း ဤနေရာတွင်ပင် လုံးဝဥုသုံ ဇတ်သိမ်းပါစေ' ဟူ၍........... သတည်း....

Tuesday, September 20, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Gain City Expo Sale



Date: 23 – 25 September 2011
Time: 11am – 10pm
Venue: Singapore Expo Hall 5B

ဒါတွေကို သင်သိရဲ့လား - ၅

- WAS IT A CAR OR A CAT I SAW ဆိုတဲ့စကားလုံးကို ပြောင်းပြန်လှန်ပြီး ပြန်စီဖတ်ကြည့်လိုက်ရင်...

- Stressed ဆိုတဲ့ စာလုံးကိုလည်း ပြောင်းပြန်လှန်ပြီး ဖတ်ကြည့်ရင်...

- ဒိန်းမတ်စကားလုံး svangerskabsforebyggendemiddel ကို Google Translate မှာ အဂ်လိပ်လို
  ဘာသာပြန်ကြည့်လိုက်ရင်

- "The quick brown fox jumps over a lazy dog" ဆိုတဲ့ စာကြောင်းဟာ အဂ်လိပ် အက္ခရာ
  အားလုံးပါဝင်တဲ့ စာကြောင်း ဖြစ်တယ်။

- "သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ်ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် 
  အဓိဋ္ဌာန်လျက် ဂဃနဏ ဖတ်ခဲ့သည်" ဆိုတဲ့ စာကြောင်းဟာ မြန်မာအက္ခရာများ အားလုံး ပါဝင်တဲ့
  စာကြောင်း ဖြစ်တယ်။

- အပေါ်နှစ်ခုက စာကြောင်းနှစ်ကြောင်းလို စာကြောင်းတွေကို စာရိုက်ခြင်းနဲ့ဆိုင်တဲ့ စက်ပစ္စည်းပြုလုပ်မှု၊ စာလုံးပုံစံ ရေးဆွဲမှု (Font)၊ စာပန်းချီ ရေးသားမှု တို့ရဲ့စမ်းသပ်မှုတွေမှာ အသုံးပြုပြီး ဒါကို Pangram လို့ခေါ်ပါတယ်။ ဘာသာစကားမျိုးစုံတို့ရဲ့ Pangram (List_of_pangrams)

- Pneumonoultramicroscopicsilicovolcanoconiosis ဆိုတဲ့ စာလုံးဟာ အရှည်ဆုံး အင်္ဂလိပ် စာလုံးဖြစ်ပြီး အဓိပ္ပါယ်မှာ 'အလွန်ချောမွေ့တဲ့ဖုန်အမှုန့်ကို ရှုရှိုက်မိတာနဲ့ အဆုတ်ဖူးရောင်တတ်တဲ့ အဆုတ်ရောဂါ' ဖြစ်ပါတယ်။

ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၅

စာအုပ်အမည်                  -  ၂၁ရာစု လူမှုဝေါဟာရများ (၆)

စာရေးဆရာ                    -  မောင်ဆုရှင်

စာအုပ်အမျိုးအစား            -  ဆောင်းပါး

ထုတ်ဝေသည့် စာအုပ်တိုက်  - မြ၀တီစာပေတိုက်

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -


ဈေးနှုန်း                          -

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  အာကာသ အဘိဓာန်

စာရေးဆရာ                    -  နွေကိုတူး (ပခုက္ကူ)

စာအုပ်အမျိုးအစား            - အာကာသ၊ သိပ္ပံ၊ အဘိဓာန်

ထုတ်ဝေသည့် စာအုပ်တိုက် -  ရှင်မတောင်စာပေ

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -  အာကာသသိပ္ပံ၊ နက္ခတ္တဗေဒ၊ စကြာဝဠာဗေဒ၊ ရူပနက္ခတ္တဗေဒ၊
                                       အာကာသနည်းပညာ၊ အာကာသအတတ်ပညာ၊ လေကြောင်းအတတ်ပညာ စသည့် ဘာသာရပ်များနှင့် သက်ဆိုင်သော အင်္ဂလိပ်ဝေါဟာရများ၏ အနက်အဓိပ္ပါယ်၊ ရှင်းလင်းချက်၊ ဖွင့်ဆိုချက်များနှင့်အတူ နမူနာသုံး ၀ါကျများ၊ နေကြတ်ခြင်း၊ လကြတ်ခြင်း ဖြစ်ပေါ်ပုံအဆင့်ဆင့်နှင့် လဆန်း၊ လပြည့်၊ လဆုတ် ဖြစ်ပေါ်ပုံ ဖြစ်စဉ်နှင့် ဂြိုလ်များ အဘယ်ကြောင့် နောက်ပြန်သွားရကြောင်း ရှင်းလင်းချက်များ ပါဝင်သည်။ အာကာသွား ဒုံပျံအမျိုးအမျိုး၏ တည်ဆောက်ပုံ၊ လွှတ်တင်ပုံ၊ ဂြိုလ်တုများ၊ အာကာသလွန်းပြန်ယာဉ်များ၊ ဂြိုလ်ဆင်းယာဉ်များ၊ လူလိုက်ပါသည့် အာကာသယာဉ် မော်ကျူးများနှင့် များစွားသော အာကာသစခန်းကြီးများ အကြောင်း၊ အာကာသယာဉ်မှုးများအကြောင်းနှင့် အာကာသ ၀တ်စုံများအကြောင်း၊ မြေပြင် အခြေစိုက် နက္ခတာရာ လေ့လာစောင့်ကြည့်ရေး စခန်းများ၊ နက္ခတာရာ လေ့လာရေး မှန်ပြောင်းကြီးများ၊ ရေဒီယို တယ်လီစကုပ်ကြီးများ အကြောင်း၊ အာကာသ ဝေါဟာရဆိုင်ရာ အကြောင်းအချင်းရာ များကို သရုပ်ဖော်ပုံများ၊ ဓါတ်ပုံများ၊ ဇယားများနှင့် ရှင်းလင်းရေးသားထားသော ပုံပြ အဘိဓာန် စာအုပ်

စာအုပ် ဈေးနှုန်း                 -   ၆၀၀၀ကျပ်

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  ကာမေသု မိစ္ဆာစာရကံဆိုင်ရာ အမေးအဖြေများ

စာရေးဆရာ                    -   ပြည်ကျော်လွင် (ပညာရေး)

စာအုပ်အမျိုးအစား            -   ဘာသာရေး

ထုတ်ဝေသည့် စာအုပ်တိုက် -  ဒေါ်ညွန့်ဝေ စာအုပ်တိုက်

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ       - လူပျို၊ လူအိုအမျိုးသားများ၊ မိန်းမပျိုများ၊ ချစ်သူစုံတွဲများ၊ အိမ်ထောင်သည်
                                       ကျားနဲ့ မများ စသည်တို့အတွက် သိထားသင့်သော အမေးအဖြေများ၊ အပျို လူပျို ကျင့်စဉ်နှင့် ပရဒါရကံဆိုင်ရာ အမေးအဖြေများ

စာအုပ် ဈေးနှုန်း                 -  ၁၂၀၀ကျပ်

ရက်စွဲ                             -   ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  အစိမ်းရောင် အမွေအနှစ်

စာရေးဆရာ                    - ဂျူး

စာအုပ်အမျိုးအစား            -  သဘာဝပတ်ဝန်းကျင်၊ ထိန်းသိမ်းရေး ဆိုင်ရာ

ထုတ်ဝေသည့် စာအုပ်တိုက် -  ဂျူးစာပေ

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - သဘာဝပတ်ဝန်းကျင် ချစ်တဲ့သူဟာ၊ နိုင်ငံကို ချစ်တဲ့သူပဲ

စာအုပ် ဈေးနှုန်း                -

ရက်စွဲ                             - ၁၆.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  သခင်ကိုယ်တော်မှိုင်း နိဒါန်း


စာရေးဆရာ                    - လူထု ဦးလှ၊ ဆရာဇော်ဂျီ၊ ဦးဘဖေ၊ ဆရာမင်းသုဝဏ်တို့၏ ဆရာကြီး
                                      သခင်ကိုယ်တော်မှိုင်းနှင့် ပက်သက်သော ဟောပြောချက်များ

စာအုပ်အမျိုးအစား            -  ကဗျာ၊ ဆောင်းပါး


ထုတ်ဝေသည့် စာအုပ်တိုက် -  နှစ်ကာလများ စာပေတိုက်

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - စာပေလွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင်
                                      စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ကဗျာများ၊ လူထု ဦးလှ၊ ဆရာဇော်ဂျီ၊ ဦးဘဖေ၊ ဆရာမင်းသုဝဏ်တို့၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ပက်သက်သော ဟောပြောချက်များ စုစည်းမှု


စာအုပ် ဈေးနှုန်း                - ၁၅၀၀ကျပ်

ရက်စွဲ                             - ၁၃.၀၉.၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြပေးပါမည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်ပါသည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

Monday, September 19, 2011

အသက် ၁၁၃နှစ် ပြည့်တော့မည့် မြင်းမူမြို့က အဖွားဒေါ်ဖွားကြီး

(Photo via မြန်မာ့အလင်း)
 အသက် ၁၁၃နှစ် ရှိပြီဖြစ်တဲ့ အဖွားဒေါ်ဖွားကြီး

စက်တင်ဘာ ၁၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ အသက် ၁၁၃နှစ်ပြည့်ရန် နှစ်လသာလိုတော့သည့် မြင်းမူမြို့နယ်က အဖွားဒေါ်ဖွားကြီး ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် တွေ့ရပါတယ်။

အဖွားဒေါ်ဖွားကြီးဟာ မြန်မာသက္ကရာဇ် ၁၂၆၀ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက်နေ့မှာ မြင်းမူမြို့နယ် ပုလဲတန်း ကျေးရွာတွင် မွေးဖွားခဲ့ပြီး မှတ်ပုံတင်နံပါတ်မှာ MMU- 016272 ဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၅ရက်နေ့က အဖွား နေနေတဲ့ သူ့ရဲ့မြေး ဦးလှဌေး-ဒေါ်မြင့်ကြည်တို့၏ နေအိမ်မှာ  မြန်မာ့အလင်း သတင်းစာက  သွားရောက်တွေဆုံခဲ့တာပါ။

အဘွားဒေါ်ဖွားကြီးဟာ အရွယ်ကောင်းစဉ်ကတည်းက ငါပါးသီလကို စောင့်ထိန်းခဲ့ကြောင်း၊ ယခုလည်း (မြေး) ဦးပဉ္စင်းက ဥပုသ်နေ့တိုင်း ကြွရောက်လာပြီး ငါပါးသီလ လာပေးကြောင်း၊ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဘုရားရှိခိုးကြောင်း... မနက်စာအဖြစ် ထပ်တရာမုန့်ကို လက္ဘရည်နဲ့ စားကြောင်း၊ အဲဒီနောက် နာရီဝက်၊ တစ်နာရီအတွင်း တခြားလူတွေ လာကျွေးတာကို စားနိုင်သေးကြောင်း၊ နေ့လည်စာနဲ့ ညနေစာထမင်း စားတဲ့အခါ နို့ဆီဘူးတစ်ဘူးလောက် ကုန်အောင် အသာလေးစားနိုင်ကြောင်း၊ အဘွားအတွက် သီးသန့်ချက်ပေးရတာ မရှိဘဲ၊ တခြား မြေးမြစ်တွေစားတဲ့အတိုင်း စားနိုင်ကြောင်း၊ ကလေးတွေ စားတဲ့ မုန့်ပဲသရေစာတောင် အဖွားက စားနိုင်ပြီး ကလေးတွေတောင် ချောင်းဆိုးရင်ကြပ် ဖြစ်ပေမယ့် အဖွားက ဘယ်သောအခါမှ မဖြစ်ကြောင်း၊ နေထိုင်မကောင်းဖြစ်လို့ ဆရာဝန်ပင့်ပေးရတာလည်း မရှိကြောင်းနဲ့ မူးမောသလို ဖြစ်ပါက လူပျံတော် ပတ္တမြားဆေးကိုသာ သောက်ပြီး အင်္ဂလိပ်ဆေးကို ဘယ်သောအခါမှ မသောက်ကြောင်းကို အဖွားရဲ့ အတူနေမြေးများက ပြောပြပါတယ်။ အဖွားကို လွန်ခဲ့တဲ့ ၃နှစ်က ခေါင်းတုံးပေးထားတာတောင် အဖြူအမဲဆံပင်တွေက ရောနှောပြီး ထွက်နေသေးကြောင်း ဆိုပါတယ်။

အဖွားကို ပုလဲတန်း ကျေးရွာ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီက ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိပါတယ်။

အဘွားဒေါ်ဖွားကြီးမှာ သားသမီးလေးဦး မွေးဖွားခဲ့ရာမှာ ယခုအချိန် မြေး ၂၇ယောက်၊ မြစ် ၆၁ယောက်၊ တီ ၁၁ယောက်၊ တွတ် ၁ယောက် ရရှိနေပြီး ဖြစ်တယ်လို့ သိရကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

သတင်းဖတ်ပြီး သတင်းက သိပ်မပြည့်စုံသလို ခံစားရပါတယ်။ အဓိက အဖွားရဲ့ ခင်ပွန်းဘယ်သူလဲဆိုတာ မပါဘူး... နောက် သားသမီးတွေကော ရှိသေးရဲ့လား.. အဘွား ဘယ်အချိန်မှာ အိမ်ထောင်ကျလဲ... ဘာအလုပ်တွေ လုပ်ခဲ့လဲ စတာတွေ သိချင်လာတယ်။ အဖွားရဲ့ မွေးသက္ကရာဇ်အရဆို အဖွားက ခရစ်နှစ် ၁၈၉၈မှာ မွေးတာဆိုတော့ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်ပြီး ၁၀နှစ်တိတိအချိန် ပြီးတော့ အဖွားက ၁၉ရာစု၊ ၂၀ရာစုနဲ့ အခု ၂၁ရာစု .. ရာစုနှစ် သုံးခုကိုလည်း ဖြတ်သန်းခဲ့ဖူးတာပေါ့ .. ၂၀ရာစု ၀င်တဲ့အချိန် အဖွားက အသက် နှစ်နှစ်လောက် ရှိပြီ... အဲဒီလို ရာစုနှစ်တွေ ဖြတ်သန်းခဲ့တဲ့ အဖွားဆီက သူကြုံခဲ့ရတဲ့ အတိတ်က သမိုင်းကြောင်းတွေကို မေးမြန်းလေ့လာ ပြုစုနိုင်ရင်လည်း ကောင်းမယ်ထင်ပါတယ်။ အဖွားဓါတ်ပုံကို ကြည့်ရတာ ပြန်လည်း ပြောပြနိုင်ပုံပါပဲ...

နောက်တစ်ခုက ကမ္ဘာပေါ်အသက် ၁၁၀အထက်ရှိတဲ့လူတွေကို ကမ္ဘာ့အသက်ကြီးဆုံး လူတွေအနေနဲ့ စာရင်းပြုစုနေတဲ့ Gerontology Research Group (GRG) အဖွဲ့ရဲ့ စာရင်းဇယားအရ ယခု ကမ္ဘာပေါ်မှာ အသက်ရှင်လျှက်ရှိတဲ့ အသက်ကြီးဆုံးသူဟာ အမေရိကန်နိုင်ငံက အသက် ၁၁၅နှစ်အရွယ် 'ဘက်စီ ကူးပါ' (Besse Cooper) ဆိုတဲ့ အဖွား ပါ။ ဒါ့အပြင် သူတို့ရဲ့စာရင်းအရ ကမ္ဘာပေါ်မှာ အသက် ၁၁၀နဲ့ အထက်ရှိတဲ့သူဟာ ၇၈ယောက်တောင် ရှိပါတယ်။ အဲဒီအထဲ အငယ်ဆုံးက စပိန်နိုင်ငံမှ မတ်ဒါလင်း မီးဇ် (Madeleine Mièze) အသက် ၁၁၀နဲ့ ၁၄၄ရက် ရှိတဲ့ အဖွားပါပဲ။ ဒီစာရင်းဇယားထဲ ပါတဲ့သူ ၇၈ယောက်ဟာ GRG အဖွဲ့ တကယ် အဲလောက် အသက်ရှိကြောင်း အတည်ပြုချက် ပေးထားပြီးသား လူတွေဖြစ်ပြီး... တချို့ စာရင်းတွင်းထားဆဲ အတည်ပြုချက် မရသေးတဲ့ လူတွေလဲ ရှိပါတယ်။ ထူးဆန်းတာကတော့ အသက်ကြီးဆုံး လူတွေရဲ့ စာရင်းမှာ အမျိုးသား လေးယောက်သာပါပြီး၊ ကျန်တာ အမျိုးသမီးတွေချည်း ဖြစ်နေတာပါပဲ...

အခုတိုင်းဆိုရင် အဖွားဒေါ်ဖွားကြီးဟာ လူတစ်ရာတောင် မပြည့်တဲ့ ဒီကမ္ဘာ့အသက်ကြီးဆုံးလူစာရင်းထဲမှာ ပါနိုင်ပါတယ်။ ဒီစာရင်းထဲပါနိုင်ဖို့ကို GRG အဖွဲ့ကို ဆက်သွယ်ပြီး သူတို့ကို အသိပေးနိုင်ပါတယ်။ ပြီးတော့ သူတို့က လိုအပ်တဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး စာရင်းထဲထည့်ပေးပါတယ်။ အထောက်အထားတွေ စုပေးနိုင်ပြီး သူတို့ကို လိုအပ်သမျှ ဆက်သွယ် လုပ်ပေးနိုင်မယ့်သူ ရှိရင် တော်တော်ကောင်းမှာပါ။ ဒီစာရင်းထဲ အဖွားဒေါ်ဖွားကြီး ၀င်သွားခဲ့ရင် မြန်မာပြည်အတွက် ဂုဏ်ယူစရာ တစ်ခုတိုးလာမှာ အသေအချာပါပဲဆိုတာ တင်ပြလိုက်ရပါတယ် ခင်ဗျား။

ကိုးကား
စက်တင်ဘာ ၁၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာ၆
http://en.wikipedia.org/wiki/List_of_living_supercentenarians
http://en.wikipedia.org/wiki/Gerontology_Research_Group

Saturday, September 17, 2011

ဟာဝိုင်အီရောက် ဂျပန်ပြည်က ပုလင်းစာ

  (AP Photo/U.S. Navy, Jay C. Pugh via www.wtop.com)

ဟာဝိုင်အီ က၀အီ (Kauai, Hawaii) က ကမ်းခြေ ရှင်းလင်းရေးမှာ ပါဝင်တဲ့ သင်္ဘောသား အရာရှိ တစ်ယောက်ဖြစ်တဲ့ ဂျွန်လ်မိုးဟာ ကမ်းခြေပေါ်မှာ တင်နေတဲ့ ထူးခြားတဲ့ ပုလင်းလေးတစ်လုံးကို တွေ့ရှိ ကောက်ယူခဲ့ပါတယ်။ ထူခြားတဲ့ပုလင်းလို့ ဆိုရတာက ပုလင်းလေးထဲမှာ ဂီးနီ (Gienie in the bottle) ရှိနေလို့တော့ မဟုတ်ပါဘူး။ ပုလင်းလေးထဲမှာ စက္ကူခေါက်ပန်း လေးခု၊ ဓါတ်ပုံလေး တစ်ပုံနဲ့ လွန်ခဲ့တဲ့ ငါးနှစ် မတ်လ ၂၆ရက် ၂၀၀၆ရက်စွဲနဲ့ စာလေးတစ်စောင်ပါနေလို့ပါပဲ... ၀တ္ထုတွေ စာတွေထဲမှာ ပါနေတဲ့ သင်္ဘောပျက်ပြီး လူသူမရှိတဲ့ ကျွန်းပေါ်ကနေ ကယ်ပါဆိုတဲ့ ပုလင်းလေးထဲ စာလေးထည့်မျှောထားတဲ့ စာပုလင်းလေး ပုံစံပေါ့...

ဒါပေမယ့် ဒီစာရဲ့ ပိုင်ရှင်ကတော့ အဲလိုတွေထဲကလိုမျိုး မဟုတ်ဘဲ ဂျပန်နိုင်ငံ ကာဂိုရှီးမားက (Kagoshima, Japan) က အရိက၀ (Arikawa) အမည်ရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ စာပါ။ ဟိုလိုစာဆိုရင်တော့ ငါးနှစ်တောင်ကြာနေပြီးဆိုရင် အဲဒီလူတော့ ဒုက္ခရောက်နေပြီးပေါ့ :P ... အရီက၀ ရေးထားတဲ့စာထဲမှာ ပါတာက 'ဒီနေ့ငါတို့ မူလတန်း အဆင့်ကနေ အောင်ပြီဆိုတဲ့ အမှတ်တရအနေနဲ့ ဒီစာကို ရေးလိုက်တာပါ' တဲ့။ ဓါတ်ပုံကတော့ ကာဂိုရှီးမားက အရိက၀တို့ အတန်းဓါတ်ပုံပါ။ ဒီစာနဲ့ ပက်သက်တဲ့သတင်းကို ဖော်ပြခဲ့တဲ့ AP သတင်းဌါနက သတင်းထောက်ကတော့ လွန်ခဲ့တဲ့ငါးနှစ်က အရိက၀နာမည်ရှိတဲ့ ကောင်မလေး ကာဂိုရှီးမားက ကိုကူဘု (Kokubu) ကျောင်းမှာ မူလတန်းအဆင့် တက်သွားတာ ဟုတ်မဟုတ်စုံစမ်းရာမှာ အဲဒီကျောင်းက ကျောင်းအုပ်ဆရာ 'အကိရာ နာကာရှီးမား' (Akira Nakashima) က မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ 'နာကာရှီးမား' က အရိက၀တို့ဟာ မူလတန်း အောင်မြင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဒီစာကို အနီးက ကမ်းခြေကနေ ပုလင်းထဲ ထည့်ပြီး ပစ်ခဲ့တာပါ။ ဒီပုလင်းလေးကို ပြန်တွေ့ရတာ အလွန်ပဲအံ့သြဖို့ကောင်းပြီး .. ဒီလို စိတ်လှုပ်ရှားစရာ သတင်းမျိုးကို ကြားရတာ အလွန်ပဲ ၀မ်းသာဖို့ကောင်းပါတယ်' လို့ ပြောကြားခဲ့ပါတယ်။

သင်္ဘောသားအရာရှိ 'မိုး' ဟာ  အခြား လူအယောက် ၄၀၊ ကျောင်းသား ၁၆ယောက်နဲ့အတူ နိုင်ငံတကာ ကမ်းခြေများ ရှင်းလင်းရေးနေ့အဖြစ် 'က၀အီ' ကမ်းခြေက အမှိုက်တွေ လိုက်ကောက်နေခဲ့တာပါ။ 'မိုး' ဟာ ဒီစာအကြောင်း 'အာရိက၀' ကို ပြောပြဖို့ သူရှိမယ့်နေရာကို လိုက်လံစုံစမ်း ဆက်သွယ်လျှက် ရှိပါတယ်။


Source:
http://www.denverpost.com/breakingnews/ci_18909345

Friday, September 16, 2011

ကိုလိုရာဒိုကနေ ငါးနှစ်ကြာ ပျောက်ဆုံးနေတဲ့ ကြောင်ကလေး နယူးယောက်မှာ ပြန်တွေ့

(Photo NY Post via AllMediaNY)
ထီမထင်တဲ့ ရုပ်နဲ့ ၀ီလို (Willow)

သူမနာမည်က ၀ီလို (Willow)... အသက် ၆နှစ်ရှိပြီ ဖြစ်တဲ့ လိပ်ခွံကြောင်မျိုးလေး...

သူမရဲ့ မွေးရင်းအရပ် ကျောက်တောင်တွေ ထူထပ်တဲ့ ကော်လိုရာဒို အရပ်တစ်ခုကနေ လွန်ခဲ့တဲ့ ၅နှစ်ကတည်းက ပျောက်သွားတာ အခု နယူးယောက် မတ်ဟန်တန်ရပ်က လမ်းပေါ်တစ်နေရာကနေ ကြောင်လေလွင့်လေး အဖြစ် ပြန်တွေ့ပြီး နယူးယောက် တိရိစ္ဆာများ ကာကွယ် ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းထားပါတယ်။ ကိုလိုရာဒိုနဲ့ နယူးယောက်ဟာ မိုင်ပေါင်း ၁၈၀၀ခန့် ဝေးတာပါ။

စခန်းကိုရောက်ရောက်ချင်း သူ့ကိုယ်ကို စကန်ဖတ်လိုက်တော့ ကံကောင်းစွာပဲ ကြောင်တွေကို အမှတ်အသားပြုတဲ့ ချပ်စ်လေး တတ်ထားတာတွေ့ရပြီး ချပ်စ်ထဲက အချက်အလက်အတိုင်း သူ့ရဲ့သခင်တွေကို လှမ်းအကြောင်းကြားလို့ ရသွားပါတယ်။ သူမရဲ့သခင်တွေ ဖြစ်တဲ့ ခရစ်(စ်)နဲ့ စကွားရက်စ်တို့ဟာ သူမထွက်ပြေးသွားခဲ့တဲ့ နေအိမ်မှာ အခုထိနေထိုင်နေကြပြီး ၀ီလို အကြောင်းကိုကြားတော့ အင်မတန်မှကို အံ့သြသွားကြပါတယ်။ စခန်းက ပို့ပေးတဲ့ သူ့မအခုလက်ရှိပုံကို မြင်ရတော့ လုံးဝသေချာသွားတာပါပဲတဲ့...

(Bebeto Matthews/AP Photo via ABC News)

စကွားရက်စ် ပြောတာကတော့ လွန်ခဲ့တဲ့ ငါးနှစ်က သူတို့အိမ်ကို ပြန်ပြင်နေတုန်းမှာ အိမ်ပြင်တဲ့ ကွန်ထရပ်တာက တံခါးကိုပိတ်ဖို့ မေ့သွားရင်းကနေ သူထွက်ပြေးကာ ပျောက်သွားတာပါ... သူ့ကိုလိုက်ရှာတာ တော်တော်နဲ့ မတွေ့တော့ကြလို့ အနီးနားမှာ ကျက်စားနေတတ်တဲ့ ၀ံပုလွေတွေ စားသွားပြီလို့တောင် ထင်ခဲ့ပါတယ်တဲ့.. သူမပျောက်သွားတုန်းက အရွယ်သေးသေးလဲ ရှိသေးပြီး ၅ပေါင်ခွဲသာသာပဲ ရှိပါသေးတယ်.. သူမ ဆက်ပြောတာကတော့ အိမ်မှာနောက်ထပ် ခွေးတစ်ကောင်နဲ့ ကြောင်နှစ်ကောင် ရှိသေးတယ်... သူတို့ကိုလည်း ချပ်စ် ထည့်ထားပါတယ်... ဖြစ်နိုင်ရင် သူမရဲ့ အသက် ၁၇၊ ၁၀ နဲ့ ၃နှစ်စီ ရှိကြတဲ့ ကလေးသုံးယောက်ကိုတောင် ချပ်စ် ထည့်ချင်နေတာပါလို့ ဆိုပါတယ်။ နယူးယောက်ရဲ့ ဥပဒေအရ ခွေးမွေးဖို့ လိုင်စင်လုပ်ရပြီး ကြောင်တွေကိုတော့ အမှတ်အသားသဘော ချပ်စ်တွေ ထည့်ထားရတယ်လို့ သိရပါတယ်။

အခုလို မိုင်ပေါင်း ၁၈၀၀ဝေးတဲ့ အရပ်မှာ ၀ီလိုတစ်ယောက် ဘယ်လိုရောက်လာလဲ ဒီလောက် ငါးနှစ်ကြာတဲ့အချိန်မှာ သူဘယ်လို အသက်ရှင်နေထိုင်လဲဆိုတာတော့ ဒဏ္ဍာရီဆန်လွန်းလှပါတယ်... သူနဲ့ ပက်သက်ပြီး နယူးယောက် တိရိစ္ဆာန်များ ထိန်းသိမ်းရေးစခန်းက အမှုဆောင် ဒါရိုက်တာ ဘဏ်(က်) ပြောတာတော့ ၀ီလို အခုကျန်းကျန်းမာမာနဲ့ တောင့်တောင့်တင်းတင်း ရှိနေပါတယ်... တကယ်တမ်း သူ့ကို လူတစ်ယောက်က မတ်ဟန်တန်၊ အရှေ့ လမ်း ၂၀ ပေါ်ကနေ ကောက်ရလာပြီး စခန်းကို လာပို့သွားတာပါ... သူ့မကိုကြည့်ရတာ ဂရုစိုက်ခံထားခဲ့ရပုံနဲ့ နယူးယောက်က အစာတွေကိုလည်း ကောင်းကောင်း စားထားခဲ့ရပုံပါပဲ...

သူမ ဒီလောက်ဝေးတဲ့ နေရာကနေ ရောက်လာတယ်ဆိုတာ တစ်ယောက်ယောက်က ဒီအထိ ကားပေါ်တင်ခေါ်လာတာ ဖြစ်ချင်ဖြစ်မယ်.. ဒါပေမယ့် တချို့ထူးထူးဆန်းဆန်း ဒီဘက်ကို ရောက်လာတဲ့ ရိစ္ဆာန်တွေ ရှိတတ်သလို ... ကုန်ကားနောက်ခန်းထဲကနေ ကုပ်ကတ်ပါလာတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်... တချို့က သူ့ကို တောမှာမနေချင်လို့ မြို့ကို တမင် ပြောင်းလာတဲ့ ကြောင်မလေးဆိုပြီး နောက်နေကြတယ်လို့ သူက ပြောပါတယ်။ ၀ီလိုဟာ အခု ၇ပေါင် အရွယ်အစား ရှိနေပါပြီ...

စကွားရက်စ်တို့ မိသားစုကတော့ ၀ီလိုလေးကို ပြန်သယ်ဖို့ စီစဉ်နေကြပြီး သူတို့ကလေးတွေကတော့ ကြောင်မလေးကို တွေ့ရဖို့မျှော်နေကြပါပြီး... အကြီးနှစ်ယောက်ကတော့ ၀ီလိုလေးကို မှတ်မိပေမယ့် အငယ်ကလေးကတော့ ၀ီလိုပျောက်သွားတဲ့အချိန် သူ မမွေးသေးလို့ မသိပေမယ့် ၀ီလိုလေးကို She is Pretty Cat လို့ ပြောပါတယ်တဲ့....

အောက်က အေဘီစီသတင်းဌါနလင့်ခ်ထဲမှာ ဗွီဒီယိုပါ... ပါပါတယ်... 

Source:
http://abcnews.go.com/US/willow-cross-country-calico-cat-treks-colorado-york/story?id=14527262
http://edition.cnn.com/2011/09/15/us/new-york-wayward-cat/

စင်ကာပူ ပရိုမိုးရှင်းများ - Like "Spinelli" on Facebook Get Free Coffee & 120 hrs Body Shop promo cupon


ကဲ... စင်ကာပူမှ ကော်ဖီကြိုက်သူများအတွက်  Spinelli ကော်ဖီရဲ့ Facebook Page ကို Like လုပ်လိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့စမတ်ဖုန်း သို့မဟုတ် Tablets ပေါ်က Facebook "Like" session ကို ပြလိုက်... အဲထဲမှာ သူတို့ Facebook Page ပါနေတာတွေ့ရင်.. လတ်လတ်ဆတ်ဆတ် နှပ်ထားတဲ့ ကော်ဖီတစ်ခွက် အလကားပေးမယ်တဲ့။

နေရာကတော့ အော်ချတ် ထိုင်းသံရုံး မျက်နှာချင်းဆိုင်က Forum The Shopping Mall မြေအောက် ပထမထပ်မှာပါ... သူ့ဘေးမှာ Hilton Hotel ရှိတယ်။

****************************************************************


ဒါကတော့ The Body Shop က ၃၅နှစ်ပြည့် အထိမ်းအမှတ်ဆင်နွှဲဖို့ နာရီ ၁၂၀အတွင်း လျှော့ဈေးပေးမယ့် အစီအစဉ်ပါ။ ကြိုက်တဲ့ The Body Shop တစ်ဆိုင်ဆိုင်ကို သွားပြီး အပေါ်က ကူပွန်ကို ဒေါင်းလုပ် လုပ်ယူပြီး ပရင့်ထုတ်လို့သော်လည်းကောင်း၊ ဖုန်းထဲမှာ ထည့်သိမ်းသွားလို့သော်လည်းကောင်း တစ်နည်းနည်းနဲ့  သယ်ယူ သွားပြလိုက်ပါ။  ၂၀ရာခိုင်နှုန်း လျှော့ဈေးနဲ့ လက်ဆောင်ပါ ရပါလိမ့်မယ်။

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Soceraphobia - Fear in Parent-in-Laws

ယောက္ခမကိုကြောက်တဲ့ရောဂါပါတဲ့... ဒါပေမယ့် အချို့နေရာတွေမှာတော့... ယောက္ခမအပါအ၀င် ဘယ် in-laws ကိုမဆို ကြောက်တတ်တဲ့ရောဂါလို့လဲ ပြောတတ်ကြပါတယ်။
ဒီရောဂါနဲ့ ရုပ်ရှင်ဇတ်ကားတောင် ရှိပါတယ်။ ဇတ်ကားနာမည်က Conquering Soceraphobia ပါတဲ့
၂၀၀၇မှာ ထွက်ထားတဲ့ ဇတ်ကားဖြစ်ပါတယ်။

Novercaphobia - Fear of step-mother

ဒါကတော့ အပေါ်ကနဲ့ ခပ်ဆင်ဆင်ပဲ... မိထွေးကိုကြောက်တဲ့ရောဂါတဲ့... အင်း မိထွေးကတော့ လူတော်တော် များများ ကြုံနေရတဲ့ အကြောက်ရောဂါတမျိုးပါပဲ။ မိထွေးတော် ဂေါတမီတို့လို မိထွေးမျိုးဆိုရင်တောင်လဲ ကြောက်နေဦးမှာပဲလို့ ထင်ပါတယ်။ ဒါပေမယ့် သိပ်စိတ်ပူစရာ မလိုတော့ဘူး.. ဒီရောဂါကုပေးတဲ့ဟာ တွေ့ထားတယ်။ ဒီမှာသွားကြည့်လိုက် ကြော်ငြာထားအတိုင်းဆို သေချာကို ရေလည်ကုပေးမယ့် ပုံပဲ...

Didaskaleinophobia - Fear of going to school

ကျနော်တောင် ငယ်ငယ်ဘ၀ပြန်သွားပြီး ဒီရောဂါမျိုးကူး ယူချင်လိုက်တာ... ကျောင်းသွားရမှာ ကြောက်တဲ့ရောဂါဆိုပဲ... ကျောင်းသွားရပြီးဆို ရောဂါထပြီး ဒန် ဒန့် ဒန်... ဒီရောဂါကိုလည်း အပေါ်ကပြောထားတဲ့ နေရာမှာ ကုပေးတာရှိတယ်...

Hippopotomonstrosesquipedaliophobia - Fear of long words

ဘာပြောရမှန်းတောင်မသိဘူး... ဒီရောဂါကို တမင်နောက်ပြီး ဒီလိုပေးထားသလား အောက်မေ့ရတယ်။ စာလုံး အရှည်တွေကြောက်တတ်တဲ့ရောဂါတဲ့... ဒါပေမယ့် ရောဂါနာမည်ကိုက အင်မတန် ရှည်နေတယ်။ ရောဂါနာမည် လူနာကိုသွားပြောလို့ကတော့ သေပြီသာမှတ်.... အဲ ဒီရောဂါ ကိုယ့်မှာ ဖြစ်နေပြီးဆိုရင် ပူစရာမလိုပါဘူး ပျောက်ကင်းအောင် ကုသဖို့ ဒီမှာ အကြံညဏ်တွေ ရယူနိုင်ပါတတယ်။

Paraskavedekatriaphobia - Fear of Friday the 13th

ဒါကတော့ ရှင်းတယ်... ၁၃ သောကြာကို ကြောက်တတ်တဲ့ရောဂါ... အနောက်နိုင်ငံတွေမှာ အများဆုံးတွေ့ရတဲ့ ရောဂါပေါ့... သူတို့က ၁၃ ဂဏန်းဆို ကြောက်တတ်တဲ့ သူများတယ်။ ဥပါဒ်ဒန် ဖြစ်နေကြတာပေါ့.... ဒီဟာရဲ့ အပေါ်ကပြောထားတဲ့ နေရာမှာပဲ သွားကုလို့ရပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

Thursday, September 15, 2011

မချောနဲ့ ရော့ဂီတာ

နာမည်လေး လန်းလန်းလေး ပေးလိုက်တယ်။ ကြည့်ကြည့်ပါ။ ဟင်းးး အားကျတယ် ဂီတာအဲလောက်တီး တတ်တာကို ပြောတာ...






ကမ္ဘာ့ဟက်ကင်း ရာသီမှာ ကိုယ်တိုင်အအေးမိသွားခြင်း

အခု ဒီနှစ် ၂၀၁၁ ဆိုတာ တော်တော်လေး အပြောင်းအလဲများပြီး ကြမ်းကြမ်းရမ်းရမ်း ရှိလှတယ်လို့ ဆိုရပါမယ်။ နှစ်စကတည်းကနေ စထွက်လိုက်တာနဲ့ ပြုတ်တာတွေပြုတ် လှုပ်တာတွေလှုပ် ပြေးတာတွေပြေး ပြောင်းတာတွေပြောင်း ဖောက်တာတွေဖောက် ပေါ်တာတွေပေါ်နဲ့ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ရှိခဲ့တောပေါ့။

အဲဒီလိုတွေ အဲဒီလိုတွေ ဖြစ်နေတာကို ကိုယ်တွေကတော့ တီဗွီဖန်သားပြင်တွေမှာ အင်တာနက်စာမျက်နှာတွေမှာ ကြည့်လိုက် ဖတ်လိုက် လုပ်ရင်း တဖက်ကလည်း စိတ်ပါလာရင် အဲဒီအကြောင်းတွေကို အာပွားလိုက်ပေါ့။ ကိုယ်မှာမဖြစ်တော့ ခံရတဲ့သူတွေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေထဲမှာ ပါနေတဲ့သူတွေကတော့ ဘယ်လောက်ပဲ ပူဆွေးသောကရောက်ကြ ကိုယ်တွေကတော့ ထမင်းစားရေသောက်မပြတ် စုတ်တသတ်သတ်နဲ့ အနေအေးအေးပါပဲ...

သို့သော်.. ခေတ်တွေကပြောင်းလာနေပါပြီ... ကမ္ဘာကြီးက ကျဉ်းလာနေပြီ.. ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂိုကနွားပေါင်ကျိုးတာကလည်း တချို့တလေ မှန်လာပြီးလို့ဆိုရမလားပါပဲ...

ဒီနေ့ခေတ် အိုင်တီခေတ်မှာ ဘယ်လုပ်ငန်းမဆို အိုင်တီနည်းပညာကို မှီခိုနေရတာတွေများပါတယ်။ ဂြိုလ်တုတွေ လွှတ်တာကနေအစ အိမ်ရှင်မတွေ ထမင်းဟင်းချက်တာအဆုံး အိုင်တီနည်းပညာပေါ်မှာ မှီခိုနေရတာတွေ အများကြီးပါ။ ဒီလို မှီခိုနေရအောင်လည်း အိုင်တီနည်းပညာက တယ်လဲဆန်း တယ်လဲမြန်ဆန်လှပါတယ်။ အိုင်တီနည်းပညာကို အကောင်းဆုံး စကားလုံးတလုံးတည်းနဲ့ တင်စားရရင် Globalization ဆိုတာပါပဲ.. ဗမာလိုဆို ကျနော်ကတော့ ကမ္ဘာကြီးဟာ ရွာတစ်ရွာစာလောက် ကျုံ့သွားတဲ့သဘောလို့ လူပြိန်းနည်းနဲ့ ဆိုချင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းကလူတွေနဲ့ အနောက်ခြမ်းကလူတွေ ထိုင်နေရာကမပျက် စားနေရာကမပျက် သွားနေရာကမပျက် ရွာက အဒေါ်ကြီးတွေ ဟိုဘက်လမ်းထိပ်နဲ့ ဒီဘက်လမ်းထိ လှမ်းစကားပြောသလို ပြောနေနိုင် သတင်းတွေ သိနေနိုင်လို့ပါပဲ။

လောကမှာ အကောင်းရှိရင် အဆိုးလည်း ရှိတတ်ပါတယ်။ အခုလို အရာအားလုံး ဒီအိုင်တီနည်းပညာအပေါ် အပေါ်မှီခိုနေရချိန်မှာ အိုင်တီဟာ နတ်ကောင်းတို့ ဖန်ဆင်းတဲ့ ဤသလင်း မဟုတ်တဲ့အတွက် သူကလည်း လောကဓမ္မတာနဲ့ မလွတ်ပါဘူး။

အပေါ်ကပြောခဲ့သလို ၂၀၁၁ရဲ့ အပြောင်းအလဲနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းထဲမှာ ဗီလိန်သရုပ်ဆောင် တယောက်အနေနဲ့ လူတွေကို တုန်လှုပ်စေတဲ့အရာတွေထဲမှာ အိုင်တီနည်းပညာနဲ့ ပက်သက်တာလည်း ပါနေပါတယ်။ အဲတာကတော့ Hacking လို့ခေါ်တဲ့ အရေးကြီးပြီး လျှို့ဝှက်တဲ့ အိုင်တီကွန်ရက်တွေ အဖောက်ခံရတာပါပဲ...

ဂြိုလ်တုလွှတ်တာကနေအစ အိမ်ရှင်မတွေအဆုံး အိုင်တီနည်းပညာအပေါ် မှီခိုနေတယ်ဆိုတာ ပြောခဲ့သလိုပဲ ဂြိုလ်တုလွှတ်ရာမှာ သုံးတဲ့ရော့ကတ်တွေ စစ်ဘက်ဆိုင်ရာ စစ်လက်နက်တွေ ထုတ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Lockheed Martin ကုမ္ပဏီကနေအစ ဂိမ်းကွန်ရက် သီချင်းကွန်ရက်တွေ အကြီးအကျယ်ပိုင်ဆိုင်ထားတဲ့ SONY တို့လို ကုမ္ပဏီကနေအဆုံး ဟက်ကာတွေရဲ့ အဖောက်ခံရမှုကို အကြီးအကျယ်ခံနေရပြီး ... ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ အတတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်စူးနေတဲ့ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ကွန်ရက်တွေပါမကျန် ပါဝင်ကာ ခံခဲ့ရပါတယ်။ ဒါတွေအဖောက်ခံရတော့ လျှို့ဝှက်လှပါတယ်ဆိုတဲ့ အရေးကြီးတဲ့ အီးမေးလ်တွေ လျှို့ဝှက် နည်းဗျူဟာ အချက်အလက်တွေ အကြွေးယူကတ်အချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်နိုင်အဆင့်အထိ ဖြစ်ကာ အင်တာနက်ရွာကြီးဟာလဲ ဂျပန်ဆူနာမီခံခဲ့ရသလို ဒီနှစ်ထဲမှာ ကြုံခံခဲ့ရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုလိုကြုံနေရတဲ့ ကမ္ဘာကြီးရဲ့ ဟက်ကင်းရာသီမှာ ကိုယ့်နဲ့မဆိုင်ဘူးဆိုသလို သတင်းဖတ်ပြီး ခေါင်းထဲမရှိသလောက်ပါပဲ...

ကျနော်ဟာ ဘလော့စရေးတဲ့အချိန်ကစပြီး နေ့စဉ်လိုလို ရုံးချိန်ထဲမှာ ပိုစ့်တစ်ပိုစ့်ခန့် အိမ်ရောက်တဲ့အခါမှာ ပိုစ့်တစ်ပိုစ့်ခန့် အခုတစ်လပြည့်ခါနီးအထိ ပုံမှန်မှန်လို ရေးသားဖြစ်ခဲ့ပါတယ်။ စစချင်းဆိုတော့ တက်ကြွနေတာပေါ့။ ဒါပေမယ့် ဒီနေ့မှာတော့ ဒီအစဉ်အလာကို ဖောက်ဖျက်လိုက်ရပါတယ်... အကြောင်းအရင်းကတော့ ဒီနေ့မနက် သူဌေးနဲ့ အလုပ်ကိစ္စတစ်ခုအတွက် စကားပြောနေတုန်း တခြား လုပ်ကိုင်ဖော်ဖက်တစ်ယောက် အစည်းအဝေးခန်းထဲ အမောတကော ပြေးဝင်လာပြီး သတင်းတစ်ခုလာပေးပါတယ်။ သူ့သတင်းစကားကြောင့် ကျနော်ရော သူဌေးပါ ခေါင်းနပန်းကြီး သွားရပါတယ်။ ကျနော်တို့ဆီက လွှင့်ထားတဲ့ ၀ဘ်ဆိုဒ်တစ်ခု အဟက်ခံလိုက်ရတယ်တဲ့....

မကြာသေးမီအချိန်ကမှ ဟက်ကင်းအိပ်မက်ဆိုးတစ်ခုကနေ လွတ်လာရုံလေးရှိတဲ့အချိန်မှာ ဒီသတင်းစကားကြားလိုက်ရတော့ လက်ရှိပြောဆိုနေတာတွေ ပစ်ပြီး ချက်ချင်း သွားကြည့်ရပါတယ်။ တော်တော်လေးကို ဆော်ပလော်တီးထားတာပါပဲ... ဒါပေမယ့် ဒါကို ကျနော်ဘက်က အဓိကဖြေရှင်းလို့ရတာ မဟုတ်တော့ တခြားဆိုင်တဲ့တစ်ယောက်ကို ခေါ်ပြီးဖြေရှင်းခိုင်းရပါတယ်။ ကျနော်ကတော့ ဘေးမှာလိုတာလေးတွေ လိုက်လုပ်ပေးရပါတယ်။ တစ်ခုကတော့ ကျနော်က ၀ဘ်ဆိုဒ်တွေလွှင့်တင်ရတဲ့ အပိုင်းမှာ တာဝန်ခံဆိုတော့ မပြီးမချင်း ရင်တမမပါပဲ... ခုနင်ပြောခဲ့တဲ့ အိပ်မက်ဆိုးတုန်းကတော့ ကျနော်တို့ဆီကနေတဆင့် လွှင့်တင်ထားတဲ့ ဂျပန်က နာမည်ကြီး အီလက်ထရောနစ် ကုမ္ပဏီတစ်ခုရဲ့ ၀ဘ်ဆိုဒ်ကို ရည်ရွယ်ချက်ရှိရှိ ဟက်ခံလိုက်ရတာပါ။ အဲဒီအချိန် ကျနော်ကိုယ်တိုင် အဓိက ဖြေရှင်းရပြီး နောက်ဆွဲတွဲ သူတို့ဆီက ကွန်ပလိန်းတွေပါ အသည်းအသန် ဖြေရှင်းခဲ့ရပါတယ်။ သူတို့ရဲ့ အရေးကြီး အချက်အလက်တွေပါနေတာမို့ ကံမကောင်းရင် တရားစွဲခံရကိန်းတောင် ဆိုက်တော့မလို့အထိပါပဲ...

အဲဒီအချိန်တုန်းက ဘလော့မရေးသေးတော့ ပြဿနာ မရှိသေးဘူးပေါ့... ဒီနေ့ကိစ္စကတော့ ကျနော်ရဲ့အချိန်တွေ တစ်နေ့လုံး ယူသွားလိုက်ပြီး.. ဘလော့ထဲရေးဖို့ကြံရွယ်ထားတဲ့ဟာတွေလည်း အကုန်လုံး Draft ထဲ ထည့်သိမ်းလိုက်ရပါတယ်။ ဘလော့ပိုစ့်အသစ် မတက်တော့ စာဖတ်သူနှုန်း စံချိန်တင်နည်းသွားတဲ့ ကျနော့်ရဲ့ ဘလော့လေးကို ရင်နာနာနဲ့ပဲ ကြည့်နေခဲ့ရပါတယ်... တော်တော် အထိနာသွားတာပါပဲ :D အရင်နှစ်တွေက ဒါမျိုးမကြုံခဲ့ရပါဘူး... ဒါနဲ့ပဲ ဆက်စပ်တွေးတော လိုက်မိပါတယ်။ အရင်တုန်းက ကိုယ်နဲ့မဆိုင်သလိုနေခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟက်ကင်းရာသီဟာ စမ္မာနဂိုကနွား ပေါင်ကျိုးသလို ငါပါခံလိုက်သလားဆိုတာ စဉ်းစားမိရင် ဟက်ကင်းရာသီမှာ  ကိုယ်တိုင်အအေးမိပြီး နှာစေးတာ ခံလိုက်ရပါတော့တယ်... (ကိုညီလင်းသစ် နှာစေးတာကို အားကျလို့ :P )

ဒါနဲ့ပဲ ကိုယ်လေးရဲ့  'ကစဥ့်ကလျားသီအိုရီ' သီချင်းလေးကို သတိရကာ ညဉ်းနေမိပါတော့တယ်

~ ~ ကမ္ဘာကြီးရဲ့ အခြားတဖက်မှာ လိပ်ပြာလေး အတောင်တချက်ခတ်ခြင်းက အစပြုတဲ့ လေပွေမုန်တိုင်းများ ဒီကမ္ဘာတဖက်ခြမ်းမှာ...... ကစဥ့်ကလျားနဲ့ ဖြစ်လာ ~ ~

Tuesday, September 13, 2011

မက်ဒေါနား သီချင်း အယ်လ်ဘမ်အသစ် ထုတ်ဦးမည်

(Photo: Kevin Mazur/WireImage.com via music-mix.ew.com)
 Madonna

ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပေါ့ပ်အဆိုတော်လည်းဖြစ် အသက်ကြီးနေပြီးဖြစ်ပေမယ့် ကျော်ကြားနေဆဲ လူကြိုက်များနေဆဲလည်း ဖြစ်တဲ့ မက်ဒေါနား (Madonna) ဟာ နောက်နှစ် နွေဦးမှာ သီချင်းအယ်လ်ဘမ် အသစ်တစ်ခု ထုတ်ဦးမယ်လို့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ရောက်ရှိနေချိန် အီတလီက တီဗွီအင်တာဗျူး တစ်ခုမှာ ထုတ်ဖော် ကြော်ငြာလိုက်ကြောင်း ရိုက်တာသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်

မက်ဒေါနားဟာ လက်ရှိမှာ သူမ ဒါရိုက်တာလုပ် ရိုက်ထားတဲ့ W.E ဆိုတဲ့ရုပ်ရှင်ဇတ်ကားအတွက် ပရိုမိုးရှင်းလုပ်နေပြီး အဲဒါပြီးရင် နယူးယောက်ကိုပြန်ကာ သူမရဲ့ အယ်လ်ဘမ်အသစ်အတွက် ဆက်လုပ်သွားဖို့ ရှိပါတယ်။ ခုချိန်မှာ အယ်လ်ဘမ်အသစ်ဟာ အနည်းငယ်သာ ပြီးသေးပြီး ဒီနှစ်ကုန်ဆုံးတဲ့အထိ အသံသွင်းခြင်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ သီချင်း အယ်လ်ဘမ်အသစ် ထွက်နိုင်မယ့်အချိန်ဟာ ဖေဖေါ်ဝါရီ သို့မဟုတ် မတ်လ ၂၀၁၂ လောက်မှာ ဖြစ်မယ်လို့ ပြောပါတယ်။ သူမ ၂၀၀၈ခုနှစ်က နောက်ဆုံးထွက်ခဲ့တဲ့ အယ်လ်ဘမ် "Hard Candy" ကတော့ စစထွက်ချင်းမှာတင် ဘီလ်ဘုတ်ဇယား  နံပါတ် ၁နေရာချိတ်ခဲ့ပါတယ်။

မက်ဒေါနားဟာ ယခုလက်ရှိ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသနေတဲ့ W.E ရုပ်ရှင်ဇတ်ကားကို ၁၉၉၁က ထွက်ခဲ့တဲ့ သူမရဲ့ True or Dare Documentary ရိုက်ကူးသူ အလက်ကက်စ်ရှီရှရန်း (Alek Keshishian) နဲ့  ပူပေါင်းရေသားထားပြီး  သူမကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားပါတယ်။  ချစ်သူ အတွက် ထီးနန်းစွန့်သွားတဲ့ အက်ဝပ်ဘုရင်နဲ့ သူရဲ့ချစ်သူ Wallis Simpson အကြောင်းကို အခြေခံထားတဲ့ သူမရဲ့ W.E ဇတ်ကားဟာ ဒီဇင်ဘာမှာမှ ရုံတင်ပြသမှာ ဖြစ်ပေမယ့် ဗင်းနစ်ရုပ်ရှင်မှာ ပြသပြီးကတည်း ဇတ်ကားနဲ့ ပက်သက်ပြီး  ရုပ်ရှင် ဝေဖန်သူတို့ရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံနေရပါတယ်။ ဒီဇတ်ကားဟာ သူမရဲ့  ဒုတိယမြောက် ဒါရိုက်တာလုပ်တဲ့ ဇတ်ကားဖြစ်ပြီး ပထမဇတ်ကားက Filth and Wisdom ဆိုတဲ့ အချစ်ဟာသကားပါ။ ဒီဇတ်ကားတုန်းကလည်း အခုလိုပဲ သူမရဲ့ ဒါရိုက်တာ အရည်အသွေးအတွက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဇတ်ကားနှစ်ကားလုံးကို သူမရဲ့ ရုပ်ရှင်ထုတ်လုပ်မှု ကုမ္ပဏီ Semtex Films ကနေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သီချင်းဂီတလောကမှာ အကြီးအကျယ်အောင်မြင်မှုတွေရနေပေမယ့် ရုပ်ရှင်လောကမှာ သရုပ်ဆောင်အနေနဲ့ရော ဒါရိုက်တာအနေနဲ့ပါ အောင်မြင်မှုမရသေးတဲ့ အသက် ၅၃နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်မကြီး မက်ဒေါနားရဲ့ တဒါဇင်မြောက် အယ်လ်ဘမ်မှာ အရင် သီချင်းအယ်လ်ဘမ်တွေလိုပဲ အောင်မြင်မှုတွေ ထပ်ရဦးမလားဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

စင်ကာပူ ပရိုမိုရှင်းများ - Carrefour Expo Sale




Date : 15 to 18 September 2011
Time : 10am to 10pm (
Friday and Saturday : 10am to 11pm)
Venue: Singapore Expo Hall 6A
Special Promotion : Additional 10% for POSB Everyday Card Members

အကြိမ် ၆၀မြောက် မယ်စကြာဝဠာရွေးပွဲ ၂၀၁၁

Update - စင်ကာပူမှာနေတဲ့သူများ ည ၁၀နာရီမှာ Channel5 မှာ ပြန်ပြမည်တဲ့

အကြိမ် ၆၀မြောက် မယ်စကြာဝဠာရွေးပွဲ ၂၀၁၁ ပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ဆာအောဝ်ပေါလိုမြို့မှာ ကျင်းပနေပြီး ခုလေးတင်ပဲ ၂၀၁၁ရဲ့ မယ်စကြာဝဠာကို ရွေးသွားပါတယ်။ ဘယ်သူဖြစ်မလဲ...ဆိုတာ... အောက်မှာ ပြိုင်ပွဲဝင် အဆင့်ဆင့်နဲ့ ဆုရစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

Top 16

Australia "Scherri-Lee Biggs"
Costa Rica "Johanna Solano"
France "Laury Thilleman"
Ukraine "Olesya Stefanko"
Portugal "Laura Gonçalves"
Panama "Sheldry Sáez"
Philippines "Shamcey Supsup"
Angola "Leila Lopes"
China "Zilin Luo"
Brazil "Priscila Machado"
Kosovo "Afërdita Dreshaj"
Colombia "Catalina Robayo"
Puerto Rico "Viviana Ortiz"
Netherlands "Kelly Weekers"
USA "Alyssa Campanella"
Venezuela "Vanessa Gonçalves"

Miss Universe 2011 Top 10 semi-finalists

Australia "Scherri-Lee Biggs"
Costa Rica "Johanna Solano"
France "Laury Thilleman"
Ukraine "Olesya Stefanko"
Portugal "Laura Gonçalves"
Panama "Sheldry Sáez"
Philippines "Shamcey Supsup"
Angola "Leila Lopes"
China "Zilin Luo"
Brazil "Priscila Machado"

2011 Miss Universe Top 5

Ukraine "Olesya Stefanko"
Philippines "Shamcey Supsup"
China "Zilin Luo"
Brazil "Priscila Machado"
Angola "Leila Lopes"

Miss Universe 2011 Special Awards


Miss Congeniality              - Miss Montenegro "Nikolina Lončar"
Miss Photogenic                - Miss Sweden "Ronnia Fornstedt"
Best National Costume       - Miss Panama "Sheldry Sáez"

1st runner-up  - Miss Ukraine "Olesya Stefanko"
2nd runner-up - Miss Brazil "Priscila Machado"
3rd runner-up - Miss Philippines "Shamcey Supsup"
4th runner-up - Miss China "Zilin Luo
"


Miss Universe 2011 - Miss Angola "Leila Lopes"




မယ်စကြာဝဠာ ၂၀၁၁ ကို အန်ဂိုလာမယ် "လိုင်လာလုစ်" က ရရှိသွားပါတယ်။ လိုင်လာလုစ်ဟာ အသက် ၂၅နှစ်၊ အရပ်ပေ ၅ပေ ၁၀လက်မခွဲ ရှိကာ ဘန်ဂူလာ (Benguela)၊ အန်ဂိုလာမှာ မွေးဖွားပြီး၊ ယခုလက်ရှိ အဂ်လန်မှာ နေထိုင်ပါတယ်။ နာမည် အပြည့်အစုံက Leila Luliana da Costa Vieira Lopes ပါတဲ့

ဒီပွဲမှာ ထင်ကြေးပေးခံရဆုံး ဘရာဇီးမယ်ကတော့ အိမ်ရှင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ် တတိယနေရာကသာ ကျေနပ်ခဲ့ရပါတယ်။

စတုတ္ထနဲ့ ပဉ္စမ နေရာကိုတော့ အာရှသူနှစ်ယောက်ဖြစ်တဲ့ ဖိလစ်ပိုင်မယ်နဲ့ တရုတ်မယ်တို့ကရရှိသွားပြီး အန်ဂိုလာမယ်ကို အရှုံးပေးလိုက်ရတဲ့ ဒုတိယနေရာက မယ် ကတော့ ယူကရိန်းမယ် "စတပ်ဖန်ကို" ဖြစ်ပါတယ်။

လိုင်လာလုစ်ကို ၂၀၁၀ရဲ့ မယ်စကြာစဠာ မက္ကစီကိုမယ် "ဇန်မိနာ နဘရက်" (Ximena Navarrete) က သရဖူဆောင်းပေးခဲ့ပြီး ၂၀၁၁ရဲ့ မယ်စကြ၀ဠာ အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ပါတယ်။

မယ်စကြာဝဠာ ၀င်ပြိုင်မယ့်သူဟာ လုံးဝ လက်မထပ်ရသေးတဲ့သူ ဖြစ်ဖို့လိုပြီး ပြိုင်ပွဲကျင်းပတဲ့နှစ်ရဲ့ ဖေဖေါ်ဝါရီလ ၇ရက်နေ့မှာ အသက် ၁၈နှစ် မငယ်တဲ့သူနဲ့ ၂၇နှစ်ထက် မကြီးတဲ့သူ ဖြစ်ရပါမယ်။

Wiki Link

Monday, September 12, 2011

ပြည်တွင်း၌ အသစ်ထွက်ရှိသော စာအုပ်များ - ၎

စာအုပ်အမည်                  -    တိုင်းရင်းဆေးလုပ်ငန်းရှင်များ၏ ဘ၀ပုံရိပ်

စာရေးဆရာ                    -    စေတနာလှိုင် (ရေစကြို)

စာအုပ်အမျိုးအစား            -

ထုတ်ဝေသည့် စာအုပ်တိုက် -   ရန်အောင်စာပေ

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -   နိုင်ငံကျော် တိုင်းရင်းဆေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခန်းများ
                                        တိုင်းရင်းဆေး ပြပွဲပုံရိပ်များ၊ တိုင်းရင်းဆေး အညွှန်းများ

ဈေးနှုန်း                          -   ၃၅၀၀ကျပ်

ရက်စွဲ                             -   ၁၁.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -    ၆၀ ကျော်သော်

စာရေးဆရာ                    -   ချစ်နိုင် (စိတ်ပညာ) စုစည်းတင်ပြသည်။

စာအုပ်အမျိုးအစား            -   ကဗျာ၊ ဓမ္မစာပေ၊ ဆောင်းပါးများ

ထုတ်ဝေသည့် စာအုပ်တိုက် -   ဒွေးသစာပေ

ထုတ်ဝေသည့် အကြိမ်        -

စာအုပ် အကြောင်းအရာ      -  စံကင်း ဆရာတော်၊ မဟာစည် ဆရာတော်၊ မိုးကုတ် ဆရာတော်
                                       ဘဒ္ဒန္တက၀ိသာရ၊ ဆန်းလွင်၊ သုခ၊ ဦးရွှေအောင် (မဟာဝိဇ္ဇာ)၊ ဒဂုန်တာရာ၊
နောင်၊ ဇေယျာတက်တိုး၊ တိုက်စိုး၊ ပါရဂူ၊ မောင်ပေါ်ထွန်း၊ လူထုဦးလှ၊ မြသန်းတင့်၊ ဘိုကလေး တင်အောင်၊ ဦးဖိုးကျား၊ သော်တာဆွေ၊ တက္ကသိုလ် ဘုန်းနိုင်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မောင်ဝဏ္ဏ၊ မင်းလူ၊ ဒေါက်တာ ရဲနိုင်၊ နုနုရည် (အင်းဝ)၊ မစန္ဒာ စသည့် စာရေးသူ ဆရာတော်များ၊ စာရေးဆရာကြီးများ စာရေးဆရာမကြီးများ၏ တရား၊ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုများ စုစည်းထားသည့် စာအုပ်

စာအုပ် ဈေးနှုန်း                 -   ၃၀၀၀ကျပ်

ရက်စွဲ                             -   ၁၁.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -    ဂဏန်းဗေဒင်

စာရေးဆရာ                    -   တက္ကသိုလ် စိုးမိုးနိုင်

စာအုပ်အမျိုးအစား            -   ဗေဒင်

ထုတ်ဝေသည့် စာအုပ်တိုက် -   မြန်မာစကားစာပေ၊ ရန်အောင်(၁)စာပေ

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - ၂၀၁၂ တစ်နှစ်လုံးအတွက် တွေ့ကြုံရမည့် ကံတရား၊ ဘ၀အောင်မြင်ရေး
                                      လမ်းညွှန်၊ လအလိုက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အချစ်ရေး၊ ယတြာများ ဖော်ပြထားသည့် ဂဏန်းဗေဒင် ဂဏန်း ၁ မှ ၉အထိ စာအုပ် ၉အုပ်

စာအုပ် ဈေးနှုန်း                 -  

ရက်စွဲ                             -   ၁၁.၀၉.၂၀၁၁

************************************************************

စာအုပ်အမည်                  -  မုန်တိုင်း ရှောင်ကွင်း အန္တရယ်ကင်း သင်္ဘောမောင်းနှင်နည်း

စာရေးဆရာ                    -  ကြိုင်လျှမ်း

စာအုပ်အမျိုးအစား            -  သင်္ဘောသားဆိုင်ရာ ဆောင်းပါးများ

ထုတ်ဝေသည့် စာအုပ်တိုက် -  စိတ်ကူးချိုချိုစာပေ

ထုတ်ဝေသည့် အကြိမ်        -  

စာအုပ် အကြောင်းအရာ      - ဂျာနယ်များ၌ ဖော်ပြပြီးသော ဆောင်းပါးများ ၂၄ပုဒ် စုစည်း ထုတ်ဝေခြင်း

စာအုပ် ဈေးနှုန်း                - ၁၆၀၀ကျပ်

ရက်စွဲ                             - ၁၁.၀၉.၂၀၁၁

ပြည်တွင်း၌ ထုတ်ဝေသည့် စာအုပ်သစ်များကို အချက်အလက်များ ရနိုင်သမျှ တတ်နိုင်သမျှ စုစည်း တင်ပြပေးပါမည်။ ရက်စွဲများမှာ စာအုပ်ကြော်ငြာသည့် ရက်စွဲများ ဖြစ်ပါသည်။ စာအုပ်အမျိုးအစားမှာ မိမိကိုယ်ပိုင် သတ်မှတ်ချက် ဖြစ်ပြီး လွဲမှားနိုင်ပါသည်။

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃

ယခုအပိုင်းရဲ့ အကြောင်းအရာကို မတင်ပြမှီ အောက်က ဗွီဒီယိုကလစ်လေးကို အရင်ဆုံးကြည့်စေချင်ပါတယ်။

(ထိတ်လန့်စရာ မြင်ကွင်းပါလို့ အသက် ၁၆နှစ်အောက်နှင့် အသည်းငယ်တတ်သူများ ကြည့်ရှုရန် မသင့်ကြောင်း ကြိုပြောပါရစေ။)



ဗွီဒီယိုကလစ်ရဲ့  ၁၆စက္ကန့် ကနေစတဲ့ ထိတ်လန့်စရာ မြင်ကွင်းမှာ တွေ့ကြရမှာပါ။ လူတစ်ယောက်က ကလေးနှစ်ယောက်ကိုချီပြီး ရေကန်တစ်ခုထဲကနေ ဖြတ်ကျော်နေတုန်း သူတို့နောက်မှာ ပေါက်ကွဲမှုတွေနဲ့အတူ အပေါ်မှာနိမ့်နိမ့်လေး ၀ဲနေတဲ့ ရဟတ်ယာဉ်က သူတို့အပေါ်ကို ပျက်ကျသွားပါတယ်။

သာမာန်ကြည့်ရင် ဒါဟာ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲက အထူးပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်ဇတ်ဝင်ခန်းတစ်ခန်းလို့ ထင်စရာရှိပါတယ်။ တကယ်တော့  ဒါဟာ ရုပ်ရှင်ရိုက်ကွင်းက ကင်မရာထဲမှာ မှတ်တမ်းတင်လိုက်နိုင်တဲ့ ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ တကယ့်အဖြစ်အပျက် တစ်ခု ဖြစ်နေပါတယ်။ အဲဒီထဲက ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ရဲ့ ကံကြမ္မာကတော့ ပြောပြဖို့လိုတော့မယ်မထင်ပါ။ အလွန်သွေးပျက်စရာ ကောင်းလှပါတယ်။

အခုလို ရိုက်ကွင်းထဲမှာ သွေးပျက်စရာ ကောင်းတဲ့အထိ မတော်တဆဖြစ်ပျက်ခဲ့ရလောက်အောင် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ တီဗွီစီးရီးကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ 'Twilight Zone, The Movie' ဆိုတဲ့ ဇတ်ကားပါပဲ။ ဒီဇတ်ကားထဲ စတေးသွားခဲ့ရတဲ့ ဓားစာခံသုံးယောက်ကတော့ အသက် ၅၃နှစ်အရွယ် သရုပ်ဆောင် ဗစ်မဲရိုး (Vic Marrow)၊ ကလေး သရုပ်ဆောင် မိုင်ကာ ဒင့်လဲ (Myca Dinh Le) အသက် ၇နှစ် နဲ့ Renee Shin-Yi Chen အသက် ၆နှစ် တို့ပဲ ဖြစ်ပါတယ်။

ဖြစ်ပျက်ပုံ...

ဒီဇတ်ကားဟာ ဇတ်လမ်းကွဲ အပိုင်းလေးပိုင်းရှိပြီး ဒါရိုက်တာလေးယောက်က အပိုင်းတစ်ပိုင်းစီ ရိုက်ကူးခဲ့ကာ ပထမဆုံးအပိုင်း ဒါရိုက်တာ ဂျွန်လန်းဒစ်စ် (John Landis) ရိုက်ကူးရတဲ့ (Time Out) ဆိုတဲ့ အပိုင်းမှာ ဒီမတော်တဆမှု ဖြစ်ခဲ့တာပါ။ အကြောင်းရင်းခံကတော့ ၁၉၈၂ခုနှစ် ဇူလိုင် ၂၃ရက်  ညနှစ်နာရီခွဲမှာ ရိုက်ခဲ့တဲ့ ရိုက်ကွင်းဇတ်ဝင်ခန်းတစ်ခုမှာ ပေါက်ကွဲရေး လုပ်ရတဲ့ ရိုက်ကွင်းထဲက ပညာရှင်က ပေါက်ကွဲစေတဲ့ မီးရှုးမီးပန်းတွေ ဖောက်ရာမှာ အနိမ့်ပြန်နေတဲ့ ရဟတ်ယာဉ်ရဲ့ ပျံသန်းမှုကို ထိခိုက်စေနိုင်တာ မတွက်ချက်မိပဲ... မီးရှုးနှစ်လုံးကို ဆက်တိုက်ဖောက်လိုက်ပါတယ်။ အဲဒီအချိန် မီးရှုးကထွက်လာတဲ့ အမှုန်အစတွေနဲ့ အပူရှိန်တွေကြောင့် အပေါ်မှာ နိမ့်နိမ့်လေး ပျံနေတဲ့ ရဟတ်ယာဉ်ဟာ ထိန်းချူပ်မှုကနေ လွတ်ထွက်သွားပြီး လေယာဉ်တစ်ခုလုံး လည်ကာ အောက်ကိုထိုးဆင်းသွားပါတယ်။ လေယာဉ်ကိုယ်ထည်ကတော့ ကုန်းပိုင်းကို ကျခဲ့ပေမယ့် လေယာဉ်ရဲ့ ပန်ကာ ဒလက်တွေကတော့ ရေကန်ထဲက လူတွေအပေါ်ကို တည့်တည့်ကြသွားပြီး ရေကန်ထဲက ဗစ်မဲရိုးနဲ့ ကလေးနှစ်ယောက်ကတော့ ပန်ကာဒလက်ရိုက်မိပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ ပြတ်ကာ အဲဒီနေရာမှာတင် အသက်ဆုံးရှူံး သွားခဲ့ကြရပါတယ်။ လေယာဉ်ပိုင်းလော့ကတော့ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ အခုနက ပေါက်ကွဲရေးတာဝန်ခံရယ် ဒါရိုက်တာရယ်နဲ့ ရဟတ်ယာဉ်ထိန်းချူပ်သူတွေ နားလည်မှုလွဲကုန်တာကနေ ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်ပါတယ်။


ဒီထဲက ကံဆိုးခဲ့ရတဲ့ ကလေးနှစ်ယောက်ဟာ ဒီရုပ်ရှင်ရိုက်ကွင်းထဲမှာ သူတို့ကို ထည့်ရိုက်နိုင်ဖို့ ရုပ်ရှင်ရိုက်သူတွေဟာ သာမန်ပေးနေကျထက်ပိုတဲ့ ငွေကြေးတွေ တရားမ၀င် ပေးခဲ့ပါတယ်။ ဒီလိုပေးရတာဟာ အဲဒီအချိန်တုန်းက သတ်မှတ်ထားတဲ့ ကယ်လိုဖိုးနီးယားပြည်နယ်ရဲ့ ကလေးများအလုပ်နဲ့ သက်ဆိုင်တဲ့ ဥပဒေကို ရှောင်လွှဲနိုင်ဖို့ ဖြစ်ပါတယ်။ ဒီရိုက်ကွင်းရိုက်တဲ့ အချိန်ဟာ ည ၂နာရီခွဲ အချိန်ခန့်ရှိပြီး..  ဥပဒေထဲမှာ ကလေးများကို အလွန်နောက်ကျတဲ့အချိန်မှာ အလုပ်လုပ်ခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာက အခုလို ညနောက်ကျချိန်မှာ ပေါက်ကွဲရေးတွေပါတဲ့ ရိုက်ကွင်းတွေထဲ ကလေးတွေကို အလုပ်လုပ်ခိုင်းစေတာကို ခြွင်းချက်အဖြစ် ခွင့်ပြုပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြရင်တောင် သက်ဆိုင်ရာက ခွင့်ပြုလိမ့်မယ် ဘယ်လိုမှ မထင်လို့ အခုလို တရားမ၀င်နည်းနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ Associate producer တစ်ယောက်ဖြစ်တဲ့ ဂျော့ဖောဆီး (George Folsey, Jr.) ဟာ ကလေးတွေရဲ့ မိဘတွေကို ရိုက်ကွင်းထဲမှာ ကလေးတွေ ပါနေတာကို မီးသတ်အဖွဲ့ကို မပြောပြဖို့ နှုတ်ပိတ်ထားပြီး ရိုက်ကွင်းထဲမှာလည်း အရံအသင့်ရှိနေတဲ့ မီးသတ်အရာရှိကို ဒီအကြောင်းဖုံးကွယ်ထားပါတယ်။ မီးသတ်အရာရှိကလည်း ဒီလိုပေါက်ကွဲမှုတွေ လုပ်တာဟာ ပျက်ကျမှု ဖြစ်စေနိုင်တာကို စိုးရိမ်မှု ရှိနေခဲ့ပေမယ့် ဒါရိုက်တာကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး...

ဒီမတော်မဆမှုကြောင့် ဒီရုပ်ရှင်အပိုင်း ရိုက်ကူးသူတွေကို တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ပြီး အမှုဟာ ၁၀စုနှစ်တစ်ခုနီးပါးမျှ ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရိုက်ကွင်းထဲမှာ ပါဝင်တဲ့  ဒါရိုက်တာ လန်းဒစ်စ်၊ Associate Producer ဖောဆီး၊ ထုတ်လုပ်မှု မန်နေဂျာ ဒန်အလင်ဂမ် (Dan Allingham), လေယာဉ် ပိုင်းလော့ခ် ဒေါဆီးဝင်ကို (Dorcey Wingo) နဲ့ ပေါက်ကွဲရေး မီးရှုးတာဝန်ခံ ပေါလ်စတီးဝပ် (Paul Stewart) တို့ဟာ လူအများအပြားသေဆုံးမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် ၁၉၈၇ခုနှစ်က တရားစီရင်မှုတစ်ခုမှာတော့ ပါဝင်သူ အားလုံးဟာ အပြစ်မရှိကြောင်း စီရင်ခံခဲ့ရပြီး တရားသေလွတ်ခဲ့ကြပါတယ်။

ဒီမတော်တဆမှု နောက်ပိုင်းမှာ ဟောလီးဝုဒ် ရုပ်ရှင်ရိုက်ကူးသူတွေဟာ ရဟတ်ယာဉ်သုံးရတဲ့ စတန့်တွေ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ရိုက်ကူးခဲ့ကြပါတယ်။ နောက်ပြီး ကလေးတွေပါတဲ့ ညဘက်ရိုက်ကွင်းတွေနဲ့ အထူးစတန့်တွေပါတဲ့ ရုပ်ရှင်ရိုက်ကွင်းတွေရဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ခဲ့ကြပါတယ်။

အဲဒီခေတ်ထဲက ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်မှုတွေမှာ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ ခေတ်မစားသေးလို့ အခုလို အန္တရယ်များတဲ့ စတန့်တွေ လုပ်ခဲ့ရပေမယ့် ၁၉၉၀ခုနှစ်နောက်ပိုင်း ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ ခေတ်စားလာတဲ့အခါမှာတော့ အဲလို အန္တရယ်များတဲ့ စတန့်ရိုက်ချက်တွေကို အများကြီး လျှော့ချနိုင်ခဲ့ပါတယ်။ ဥပမာ ပေါက်ကွဲရေးတွေ မီးလောင်မှုတွေပါတဲ့ စတန့်တွေနဲ့ လူသရုပ်ဆောင်တာတွေကို သပ်သပ်ခွဲရိုက်ပြီး နောက်မှာ ကွန်ပြူအထူးပြုလုပ်ချက်နဲ့ ပြန်ပေါင်းလိုက်ခြင်းလိုမျိုးကို ဆိုလိုတာပါ။

ဒီရုပ်ရှင်ထဲမှာ တွဲဘက် ထုတ်လုပ်သူ အနေနဲ့ရော ဒုတိယအပိုင်း ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ကတော့ နာမည်ကြီး ဒါရိုက်တာ စတီဗင် စပီးပတ် (Steven Spielberg) ဖြစ်ပြီး သူက ဒါရိုက်တာ ဂျွန်လမ်းဒစ်စ်ဟာ သူ့စကားတွေကို နာမထောင်ပဲ ရုပ်ရှင်ရိုက်ကွင်း ဥပဒေသတော်တော်များများကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီအဖြစ်အပျက်နောက်ပိုင်း ဂျွန်လမ်းဒစ်စ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တယ် သိရပါတယ်။

တခြားသူတွေရဲ့ အမှားတွေကြောင့် ရင်နင့်စရာ အသက် ဆုံးရှုံးသွားခဲ့ကြတဲ့ သရုပ်ဆောင် ဗစ်မဲရိုးနဲ့ ကလေးနှစ်ယောက် ဖြစ်တဲ့ မိုင်ကာနဲ့ ရီနီတို့ အတွက် ၀မ်းနည်းကြေကွဲရကြောင်း ဖော်ပြရင်း ခုလို မယုံနိုင်စရာ ဟောလီးဝုဒ်ရိုက်ကွင်းတစ်ခုရဲ့ နောက်ကွယ်က ကြွေကွဲစရာ အကြောင်းအရာတစ်ခုကို ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃ အဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ။

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂

Ref: http://en.wikipedia.org/wiki/Twilight_Zone:_The_Movie#Helicopter_accident

Sunday, September 11, 2011

ဒါတွေကို သင်သိရဲ့လား - ၎

- The duration record for a face-slapping contest was set in Kiev, USSR, in 1931 when a draw was declared between Bezbordny and Goniusch after 30 hours.

၁၉၃၁ခုနှစ် ဆိုဗီယက်ယူနီယံ ကိဗ်မြို့ မှာ ကျင်းပခဲ့တဲ့ ပါးရိုက်ပြိုင်ပွဲမှာ ဘက်ဇ်ဗော့ဒနီ နဲ့ ဂိုနီယက်ဇ်တို့ နှစ်ဦးဟာ နာရီသုံးဆယ်ကြာ အကြိတ်အနယ် ပါးရိုက် ယှဉ်ပြိုင်ခဲ့ရာမှာတော့ နောက်ဆုံး ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်ကြဘဲ ...  အဲလေ.. :P အနိုင်မရရှိကြဘဲ သရေပွဲ အဖြစ်ပြီးဆုံးသွားခဲ့ပြီး အရှည်ကြာဆုံး ပါးရိုက်နိုင်သူ နှစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

- Bernard Clemmens of London managed to sustain a fart for an officially recorded time of 2 minutes 42 seconds

လန်ဒန်က ဘားနက် ကလန်းမန်း ဆိုတဲ့သူဟာ ၂ မိနစ်နဲ့ ၄၂စက္ကန့်ကြာ အီး ကိုဆွဲပေါက် နိုင်အဖြစ် တရားဝင် မှတ်တမ်းဝင်ထားပါတယ်။

The longest bout of sneezing recorded was by Donna Griffith. It began in January 1981 and continued until September 1983. It lasted for 978 days, and 4,687,514 gesundheits.

 အဂ်လန်က အသက် ၁၂နှစ် အရွယ် ဒိုနာဂရစ်ဖစ် ဆိုတဲ့သူဟာ ၁၉၈၁ ဇန်န၀ါရီ ကနေ ၁၉၈၃ စက်တင်ဘာထိ ၉၇၈ရက် တိုင်တိုင် ၅မိနစ်တစ်ကြိမ်ခန့်လောက် နှာချေနေခဲ့လို့ အရှည်ကြာဆုံး နှာချေတဲ့လူအဖြစ် မှတ်တမ်းဝင်ထားပြီး Gesundheits ပေါင်း လေးသန်း ခြောက်သိန်း ရှစ်သောင်း ခုနှစ်ထောင် ငါးရာ တစ်ဆယ့်လေး ခါ ရခဲ့ပါတယ်။
(ဂျာမနီမှာ တစ်ယောက်ယောက်က နှာချေရင် Gesundheit လို့ ပြောကြတယ်။ အဓိပ္ပါယ်က ကျန်းမာပါစေတဲ့ မသေချာရင် မရှင်လေး ကို မေးကြည့်လို့ရတယ်။ :P )

Bonus: အောက်က ဗွီဒီယိုကလစ်လေး ကြည့်ကြည့်ပါ။ ကြည့်သူပေါင်း ၁၁၆သန်းကျော် ရှိတယ်။ မရီရရင် အသေသတ်..  :D



ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

နှစ်ပေါင်း တစ်ရာတိုင်အောင် ထိန်းသိမ်းခဲ့တဲ့ မဂ်လာရက်

စက်တင်ဘာ ၉ရက်နေ့က လက်ထပ်မဂ်လာပွဲကျင်းပခဲ့တဲ့ အမေရိကန် အိုးဟိုင်းယိုးက သတို့သမီးလေးဟာ သူမတို့ အဘီလက်ထက်ကတည်း မျိုးရိုးစဉ်ဆက် သတ်မှတ်ခဲ့တဲ့ လက်ထပ်မဂ်လာပွဲရက်ကို နှစ်ပေါင်းတရာပြည့် ထိမ်းသိမ်းခဲ့သူ အဖြစ်မှတ်တမ်း ၀င်သွားခဲ့ပါပြီ

လွန်ခဲ့ နှစ်ပေါင်းတစ်ရာက စက်တင်ဘာ ၉ရက်နေ့ဟာ သူမတို့အဘီ လက်ထပ်ခဲ့နေ့ဖြစ်ပြီး... သူမရဲ့ အဘေး၊ အဘိုးအဖွားတို့နဲ့ အဖေအမေတွေဟာလည်း ဒီရက်မှာ လက်ထပ်ခဲ့ကြတာပါ။ သူမလက်ထက်မှာတော့ ဒါဟာ ရာစုနှစ်တစ်ခုရှိသွားခဲ့ခြင်း ဖြစ်ပါတယ်။

သူမနဲ့ သူမရဲ့ သတို့သားတို့ လက်ထပ်မယ့်ကို ရွေးကြတဲ့အခါ သူမတို့ အဘိုးအဖွား အဖေအမေတွေ လက်ထပ်ပြီးစီးကြောင်း ကြော်ငြာခဲ့တဲ့ သတင်းစာဖြတ်ပိုင်းလေးတွေကို ပြပြီး သူမလည်း ဒီ စက်တင်ဘာ ၉ရက်မှာ မဂ်လာဆောင်ချင်ကြောင်း တောင်းဆိုခဲ့တဲ့အခါမှာ... သူမရဲ့သတို့သားက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။ သူမရဲ့ သတို့သားကတောင် နောင်သူတို့ရဲ့ သာသမီး မြေး မြစ် တီ တွတ် တွေထိ ဒီအမွေကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ခဲ့ရင် ကောင်းမှာပဲလို့  မျှော်လင့်နေပါတယ်။

ဒါပေမယ့် သူမတို့ မိသားစုဝင်တွေက သူတို့ရဲ့ ဘေး ဘိုးတွေ ဒီရက်ကိုမှ ဘာကြောင့် သတ်မှတ်ခဲ့ရသလဲ ဆိုတာကို သေချာ မသိရှိခဲ့ပါဘူးတဲ့.... ဗျာ...

Source

Saturday, September 10, 2011

စားသောက်ဆိုင်ကို နေရာမှားထည့်လို့ လမ်းညွှန်စာအုပ်ကုမ္ပဏီ တရားစွဲခံရ

အမေရိကန်နိုင်ငံ မွန်းတားနားမှ Bar 3 Bar-B-Q လို့အမည်ရှိသည့် စားသောက်ဆိုင်က ပိုင်ရှင် ဟန်တာ လပ်စေ(Hunter Lacey) တစ်ယောက် သူရဲ့ စားသောက်ဆိုင်လမ်းညွှန်ကို တိရိစ္ဆာန်အသေကောင်များ(အကြွင်းအကျန်များ) ဖယ်ရှားသည့်လုပ်ငန်းများ စာရင်းအောက်မှာ မှားထည့်မိတဲ့ လမ်းညွှန်စာအုပ်ကုမ္ပဏီ Dex Media Inc ကို ဒီလို လွဲမှားတဲ့ လမ်းညွှန်ကြောင့် သူ့လုပ်ငန်း ဆုံးရှုံးမှုတွေ ဖြစ်ရတဲ့အတွက် တရားစွဲလိုက်ပါတယ်။

ဒီလိုမှားထည့်ခဲ့မိတာ ၂၀၀၉ ခုနှစ်ကထုတ်တဲ့ လမ်းညွှန်စာအုပ်မှာကတည်းဖြစ်ပြီး ၂၀၁၀၊ ၂၀၁၁ ခုနှစ်ထုတ်တဲ့ စာအုပ်တွေလည်း ဒီအတိုင်းပဲ ထပ်ပြီးပါဝင်ပြီး အွန်လိုင်းလမ်းညွှန်မှာလည်း ဒီအတိုင်းပဲဆက်ပြီး ပါဝင်ခဲ့ပါတယ်။

စာသောက်ဆိုင်ပိုင်ရှင်ဟာ သူ့ဆိုင်လမ်းညွှန်အခုလို နေရာလွဲနေတာကို ဖုန်းတွေ အများအပြားဝင်လာပြီး လူတွေကတလွဲ လာစုံစမ်းနေတော့မှ စတင်သဘောပေါက်သွားပါတယ်။ ဒီတလွဲလမ်းညွှန်လေးကို လှောင်ထားတဲ့ဟာတွေ အင်တာနက်မှာ ဖော်ဝပ်လုပ်တဲ့မေးလ်တွေမှာ ပျံ့နှံ့နေပြီး နောက်ဆုံး စားသောက်ဆိုင်ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ လူတွေ လာတင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် ဂျေလန်နွန်ရဲ့ Tonight Show မှာလည်း ဂျေလန်နွန်က .... Bar 3 Bar-B-Q နာမည်နဲ့ တိရိစ္ဆာန်အကြွင်းအကျန်ဖယ်ရှားတဲ့ လုပ်ငန်း ဆိုပြီး လှောင်ပြောင်ခဲ့ပါသေးတယ်။

လပ်စေကတော့ ဒီပြဿနာဟာ သူ အဲဒီလမ်းညွှန်ကုမ္ပဏီဆီကနေ ကြော်ငြာထည့်သွင်းဖို့ မ၀ယ်တာကြောင့် ကြော်ငြာလာရောင်းတဲ့ ကုမ္ပဏီဝန်ထမ်းက တမင်လုပ်တာလို့စွပ်စွဲပါတယ်... လပ်စေရဲ့ရှေ့နေကတော့ လမ်းညွှန်ကုမ္ပဏီကို တရားတဘောင် မဖြစ်စေပဲ လျော်ကြေးငွေ ဒေါ်လာ ၄၁၇၀၀၀နဲ့ ကျေအေးစေဖို့ ကမ်းလှမ်းခဲ့ပြီး ပထမမှာ လမ်းညွှန်ကုမ္ပဏီဘက် စိတ်ဝင်စားဟန်ပြပေမယ့် နောက်ဆုံးမှာ ဘာအကြောင်းမှ မပြန်တာကြောင့်  ကုမ္ပဏီကိုလည်း နမော်နမဲ့လုပ်တဲ့အမှု၊ သရေဖျက်တဲ့အမှု စတာတွေနဲ့ တရားစွဲလိုက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

လမ်းညွှန်ကုမ္ပဏီဘက်ကလည်း ဒီလိုအမှားဖြစ်ရတာကို ၀မ်းနည်းပါကြောင်းနဲ့ နောက်ထပ်ထုတ်မယ့် စာအုပ်တွေမှာ အခုလိုထပ်မပါအောင် ဂရုစိုက်မှာဖြစ်ကြောင်း တောင်းပန်ထားပါတယ်။ ဒါပေမယ့် လမ်းညွှန်ကုမ္ပဏီက အခုလိုကိစ္စမှာ သူတို့မှာပဲ တာဝန်လုံးလုံးရှိတာကိုငြင်းဆိုထားပြီး လုပ်ငန်းများ ဆက်သွယ်ရန်နေရာကို လမ်းညွှန်စာအုပ်ထဲမှာ ဖော်ပြခွင့်ပေးလိုက်ကတည်း အဲဒီလုပ်ငန်းရှင်တွေဟာ အခုလို အမှားဖြစ်နိုင်ချေတွေရှိတာကို လက်ခံနိုင်ပါမည်ကို သဘောတူထားပြီးသား ဖြစ်ကြောင်း ပြောဆိုပါတယ်။

လပ်စေဟာ သူ့စားသောက်ဆိုင်မှာ တယ်လီဖုန်း စတင်တပ်ဆင်လိုက်ကတည်းက ဆိုင်ရဲ့ဖုန်းနံပါတ်ကို လမ်းညွှန်စာအုပ်ထဲထည့်ဖို့ သဘောတူထားခြင်း ဖြစ်ပါတယ်။

သူတို့ဆီက ကြံကြံဖန်ဖန်တွေပေါ့။ :D

Source

Friday, September 9, 2011

ရည်စားဟောင်းကို ဖုန်းအကြိမ် ၆၅၀၀၀ ခေါ်လို့ တရားစွဲခံရတဲ့ အမျိုးသမီး

နယ်သာလန် သဟိတ်ခ်မြို့က အသက် ၆၂အရွယ် အမျိုးသားတစ်ယောက် သူရဲ့ရည်စားဟောင်းက လွန်ခဲ့တဲ့ နှစ်တွေမှာ အဖုန်းအကြိမ်ပေါင်း ၆၅၀၀၀ခန့် ထပ်တလဲလဲ ခေါ်ခဲ့လို့ တရားရုံးကို တက်ရောက် တိုင်ကြားကာ တရားစွဲခဲ့ပါတယ်...

အဲဒီလိုတိုင်ကြားခဲ့လို့ သဟိခ်မြို့က ရဲတွေဟာ ထိုဖုန်းထပ်တလဲလဲ ခေါ်ခဲ့တဲ့ အသက် ၄၂အရွယ် အမျိုးသမီးကို သူမရဲ့နေအိမ်ရှိရာ ရိုတာဒန်မြို့ကနေ ဟန်းဖုန်းအများအပြား၊ ကွန်ပြူတာတွေနဲ့အတူ သွားရောက် ဖမ်းဆီးခဲ့ရပါတယ်။

တရားရုံးမှာ ထွက်ဆိုကြတဲ့အခါမှာတော့ အမျိုးသမီးက သူ့ကိုတရားစွဲတဲ့ အမျိုးသားဟာ သူမနဲ့ ဇတ်လမ်းရှိခဲ့ကြောင်းနဲ့ သူမ ဖုန်းခေါ်တဲ့အကြိမ်ရေဟာ အဲလောက်မများပါဘူးလို့ ထွက်ဆိုခဲ့ပြီး တရားလို အမျိုးသားကတော့ သူမနဲ့ သူနဲ့ ဇတ်လမ်းရှိခဲ့တာကို ငြင်းဆိုသွားပါတယ်။

နောက်ဆုံးမှာ တရားရုံးက အမျိုးသမီးကို တရားလိုအား နောက်ထပ်ဖုန်းထပ်မခေါ်တော့ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ :D

Source

စင်ကာပူ ပရိုမိုးရှင်းများ Charles & Keith Warehouse Sale


Event Details:
Date: 8 – 11 September 2011
Time: 10am – 8pm (ends at 5pm on last day)
Venue: 6 Tai Seng Link (Level 3), Charles & Keith Group Headquarters, Singapore 534101
via www.greatdeals.com.sg:

အိုင်ဖုန်းသုံးတဲ့ ဘလော့ကာတွေ အတွက် Google ရဲ့ Blogger App လာပါပြီ

 Photo via googlemobile.blogspot.com

အိုင်ဖုန်း (iPhone), အိုင်ပတ် (iPad), အိုင်ပေါ့တ် (iPod) တွေ သုံးနေတဲ့ ဘလော့ဂါအတွက် ဘာလော့ကာ ဆော့ဝဲလ်ကို (Blogger App) ကို Apple Store မှာ ရနိုင်ပြီး ဖြစ်ကြောင်း ဂူးဂဲလ်ရဲ့ မိုဘိုင်း ဘလော့ထဲမှာ မနေ့က ကြော်ငြာသွားပါတယ်။

ဒီဆော့ဝဲလ်လေးနဲ့ အိုင်ပေါင်းစုံကနေ ရထားစီးရင်း၊ ကားစီးရင်း၊ လမ်းလျှောက်ရင်း ပိုစ့်အသစ်တွေ တင်လို့ရတော့မယ်။ ရေးရုံရေးပြီး မတင်သေးလဲ ခါတိုင်းလို Draft ထဲမှာ သိမ်းထားလို့ရတယ်။ အရင်တုန်းက ကွန်ပြူတာနဲ့ တင်ထားတဲ့ ပိုစ့်တွေအားလုံး ပုံတွေအားလုံးလဲ အဲထဲကနေ မြင်နိုင်ပြီး ပြန်လည်ပြုပြင် တည်းဖြတ်နိုင်အောင်လည်း ဆော့ဝဲလ်က ပံ့ပိုးပေးပါတယ်။ အထူးခြားဆုံးက ဓါတ်ပုံကို ဖုန်းကင်မရာနဲ့ ချက်ချင်းရိုက်ပြီး တင်နိုင်တာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသားပုံတွေကို Gallery ထဲကနေ ရွေးပြီးတင်နိုင်ပါတယ်။

ဒီဆော့ဝဲလေးကို သုံးဖို့အတွက်တော့ Apple iOS 3.2 နဲ့ အထက် သုံးထားတဲ့ အိုင်ဖုန်း၊ အိုင်ပတ်၊ အိုင်ပေါ့ တွေရှိရပါမယ် ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Ref: http://googlemobile.blogspot.com/2011/09/announcing-blogger-app-for-ios.html

ဒါနဲ့ ကျနော်က Android သုံးတဲ့လူပါ။ Android အတွက် Blogger App က ထွက်တာ ဒီနှစ်စကတည်းပါ။ ကျနော် Android ဖုန်းစသုံးတာ မနှစ် ဒီဇင်ဘာကပါ။ ဒါပေမယ့် ကျနော့်ရဲ့ ဖြစ်အင်ကို ကြည့်ပါဦး...
အဟင့်... ရင်နာစရာ မကောင်းဘူးလား... (အောက်က ပုံတွင် ရှုပါ)



ဘာကြောင့်မှန်းလဲတော့ မသိပါဘူး ခင်ဗျာ...

Thursday, September 8, 2011

ဟောင်ကောင် တရုတ် အဆိုကျော် CoCo Lee လက်ထပ်တော့မည်

ဟောင်ကောင်နှင့် တရုတ်တွင် ကျော်ကြားရုံမျှမက အော်စကာဆု စကာတင်စာရင်းတွင်ပင် ၀င်ခဲ့သူ အဆိုတော် ကိုးကိုးလီ ဟာ သူမနဲ့ ၈နှစ်ကြာ လက်တွဲခဲ့တဲ့ အသက် ၅၄နှစ် အရွယ် ကနေဒါ စီပွားရေးလုပ်ငန်းရှင် ဘရုစ်ရော့ကိုဝစ် (Bruce Rockowitz) နဲ့ လာမည့် အောက်တိုဘာ ၂၈ရက်နေ့မှာ လက်ထပ်မဂ်လာပွဲ ကျင်းပတော့မှာ ဖြစ်ကြောင်း စက်တင်ဘာ ၅ရက်နေ့က သတင်းတွေမှာဆိုပါတယ်။

(Photo via Xin.MSN)

မဂ်လာပွဲဖိတ်စာတွေကို စတင်ဖြန့်ဝေနေပြီးဖြစ်ကာ လူအများစိတ်ဝင်တစား ဖြစ်လှသည့် ဖိတ်မယ့်သူစာရင်းထဲမှာ Talk Show ဘုရင်မကြီး အော်ပရာဝင်းဖရေး (Opera Winfrey)၊ ဂျက်ကီချန်း၊ အဆိုတော် ဘီယွန်ဆေးတို့ ပါဝင်ကြပါတယ်။ အော်ပရာ ၀င်းဖရေးနဲ့ ဂျက်ကီချန်းတို့က မဂ်လာပွဲကို တက်ရောက်ဖို့ အတည်ပြုခဲ့ကြပေမယ့် ဘီယွန်ဆေးကတော့ သူမရဲ့ ပထမဆုံး ကိုယ်ဝန်ကို လွယ်ထားတာကြောင့် တက်ရောက် မသေချာဘူး ဖြစ်နေပါတယ်။ မဂ်လာပွဲတက်ရောက်တဲ့ သူတွေအတွက် သူမတို့ ကိုယ်တိုင် စီစဉ်ပေးတဲ့ သီးသန့်ဂျက်လေယာဉ်နဲ့ ကြိုပို့ဖို့ လုပ်ထားပါတယ်။

မဂ်လာပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ စီစဉ်ဖို့အတွက် သူမရဲ့ အလုပ်တွေကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ရပ်နားထားတဲ့ ကိုးကိုးလီဟာ ပွဲကို ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မြောက်ရေး ဟောလီးဝုဒ်က ဆုရ အခမ်းအနားပြင်ဆင်သူ ပရက်စတန် ဘေလေ (Preston Beiley)ကို မဂ်လာပွဲစီစဉ်ရေး အတိုင်ပင်ခံအနေနဲ့ ခန့်ထားပါတယ်။ မဂ်လာပွဲခန်းမအနေနဲ့ ရွေးချယ်ထားတာကတော့ ဟောင်ကောင်က ရှောဘရားသား သီးသန့် စတူဒီယိုခန်းမ ဖြစ်ပြီး နိုင်ငံတကာအဆိုတော်တွေနဲ့ ဖြေဖျော်ဖို့လည်း စီစဉ်ထားကြောင်းနဲ့ ဒီပွဲရဲ့ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၀သန်းခန့် ရှိမယ်လို့ သိရပါတယ်။

ကိုးကိုးလီဟာ ဟောင်ကောင်နဲ့ တရုတ်ပြည်မှာ ကျော်ကြားတဲ့ အဆိုတော်ဖြစ်ပြီး အမ်တီဗွီအေးရှားရဲ့ ထိပ်ဆုံးစာရင်းတွေမှာ အကြိမ်ကြိမ်ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကျော်ကြားတဲ့ သီချင်းတွေဖြစ်တဲ့ "Do You Want My Love" "Just No Other Way" တို့ဟာ အာရှတင်မက အမေရိကန်နဲ့ ပြင်ပ အဂ်လိပ်သီချင်း ဈေးကွက်တွေမှာပါ အလွန်အောင်မြင်ခဲ့ပါတယ်။  ရုပ်ရှင်ဆုတွေ မြောက်များစွာ ရရှိပြီး အောင်မြင်ခဲ့တဲ့ 'Crouching Tiger Hidden Dragon' ရုပ်ရှင်ရဲ့ ဇတ်ဝင် သီချင်း 'A Love Before Time' ဟာ သူမသီဆိုပေးခဲ့တာ ဖြစ်ပြီး ၇၃ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ စကာတင်စာရင်း ပါဝင်ခဲ့တယ်... သူမကိုယ်တိုင်လည်း အော်စကာဆုပေးပွဲ သမိုင်းမှာ မထမဆုံး ပါဝင်ဖျော်ဖြေခဲ့ဖူးတဲ့ တရုတ်အဆိုတော် အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမ အသံသရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့တဲ့ ဇတ်ကားတကားကတော့ ဝေါ့ဒစ်စနေက ထုတ်လုပ်ခဲ့တဲ့ Mulan ကာတွန်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ကိုးကိုးလီဟာ ကွမ်တုန်၊ မန်ဒရင်း တရုတ် နဲ့ အဂ်လိပ် ဘာသာစကား သုံးမျိုးကို ကျင်လည်စွာ ပြောဆိုနိုင်ပါတယ်။

အသက် ၃၆နှစ်ရှိပြီးဖြစ်တဲ့ ကိုးကိုးလီဟာ  သူမရဲ့သတို့သားလောင်းနဲ့ ၂၀၀၃ခုနှစ်ကတည်းက တွေ့ဆုံခဲ့ပြီး ၂၀၀၅ခုနှစ်က စေ့စပ်ခဲ့ကာ စတင်တွေ့ဆုံချိန်မှ ခုချိန်ထိ ၈နှစ်ကြာလက်တွဲခဲ့ပြီးမှ အခုလို လက်ထပ်ဖို့ စီစဉ်လိုက်ခြင်းဖြစ်ပါတယ်။

Ref: 
http://www.channelnewsasia.com/stories/entertainment/view/1151145/1/.html
http://en.wikipedia.org/wiki/Coco_Lee

ဒါတွေကို သင်သိရဲ့လား - ၃

- အိုက်စလန်နိုင်ငံမှာ မီးရထားလမ်းနဲ့ မီးရထားစနစ်တွေ မရှိသလို၊ ကိုယ်ပိုင် စစ်တပ် လည်း မရှိပါဘူး။

- တောင်ကိုရီးယားမြို့တော် နာမည် 'ဆိုးလ်' ရဲ့အဓိပ္ပါယ်မှာ 'မြို့တော်' ပဲဖြစ်ပါတယ်။

- ကမ္ဘာပေါ်မှာ တက္ကသိုလ်အများဆုံးနိုင်ငံဟာ ............... အိန္ဒိ​ယနိုင်ငံပါ။ Source
  (တခြားနိုင်ငံတစ်ခုကို တွေးနေတာ မဟုတ်လား :P)

- အမေရိကန်နိုင်ငံ မစ်ချီကန်မှာ ထူးခြားတဲ့ နာမည်နဲ့ မြို့နှစ်မြို့ ရှိတယ်။ တစ်မြို့က HELL (ငရဲမြို့) နဲ့ တခြားတစ်မြို့ကတော့ PARADISE (သုခဘုံမြို့) တို့ ဖြစ်ပါတယ်။

- အမြဲတမ်းလူ နေထိုင်မှု မရှိသလို ဘယ်နိုင်ငံမှလည်း မပိုင်ဆိုင်တဲ့ ကမ္ဘာပေါ်က နေရာတစ်ခုကတော့ အန္တာတိက ဖြစ်ပါတယ်။

ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

Wednesday, September 7, 2011

ကြမ်းကြုတ်တတ်တဲ့ ဂျူပီတာနတ်မင်းကြီးရဲ့ ပဟေဠိတွေကို ရှာဖွေမယ့် ဂျူနိုနတ်မိဖုရား



(Photo Via Wiki)
(ဂျူပီတာနဲ့ ဂျူနိုကို ဒီဇိုင်း သရုပ်ဖော်ထားပုံ)

၃. ၂၀၁၁ သြဂုတ်လ ၅ ရက်နေ့က ဂျူပီတာဂြိုလ်ကို အသေးစိတ်လေ့လာနိုင်ဖို့အတွက် နာဆာကနေ Juno လို့ အမည်ပေးထားတဲ့ အာကာသယဉ်လေးကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီယဉ်လေးဟာ ခုချိန်မှာ ကျနော်တို့ရဲ့ ကမ္ဘာမြေကနေ မိုင်သန်းပေါင်း ၆သန်းကျော် အကွာဝေးကို ရောက်နေပါပြီး…

(Photo via Wiki)
ဂျူနိုရဲ့ ခရီး

ဂျူနိုယာဉ်လေးဟာ ဂျူပီတာဂြိုလ်ကြီးရဲ့ အနားလေးကို ရောက်ဖို့ မိုင်သန်းပေါင်း ၁၇၄၀ခန့် ခရီးသွားရပါမယ်… ခရီးသွားချိန် ငါးနှစ်ခန့် ကြာမှာ ဖြစ်ပြီး ခန့်မှန်းခြေ ၂၀၁၆ခုနှစ် ဇူလိုင်လ ၄ရက်နေ့လောက်မှာ ရောက်မယ်လို့ နာဆာက ပညာရှင်တွေ တွက်ချက်ထားကြပါတယ်။ ရောက်တဲ့အခါ ဂျူပီတာဂြိုလ်ကို ကမ္ဘာမြေရဲ့ရက်ပေါင်း ၁နှစ်ခန့် အချိန်ယူပြီး အပတ်ပေါင်း ၃၃ပတ် ပတ်မှာ ဖြစ်ပါတယ်။ ပတ်တဲ့အခါမှာ ဂျူပီတာဂြိုလ်မျက်နှာပြင်အထက် မိုင်ပေါင်း ၂၆၇၂မိုင် အကွာအဝေးလောက်ကနေ ပတ်မှာပါ။ ဂျူနိုဟာ တခြား အာကာယာဉ်တွေလို နူးကလီးယား စွမ်းအင်မသုံးဘဲ နေရောင်ခြည်စွမ်းအင်ကိုသုံးတဲ့ ပထမဆုံး အာကာသသွား ယာဉ်လေးပါ။ 

ဂျူနိုယာဉ်ပေါ်မှာ ထူးခြားတဲ့ အရာလေး သုံးခုသယ်ဆောင်သွားပါတယ်။ အဲဒါကတော့ ဖြုတ်ဆက်တတ်လို့ရတဲ့ LEGO လို့ ခေါ်တဲ့ အရုပ်လေး သုံးရုပ်ပါ။ အဲဒီ အရုပ်လေး သုံးရုပ်ဟာ လူတစ်ယောက်နဲ့ ရိုမန် နတ်ဘုရားနှစ်ပါးကို ကိုယ်စားပြုတဲ့ အရုပ်လေးတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ကတော့ အာကာသဆိုင်ရာ လေ့လာရေး ဖခင်ကြီး ကယ်လီလီယိုရဲ့ ပုံတူအရုပ်ဖြစ်ပြီး သူက အာကာသကြည့်မှန်ပြောင်းကို ကိုင်ဆောင်ထားတဲ့ဟန် သရုပ်ဖော်ထားပါတယ်။ နတ်ဘုရား နှစ်ပါးကတော့ ရက်စက်ကြမ်းကြုတ်တတ်တဲ့ ဂျူပီတာ နတ်ဘုရားနဲ့ အမှန်တရားကို ရှာဖွေ ဖော်ထုတ်တတ်တဲ့ သူရဲ့ဇနီး ဂျူနိုတို့ပဲ ဖြစ်ပါတယ်။ ဂျူပီနတ်မင်းကြီးက မိုးကြိုးသွားကို တစ်ခုကို ကိုင်ဆောင်ထားတဲ့ ဟန်နဲ့ နတ်မိဖုရား ဂျူနိုကတော့ အမှန်တရားကို ရှာဖွေဖို့ မှန်ဘီးလူးတစ်ခု ကိုင်ဆောင်ထားတဲ့ဟန် သရုပ်ဖော်ထားပါတယ်..

(Photo via Wiki)
 ဂျူနိုယာဉ်ပေါ်က အရုပ်လေး သုံးရုပ်

ရိုမန် ဒဏ္ဍာရီထဲမှာ ဂျူပီတာနတ်မင်းကြီးဟာ သူ့ရဲ့မတရားတဲ့လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် တိမ်တောင်တစ်ခုဖန်ဆင်းပြီး ဖုံးကွယ်ထားပေမယ့်… ဂျူနိုဟာ အိုလံပတ်စ်တောင်ကနေ ဒါကို မြင်နိုင်စွမ်းရှိပြီး သူရဲ့ခင်ပွန်းရဲ့ ပင်ကိုသရုပ်အမှန်ကို ဖော်ထုတ်ခဲ့ကြောင်း ဆိုထားပါတယ်။ ဒါကြောင့် သူရဲ့အရုပ်ပုံကို အမှန်တရားကို ရှာဖွေနိုင်တဲ့ မှန်ဘီးလူးကြီးတစ်ခု ကိုင်ဆောင်ထားဟန် သရုပ်ဖော်ထားခြင်းဖြစ်ပြီး… ဂျူပီတာဂြိုလ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ့် အာကာသယာဉ်လေးကိုလည်း ဂျူနိုလို နာမည်ပေးထားခြင်း ဖြစ်ပါတယ်…

ဂျူနိုအကာသယာဉ်လေးဟာ ၂၀၁၇ အောက်တိုဘာလခန့်မှာ သူရဲ့ တာဝန်ကိုပြီးဆုံးဖို့ မျှော်မှန်းထားပြီး … ပြီးရင်တော့ ဂျူပီတာဂြိလ်ပေါ်ကို ထိုးဆင်းကာ သူ့ကိုသူ အဆုံးသတ်လိုက်မှာ ဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ဘီလီလျံခန့်ရှိပါတယ်။

ဂျူပီတာဂြိုလ်ဟာ ကျနော်တို့ရဲ့ နေစကြာဝဠာထဲက ဂြိုလ် ၈လုံးထဲမှာ အကြီးဆုံး ဂြိုလ်ကြီးဖြစ်ပြီး အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ မုန်တိုင်းတွေ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ပြည့်နေတဲ့ ဂြိုလ်ကြီးဖြစ်ပါတယ်။ သူရဲ့အရွယ်အစားဟာ ကျနော်တို့ရဲ့ ကမ္ဘာဂြိုလ် အလုံးပေါင်း ၁၀၀၀ခန့် ၀င်ဆန့်နိုင်တဲ့ အရွယ်အစားရှိပါတယ်… ဂျူနိုအာကာသယာဉ်ဟာ ဂျူပီတာဂြိုလ်ကို ပထမဆုံးရောက်မယ့် ယာဉ်တော့မဟုတ်ပါဘူး … သူ့အရင် Pioneer, Voyager, the Galileo orbiter နဲ့ New Horizons အာကာသယာဉ်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရင်း ဂျူပီတာဂြိုလ်နားကနေ အနီးကပ် ဖြတ်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျူနိုကတော့ ဂျူပီတာဂြိုလ်ကို လေ့လာဖို့သက်သက် သွားရောက်တဲ့ ပထမဆုံး အာကာယာဉ်ပါ ခင်ဗျာ…

Ref: http://en.wikipedia.org/wiki/Juno_(spacecraft)

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂

(Poster Via Wiki)
xXx Movie Poster

Fast and Furious စတား Vin Diesel သရုပ်ဆောင်ပြီး ၂၀၀၂မှာ ရုံတင်ပြသခဲ့တဲ့ xXx  ရုပ်ရှင်ကားကို လူတိုင်းလိုလို ကြည့်ဖူးကြမှာပါ။ စတန့်ခန်းတွေ မြောက်များစွာနဲ့ ကြည့်လို့ အင်မတန်မှ ကောင်းတဲ့ ဇတ်ကားတစ်ကားပါ။ စစချင်း တံတားပေါ်ကနေတဆင့် ကားနဲ့အတူ ခုန်ချတဲ့အခန်း… နောက် ဆိုင်ကယ် စတန့်ခန်းတွေ… လေယာဉ်ပေါ်ကနေ ခုန်ချတဲ့ အခန်းတွေဟာ အလွန်ထိတ်လန့်ဖွယ် စတန့်ခန်းတွေ ဖြစ်ပြီး… ကြည့်ရတာလည်း ယုတ္တိတန်လှပါတယ်…
ဒီလို ဆန်းပြားတဲ့ စတန့်တွေမှာ ထုံးစံအတိုင်း မင်းသား ဗင်ဒီဇယ် ကိုယ်တိုင် မလုပ်နိုင်တဲ့ အခန်းတွေများစွာ ရှိပါတယ်… အဲဒီတော့ အစားထိုး စတန့်သမားကပဲ စတန့်နေရာတွေကို သရုပ်ဆောင်ရပါတယ်… ဒီဇတ်ကားထဲမှာ ဗင်ဒီဇယ် နေရာကို သရုပ်ဆောင်ရတဲ့ စတန့်သမားကတော့ ‘ဟယ်ရီ အိုး ကော်နာ’ (Harry L. O'Connor) ပါ။
ပထမပို့စ်က ‘မက်လင်န်’ လိုပဲ ဒီဇတ်ကားမှာလည်း ‘အိုးကော်နာ’ ဟာ စတန့် သရုပ်ဆောင်ရင်း မတော်တဆမှု ဖြစ်ခဲ့ပါတယ်… ဖြစ်ပုံက Parasailing (စပိဘုတ် သို့မဟုတ် စက်လှေနဲ့ ဆွဲပြီး စီးရတဲ့ လေထီး) ပေါ်ကနေ ဆွဲဆင်းပြီး ရေငုတ်သဘောင်္ပေါ်တစ်ခုပေါ်ကို တိုင်မင်ကိုက် ခုန်ဆင်းရတဲ့အချိန်မှာ… အိုးကော်နာဟာ အချိန်မီ မဆင်းနိုင်ခဲ့လို့ လေထီးပေါ် ဆက်ပါသွားရင်း တံတားတစ်ခုနဲ့ အရှိန်ပြင်းစွာ တိုက်မိသွားပါတယ်။ အိုးကော်နာကို မက်လင်န်လို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး… အိုးကော်နာဟာ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်… 

ဒီဇတ်ကားရဲ့ ဘတ်ဂျတ်က ဒေါ်လာသန်း ၇၀ ထဲပါ။ ဒါပေမယ့် အိုးကော်နာလို လူတစ်ယောက်ဆုံးရှုံး သွားတဲ့အတွက် အင်မတန်မှ အရင်းအနှီးကြီးမားတဲ့ ဇတ်ကားဖြစ်သွားရပါတယ်… ဒီဇတ်ကားကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ Rob Cohen က ဒီအဖြစ်အပျက်ရဲ့ မှတ်တမ်းကို ရုပ်ရှင်ထဲမှာ ထည့်ဖို့ ဆုံးဖြတ်ခဲ့ပြီး... နောက်ဆုံး တည်းဖြတ်ခြင်းရောက်တော့... အိုးကော်နာရဲ့ နောက်ဆုံးပုံရိပ်ကို လေးစားတဲ့ အနေနဲ့ အဲဒီမှတ်တမ်းကို ဖြုတ်ချန်ရစ်ခဲ့ပါတယ်... အခုလို လူအသက်သေဆုံးခဲ့တဲ့ အထိ ဖြစ်ပျက်ခဲ့တဲ့ xXx ရုပ်ရှင်ကား ရိုက်ကွင်းထဲက ဒီဖြစ်ရပ်ဟာ ဟောလီးဝုဒ် ရိုက်ကွင်းပေါ်က ကြေကွဲဖြစ်ရာ ဖြစ်ရပ်များထဲက တစ်ခုအပါအ၀င် ဖြစ်တယ်လို့ တင်ပြရင်း နောက်ထပ် ဖြစ်ရပ်များကို ဆက်လက်ပြီး တင်ပြသွားပါဦးမယ် ခင်ဗျာ…

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ

Ref;
http://en.wikipedia.org/wiki/XXx

Tuesday, September 6, 2011

ဓါတ်ပုံ ထဲက အစက်နှစ်စက် (ပဟေဠိ)

ကလစ်နှိပ်ပြီး ပုံအကြီး ချဲ့ကြည့်နိုင်သည်။

ကဲ ဒီတစ်ခါ ကျနော်ကချည်းပဲ ဇွတ်မရေးတော့ဘဲ ကျနော့် စာဖတ်ပရိသတ်ကို ပဟေဠိလေး နည်းနည်း ဖွက်ချင်ပါတယ်။

အပေါ်က ပုံကို ကြည့်ပါ... မှောင်မှောင်မည်းမည်းထဲက အစက်နှစ်စက်ထဲ ပါတဲ့ ဓါတ်ပုံတစ်ပုံ .... ဒါက တကယ့် ဓါတ်ပုံတစ်ပုံပါ။ ဘာမှ ထပ်ပြီး မပြုပြင်ထားပါဘူး... ဒီဓါတ်ပုံကို ရဖို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့ရပါတယ်...

ကဲ မေးခွန်းကတော့ ... 
၁. ဘာကိုရိုက်ထားတဲ့ ဓါတ်ပုံပါလဲ...
၂. ဘယ်သူက ရိုက်ထားပါသလဲ...
၃. အကြောင်းအရာကိုပါ... ရှင်းပြနိုင်ရင် ရှင်းပြပေးပါ။

အခုတလော အင်တာနက် သတင်းတွေထဲ ဒီဓါတ်ပုံ အကြောင်း ပါပါတယ်...

အဖြေတွေကို ကောမန့်မှာ ရေးပေးခဲ့စေချင်ပါတယ်... 
ကျနော့်ဘလော့ စတာ မကြာသေးပါဘူး... ဒါပေမယ် ပရိသတ်တော့ အနည်းငယ် ရှိလိမ့်မယ် ထင်ပါတယ်... 

ဟီးဟီး အဖြေတွေရဖို့ မျှော်လင့်ပါတယ်... အဖြေမှန်တဲ့ သူတွေကို ဆုချပါမယ်.. (တကယ် အတည်) :D