Friday, December 30, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Gain City mini IT Show Expo

စင်ကာပူကလူများအတွက် နှစ်သစ်ကူး လက်ဆောင် :P
They also offer for trade in deals.


Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own any of them.

မောင်သန့်နှင့် ခရစ်စမတ် - ၂

မနေ့ကတည်းက ဆက်ရေးချင်ပေမယ့် စိတ်မကောင်းဖြစ်နေလို့ ဘာမှကို သိပ်ထွေထူး မလုပ်ချင်ဘူး ဖြစ်နေခဲ့တယ်

ခရစ်စမတ်တဲ့...

မောင်သန့် စင်ကာပူကို ရောက်တဲ့အချိန်ဟာ ခရစ်စမတ်နဲ့ သိပ်မဝေးတဲ့အချိန်ပါ။ အဲဒီမှာ အလုပ်ရသွားတော့ စင်ကာပူက ခရစ်စမတ်ကို တိုက်တိုက်ဆိုင်ဆိုင် ကြုံရတာပါပဲ။ တကယ်တမ်း ပြောရရင် ခရစ်စမတ်မတိုင်ခင် ဘယ်မှလည်း မရောက်ဖြစ်ဘူး။ မီးထွန်းတာတွေလည်း မသိပါဘူး။ တကယ့် ခရစ်စမတ်ညရောက်တော့မှ အိမ်မှာနေရတာ ပျင်းလို့ဆိုပြီး သူငယ်ချင်းကိုခေါ်ကာ နာမည်ကျော် အော်ချက်လမ်းမဆီကို ချီတက်သွားကြပါတယ်။

အဲမှာ ရထားဘူတာကနေ စစထွက်ချင်း တွေ့လိုက်ရတာက လူအုပ်ကြီးပါ။ နည်းတဲ့ လူအုပ်ကြီးမဟုတ်ပါဘူး။ အဲဒီလူအုပ်ကြီးက အားလုံးတပြိုင်တည်း တစ်နေရာရာကို တရွေ့ရွေ့ချီတက်နေတာ ကျနော်တို့လည်း ရောယောင်ကာ ဘာမှမလုပ်ရသေးဘဲ လူအုပ်ထဲ ပါသွားပါတယ်။ အဲဒါနဲ့ ကျနော်က ရှေ့မှာတခုခုရှိလို့ ဖျော်ဖြေရေးရှိလို့ အဲဒီကို လူတွေ သွားနေတယ်ထင်တာ။ အဲလိုကြည့်ရမလားဆိုပြီး စိတ်ကလှုပ်ရှားနေတယ်။ သာမန်ဆို လူအုပ်ကြီးနဲ့ လူတွေအများကြီး ရှိတဲ့နေရာတွေကို မကြိုက်ပါဘူး။ လုံခြုံရေး တာဝန်ယူတဲ့ ရဲတွေက စင်အမြင့်ကြီးဆောက်ပြီး အဲအပေါ်ကနေ အားလုံး လှမ်းရှိုးနေတာ စင်က တလျှောက်လုံး လေး ငါး ခြောက်ခုလောက် ရှိမယ်။

အဲလိုနဲ့ ကျနော်တို့လဲ ရှေ့ဘာရှိမလဲ လည်ပင်းဆန့် မျှော်ရင်း လူအုပ်ထဲ လမ်းလျှောက်စရာမလိုဘဲ ပါသွားရင်းနဲ့ တော်တော်ကြာသွားနေမိတာ သတိထားမိတယ်။ တောသား မြို့တက်ဆိုတော့လည်း ရှေ့မှာ ဘာရှိလို့ လူတွေ ဒီလောက်သွားနေတာလည်း စိတ်က၀င်စားတော့ တောက်လျှောက်လိုက်တာပဲ။ ကိုယ့်နောက်မှာလဲ လူတွေက အများကြီးကိုး။ သူငယ်ချင်းတွေကလည်း ဒီလိုအချိန် ဘယ်သူမှ မလာဖူးတော့ သူတို့လည်း မသိဘူး။ အဲလိုတော်တော်ကြာ လျှောက်တာ ဘာမှ မတွေ့ရဘူး နောက်ဆုံး ပြန်သတိထားမိတော့ ကိုယ်စလျှောက်တဲ့နေရာ ကိုယ်ပြန်ရောက်နေတာ သိရတယ်။ လမ်းလည်း ဘယ်အချိန်က ပြန်ဖြတ်ကူးပြီး ကိုယ့်နေရာ ပြန်ရောက်မှန်း မသိဘူး။ အဲမှာ တော်တော် စိတ်ပျက်သွားတယ်။

ဘယ်နှယ့် ဘာမှမရှိဘဲနဲ့ လူတွေက ဒီလိုပဲ လှည့်လျှောက်နေတာလားဆိုပြီး။ ဒါနဲ့မကျေနပ်သေးဘူး အနားက ခပ်မြင့်မြင့် ရှိမယ့် ရှော့ပင်မော တစ်ခုပေါ်တက်ပြီး အပေါ်စီးကနေ လှမ်းကြည့်လိုက်တယ်။ အဟုတ်ဗျာ ဘာမှ ထွေးထူးမရှိဘူး။ ဒီလိုပဲ လှည့်လျှောက်နေတာ။ လူငယ်တွေကကျတော့ ဘာလုပ်လဲဆို ဖျန်းလိုက်ရင် ဟို ကြိုးရှည်ရှည်လိုထွက်တဲ့ဟာမျိုးတွေ တစ်ယောက်ကို တစ်ယောက် အဲဒါနဲ့လုပ်နေတာ တွေ့ရတယ်။ ဒီလိုပဲ နောက်လိုက်ပြောင်လိုက် အဲဒီမှာ စီတန်းလှည့်လည်နေတာ။ အဲဒါနဲ့ တော်တော်မောသွားတယ်။ ဟင်း ဘာမှ မဟုတ်ဘဲနဲ့ ဆိုပြီး။ အဲဒီအချိန် မီးတွေဘာတွေလှတယ်လည်း သတိမထားမိဘူး။ ဒါနဲ့ပဲ တင်းသွားပြီး အိမ်ပြန်လာကြတယ်။ လမ်းမှာ တချို့လွှတ်ပစ်လိုက်တဲ့ ဖျန်းတဲ့ဘူးတွေကို တွေ့တော့ ကောက်ပြီး အချင်းချင်း ဖျန်းပြီး လမ်းမှာ နောက်လာကြတယ်။ အမယ်အဲတော့မှ နည်းနည်းပျော်စရာ ကောင်းလာတယ်။ ဒါပေမယ့် ရထားဘူတာရောက်တော့ အဲဒါအကုန်လွှတ်ပစ်ခဲ့ရတယ်။

ဒါနဲ့ပဲ အိမ်ပြန်ရောက်လာပြီး ဟတ်ခ်မထိတဲ့ စင်ကာပူက ပထမဆုံး ခရစ်စမတ်ညကို ဖြတ်သန်းခဲ့ရတယ်။

သို့သော်လည်းပဲ နောက်နှစ်များမှာ ဖြတ်သန်းခဲ့တဲ့ စင်ကာပူက ခရစ်စမတ်ညများကတော့ ရိုးရိုးရှင်းရှင်းနဲ့ လှလှပပ ရှိခဲ့ပါတယ်။ ခရစ်စမတ်ကာလ ခရစ်စမတ်ရောက်ခါနီး တစ်လအလိုဆိုရင် စင်ကာပူမှာ တစ်နိုင်ငံလုံးအနှံ့ ရှော့ပင်မောတွေ အထင်ကရ နေရာတွေမှာ မီးရောင်စုံနဲ့ အလှဆင်ကာ ထွန်းထားပြီး အောချတ်(Orchard)၊ ဗီဗိုးစီးတီး(Vivo City)၊ မာရီနာဘေ(Marina Bay) စတဲ့နေရာတွေမှာ စတိတ်စင် ဖျော်ဖြေရေးတွေ ပါဖောင့်မန့်ဖျော်ဖြေရေးတွေ ရှိကြပါတယ်။ အဲဒီတော့ ခရစ်စမတ်နီးလာပြီ ဆိုရင် အဲဒီနေရာတွေကိုသွား ဓါတ်ပုံရိုက် ခရစ်စမတ်နေ့တွေဘာတွေဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်တစ်နေရာရာ ညစာစား လုပ်တတ်လာပါတယ်။

စင်ကာပူရဲ့ ခရစ်စမတ် ဒုတိယနှစ်ကတော့ အိမ်ပြန်တာရယ် အဲဒီနှစ်က စွန့်စွန့်စားစား နယူးရီးယားပွဲအတွက် ပြင်ဆင်နေတာနဲ့ သိပ်ပြီး ဘာမှမလုပ်လိုက်ရဘူး။ တတိယနှစ်မှာ မှတ်မှတ်ရရ ခရစ်စမတ်အတွက် ရုံးက မလေးရှားကမ်းခြေတစ်ခုကို လိုက်ပို့ပေးတယ်။ ရုံးမှာ ခရစ်စမတ်လက်ဆောင်တွေလဲ ကြပါတယ်။ ပြီးတော့ ခရီးသွားတုန်းက အဖွဲ့လိုက်လုပ်တဲ့ ပြိုင်ပွဲမှာ တတိယရလို့ ဆုတော်ငွေလဲရလိုက်တယ်။ ငှဲငှဲ အခုလက်ရှိထိ လုပ်နေတဲ့အလုပ်ပေါ့... အဲနှစ်ကမှ အလုပ်စ၀င်တာ... မောင်သန့်တို့ ကံကောင်းတာလို့ မထင်ပါနဲ့... နောက်တစ်နှစ် မနှစ်ကကျတော့ ဘာခရီးမှာ မလာတော့ဘူး ရုံးမှာ လက်ဆောင်လဲတာရယ် ဒင်နာရယ်နဲ့ ရုံးမှာ အလှဆင်ပြီး ဟိုဆော့ဒီဆော့ လုပ်တာရယ်နဲ့ပဲ ပြီးသွားတယ်။ အဲ ဒီနှစ်ကျတော့ အဟင့်.. ရုံးမှာ ဘာမှ အလှမဆင်နိုင်ဘူး... ပြီးတော့ ကြားရက်ကြီးကို ခေါ်ပြီး ဘူးဖေးဒင်နာတော့ ကျွေးတယ်။ ဒီနှစ်ကံဆိုးပုံများ တရုံးလုံး အချင်းချင်းလက်ဆောင်လဲတာ မောင်သန့်ကို လက်ဆောင်ပေးဖို့ မဲကျတဲ့သူက ခွင့်ယူထားတယ်... တရုံးလုံး သူတစ်ယောက်ထဲ ခွင့်ယူထားတာဆိုတော့ မောင်သန့်တစ်ယောက်ပဲ ခရစ်စမတ်လက်ဆောင် မရဘဲ ဖြစ်သွားတယ်။ အဟင့်... ရုံးကအဲလို တိုးတက်လာတာ...

အဲကလို အဲကလိုနဲ့ မောင်သန့်ဟာ ခရစ်စမတ်တွေကို ဖြတ်သန်းလာခဲ့တယ်။ ကဗျာလည်း မဆန် စာလည်း မဆန်ပါဘူး။ ဟိုလိုလို ဒီလိုလိုနဲ့။ ဒါပေမယ့် အခုလို ဟောလီးဒေးရာသီမှာတော့ ဘယ်မှ ခရီးထွက်ဖို့ အပန်းဖြေဖို့ ဆန္ဒမရှိပါ။ ဘယ်တုန်းကမှလည်း မလုပ်ဘူး။ လူများတာကို မကြိုက်လို့။ မနှစ်ကခရစ်စမတ်နေ့တုန်းက လူတွေသိပ်မသွားတဲ့ နေရာတစ်ခုကို သူငယ်ချင်းတစ်ချို့နဲ့ သွားပြီး ဓါတ်ပုံရိုက် ညစာစားတယ်။ ဒါပေမယ့် စင်ကာပူမိုးက ဖျက်တယ်လေ။ မနှစ်ကလည်း ရွာတယ်။ ဒီနှစ်လည်း ရွာတယ်။ ဒီနှစ်ကျတော့ ခရစ်စမတ်နေ့မှာ ရုပ်ရှင်ကြည့်ဖြစ်တယ်။ စင်ကာပူမှာ တခါမှ ရုပ်ရှင်မကြည့်ဖူးတဲ့ ညီဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်ကို ရုပ်ရှင်အလှူပြုတယ်။ ဇတ်ကားက အရင်တပတ်က မကြည့်ဖြစ်ခဲ့တဲ့ ရှာ့လော့ဟုမ်းပါ။ ကောင်းပါတယ်။ ပြီးတော့ အိမ်ပြန်တယ်။ အိပ်တယ် မိုးအေးအေးနဲ့။

ဆိုတော့ ခရစ်စမတ်နေ့ကို ဘာမှထွေထူး ရည်ရွယ်ချက်တစ်ခုအနေနဲ့ ဆင်နွှဲဖြစ်တာမရှိခဲ့ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ နောင်များတော့ ဘယ်လိုလာမလဲ မသိဘူး။ ဒါပေမယ့် နှစ်သစ်ကူးကိုတော့ သေချာစီစဉ်ပြီး အပျော်အပါးတွေနဲ့ ဖြတ်သန်းတာတော့ ရှိတယ်။ နှစ်သစ်ကူးအကြောင်းကတော့ နှစ်သစ်ကူးပြီးမှ ရေးမယ်လေ။ အခုတော့ လာမယ့်နှစ်သစ်ကူးကိုလည်း သူငယ်ချင်းတွေ အများကြီးနဲ့ နွှဲဖို့ ရှိတယ်။ ဒီညနေကတည်း စပြီး ကိုယ်ကဘာလုပ်ရမယ်ဆိုတဲ့ စာရင်းရောက်လာမယ်ထင်တယ်။ မနက်ဖြန်မှာ အလုပ်ရှုပ်တော့မယ်။ နှစ်ကူးပြီးမှ ဘလော့ ပြန်ရေးနိုင်တော့မယ်ဆိုတော့ အားလုံးကို တခါတည်း နှုတ်ဆက်ပါတယ်။

ဒေါ်ကန်ဒီ (ခေါ်) မချိုချဉ်ရဲ့ တဂ်ပိုစ့်ကို ရေးခြင်း တဖြစ်လဲ... ပိုစ့်ရဲ့ တတိယပိုင်းအဖြစ် ဓါတ်ပုံများကို ရှာဖွေပြီး တင်ပါဦးမယ် :D

မောင်သန့်နှင့် ခရစ်စမတ်

~~~Happy New Year 2012~~~


Wednesday, December 28, 2011

ဘာလို့ မိန်းကလေး ကြယ်သီးက ဘယ်ဘက်နဲ့ ယောက်ျားလေး ကြယ်သီးက ညာဘက် ရှိ

- မိန်းကလေးတွေရဲ့ အင်္ကျီကြယ်သီးဟာ အမြဲတမ်း ဘယ်ဘက်မှာရှိပြီး၊ ယောက်ျားလေးတွေရဲ့ အင်္ကျီကြယ်သီးကျတော့ ညာဘက်မှာ အမြဲတမ်း ရှိပါတယ်။

ဘာကြောင့်ပါသလဲ?

နောက်ဆုံး ဖွက်ခဲ့တဲ့ ပဟေဠိပါရဲ့ အဖြေကို ရှင်းပါမယ်... မရှင်းခင်မှာ ကောမက်မှာ ဖြေသွားကြတဲ့ သူတွေရဲ့ အဖြေကို အရင်ကြည့်ကြည့်ရအောင်...

မောင်ဘုန်း said...
အယ် ... ဟုတ်ပ အခုမှ ကြည့်မိတယ် .... မသိဘူး ဗျ .. စိတ်ဝင်စားစရာပဲ နော် ... နောင်တော် အဖြေ ရေတဲ့ နေ့ မှပဲ လာဖတ်တော့မယ် ...

<အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားတဲ့ ကိုမောင်ဘုန်းကို ကျေးဇူးအထူးတင်တယ်နော်> :D

Candy said...
ကိုမောင်သန့်တို့တော့ ခေါင်းစားအောင်လုပ်ပြီ။
ယောက်ျားလေးတွေရဲ့ အကျီကြယ်သီးကို မိန်းကလေးတပ်ပေးနိုင်အောင် များလား.. မှန်လားဟင်??
ဗဟုသုတနုံချာတဲ့ ကန်ဒီတယောက်မတိပါဘူးရှန် အဟင့် :(

<ကန်ဒီ အဖြေက မှန်မလိုနဲ့ လွဲနေတယ် :P >


Anonymous said...
Women were buttoned by their maids or slaves long time ago coz they put the buttons at the back of the clothes. Men button themselves,
Mg tout

<Your answer partial right. If women buttons at the back, it should be on their right to button by others, isn't it?>

ဘိုဖြူ said...

    အမှန်အတိုင်းပြောရရင်လုံးဝမသိပါဘူးဗျာ
    တစ်ခါမှလဲမစဉ်းစားခဲ့ပါဘူး
    ဒါကြောင့်အဖြေကိုပဲ စောင့်နေပါ့မယ်ဗျာ

<ဟုတ်ကဲ့ ကိုဘိုဖြူ  အခုလို ဖြေကြားပေးတာ ၀မ်းသာမဆုံးနိုင်ပေ :D >
 
ဇင်မျိုး said...

    Nobody's certain, but the usual answer given is that men's clothing buttons the left side over the right because that's easier for right-handed people to manage, while women's clothing does the reverse because, in Victorian times, ladies didn't button their own clothes, but had maids to do it. As for the maids, their clothes weren't fancy enough to have buttons.

    An alternative answer is that women nursed on the left side, near their hearts, and reversing the button opening made this easier for them.

    We confess we're more than a little skeptical about these answers, and we're not alone: presents both, and is no more satisfied with them than we are. But they're the best we have to offer.

    (ref : internet) :D
  
<ကိုဇင်မျိုး not bad>

jasmine(တောင်ကြီး) said...
နဂိုကမှ ခေါင်းမှာကြာဆံထွက်ချင်နေပါတယ်ဆိုနေမှ

<ဂျပ်စ်မင်း၊ ခေါင်းမှာ ကြာဆံထွက်တော့ ကြာဇံပြုတ်တဲ့အခါ မ၀ယ်ရတော့ဘူးပေါ့>

ကိုအောင်(ပျူနိုင်ငံ) said...
မသိဘူးဗျ၊ အခု လိုက်ဖတ်နေတယ် ...

<လိုက်ဖတ်လို့ ပြီးပြီးလာ အကို :P >

အဖြေက ရှင်းရှင်းလေးပါ...
ရှေးတုန်းကနဲ့ စရပါမယ်။ ရှေးတုန်းက ယောက်ျားလေးတွေက အခုလိုပဲ ကိုယ့်ဟာကိုယ် အင်းကျီကြယ်သီး တပ်ပေမယ့်၊ မိန်းကလေးများကတော့ သူများတွေက တပ်ပေးတာပါ။ သူတို့ရဲ့ အစေခံတွေ သို့မဟုတ် အမတွေ အမေတွေက တပ်ပေးကြတာ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးကြမှာပါ။ အဲဒီတော့ လူအများစုဟာ ညာသန်ဖြစ်တဲ့အခါ ကြယ်သီးကို ကိုင်တာ ညာဘက်နဲ့ ကိုင်ကြတာ များပါတယ်။ ဒါကြောင့် ယောက်ျားလေး ကြယ်သီးတွေက ညာဘက်မှာ ရှိနေပြီး မိန်းကလေးကြယ်သီးက မျက်နှာချင်းဆိုင်က ကြယ်သီးတပ်ပေးမယ့်သူ ညာဘက်ကနေ ကိုင်နိုင်ဖို့ အတပ်ခံရသူ မိန်းကလေးရဲ့ အင်းကျီဘယ်ဘက်မှာ ကြယ်သီးကို ထားတာပါတဲ့....

ကိုမောင်တောက်(ဟမ်) ပြောသလို အနောက်ဘက်ကနေဆို ကြယ်သီး အတပ်ခံရသူရဲ့ ညာဘက်ပဲ ထားသင့်တာပေါ့လို့ထင်ပါတယ်။ သက်သေပြစရာ ရှာတာ ရှာလို့မတွေ့လို့ ဒီအတိုင်းပဲ ထားလိုက်တော့မယ်။

ကိုဇင်မျိုးရဲ့ အင်တာနက် အဖြေက ပြည့်စုံမှန်ကန်ပါတယ်။ ကိုဇင်မျိုးရှိပါသလား (၃ကြိမ်ခေါ်ပါတယ်) မထူးတဲ့အတွက် ဆုကို ပြည်သူပိုင်သိမ်းလိုက်ပါပြီး.. ဂိမ် (စတာ အတည်)

ဒီလောက်ဆို ကြောင်ရေချိုး အဲလေ ကြယ်သီးရှင်းတမ်း ပြီးပါပြီး... နောက်များကြုံရင်တော့ ထပ်ဖွက်ပါဦးမယ်။ ဘလော့မှာ စာလာဖတ်တဲ့ ပရိသတ်ကြီးအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Ref:
http://www.primermagazine.com/2010/field-manual/why-do-men%E2%80%99s-and-women%E2%80%99s-shirts-button-on-different-sides

Tuesday, December 27, 2011

ခရစ်စမတ်ကတ် တစ်ကတ်ထဲကို နှစ်စဉ် အပြန်အလှန်ပို့ဆောင်မှု ၆၁နှစ်အကြာမှာ အဆုံးသတ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁နှစ် ၁၉၅၀ခုနှစ် အခုလို ခရစ်စမတ်ရာသီမှာပေါ့ အခုအသက် ၈၉နှစ်ရှိပြီး ဖြစ်တဲ့ တက်ဆက်မှာနေထိုင်တဲ့ အက်ကာဟန့်စ်(Acker Hanks)ဟာ သူ့အိမ်နီးချင်း ဖြစ်ခဲ့ဖူးတဲ့ လီကယ်လီ(Lee Kelly)ဆီကို ခရစ်စမတ်ကဒ်လေး တကဒ်ပို့ခဲ့ပါတယ်။ နောက်တစ်နှစ်အကြာ ၁၉၅၁ခရစ်စမတ်မှာတော့ နောက်ပြောင်တတ်တဲ့ ကယ်လီဟာ အဲဒီကဒ်ကိုပဲ ဟန့်စ်ဆီကို ပြန်ပို့ခဲ့ပါတယ်။ အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ အဲဒီကဒ်ကိုပဲ တစ်နှစ်ပြီးတစ်နှစ် အပြန်အလှန်ဆက်ပြီး ပို့ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ကယ်လီ သေဆုံးသွားပေမယ့် ကယ်လီရဲ့ဇနီး ရို့စ်အန်း(Rose Ann)က ဒီတာဝန်ကို ဆက်ယူပြီး ကဒ်ကို ဆက်ပို့နေခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ဟန့်စ်ပို့လိုက်တဲ့ ကဒ်ဟာ လက်ခံတဲ့သူဆီ မရောက်ဘဲ သူ့ဆီကို ပြန်ရောက်လာချိန်မှာတော့ ၆၁နှစ်ကြာတဲ့ ခရစ်စမတ်စ်ကဒ်တကဒ်ရဲ့ နှစ်စဉ်ခရီးသွားမှု ပြီးဆုံးသွားပါတယ်။ ကြည့်ရတာ တစ်ယောက်တည်း ဖြစ်နေတဲ့ ရိုစ့်အန်းဟာ လူအိုရုံရောက်သွားတဲ့ ပုံပဲလို့ ဟန့်စ်က ခန့်မှန်းပါတယ်။

'ကျူပ်တို့ ကဒ်ထဲမှာ ဘာတွေရေးထားတယ်ဆိုတာ အသေအချာ မဖတ်မိကြပါဘူး... ဒီလိုပဲ ကျူပ်တို့နှစ်ယောက် နောက်ပြောင်ပြီး ဒီကဒ်တစ်ကဒ်ထဲကို အပြန်အလှန်ပို့နေကြတာ' လို့ ဟန့်စ်က ပြောပြပါတယ်။ ဟန့်စ်ကသာ တက်ဆက်မှာ တောက်လျှောက်နေလာပေမယ့် အစိုးရသစ်တောဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကယ်လီဟာ သူတာဝန်ကျရာ အရပ်ကို ပြောင်းနေရပါတယ်။ ဒါပေမယ့် ကဒ်ကတော့ သူတာဝန်ကျရာ အရပ်ကို ရောက်ရောက်လာတာပါပဲ။ ကဒ်ထဲမှာ ပါတာတွေက သူတို့ဘ၀ရဲ့ အမှတ်တရ ဖြစ်စဉ်တွေ ကဒ်ပို့ခဲ့တဲ့ နှစ်တွေနဲ့ အဲဒီအချိန် လက်ရှိနေထိုင်တဲ့ အရပ်တွေပါ။ ကယ်လီဟာ သူ့ဘ၀တစ်လျှောက် တက်ဆက်၊ ပင်ဆယ်ဗေးနီယား၊ နယူးဟမ်ရှိုင်းယား၊ ၀ါရှင်တန်ဒီစီ၊ ၀စ်စကွန်စင် စတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နောက်ဆုံး ၀စ်စကွန်စင်မှာပဲ သူပင်စင်ယူပြီး သေဆုံးတဲ့အထိ နေထိုင်ခဲ့ပါတယ်တဲ့...

'ဒါဟာ ကျူပ်တို့ရဲ့ အရမ်းရင်းနှီးတဲ့ ပြယုဒ်ပါပဲ... ကျူပ် ဒီကဒ်လေးကိုလက်ခံရဖို့ အမြဲတမ်း မျှော်နေတတ်ပါတယ်။ ခုကတော့ ဒီကဒ်ကလေး ကျူပ်ဆီကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်တော့ပါဘူး' လို့ ဟန့်စ်က ပြောပါတယ်။

ဟန့်စ်ဟာ ၆၁နှစ်သက်တမ်းရှိတဲ့ ခရစ်စမတ်ကဒ်လေးကို မှန်ဘောင်သွင်းကာ အမှတ်တရအဖြစ် ထာဝရသိမ်းထားလိုက်ပါပြီး။

Ref:
http://www.upi.com/Odd_News/2011/12/25/Christmas-card-travels-for-61-years/UPI-24291324852619/?spt=hs&or=on

Monday, December 26, 2011

ထူးထူးခြားခြား ခရစ်စမတ်ဆုတောင်းတွေ ပြည့်သွားသူ စန်တာဆီ စာရေးတဲ့ ကောင်မလေး

အမေရိကန်၊ ဆီတဲလ်က အသက် ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက် သူမလိုချင်တဲ့ ခရစ်စမတ်လက်ဆောင်လေးတွေ စာရင်းကို စပိန်လို စာတစ်စောင်ရေးပြီး မိုးပျံပူပေါင်းနဲ့ တွဲကာ စန်တာဂလော့စ်ဆီကို ပို့လိုက်ပါတယ်။ သူမ လိုချင်တာတွေက အရုပ်လေးတစ်ရုပ်၊ ရှုးဖိနပ်တစ်စုံ၊ ဘောင်းဘီနဲ့ လက္ဘရည် ပန်းကန် တစ်စုံတို့ပါ။ ဒါပေမယ့် သူမရဲ့ အမေဟာ လတ်တလောမှာ အလုပ်မရှိတဲ့အတွက် ဒါတွေ သူမကို မ၀ယ်ပေးနိုင်လို့ စန်တာဆီ စာရေးဖို့ သမီးလေးကို အကြံပေးလိုက်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ဒီလို စိတ်ကူးယဉ်ဆန်ဆန် လုပ်လိုက်တဲ့ဟာ တကယ်ဆန္ဒတွေပြည့်စုံ လာလိမ့်မယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။ တကယ်တော့ ကောင်မလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့သူက သူမစိတ်ကူးယဉ်တဲ့ စန်တော့ဂလော့စ် ဘိုးဘိုးမဟုတ်ဘဲ သူမတို့ နေထိုင်တဲ့နေရာနဲ့ မိုင် ၇၀၀ဝေးတဲ့ အရပ်က စားကျက်မြေ ဧက တစ်သောင်းကျော် ပိုင်ဆိုင်တဲ့ မိသားစု တစ်စုဖြစ်နေတာပါ။

ကောင်မလေး လွှတ်လိုက်တဲ့ မိုးပျံပူပေါင်းလေးနဲ့ စာဟာ မိုင် ၇၀၀ကျော်ကို ဖြတ်သန်းပြီး ကယ်လီဖိုးနီးယား မြောက်ပိုင်းက အဲဒီမိသားစုပိုင်တဲ့ စားကျက်မြေပေါ်ကျခဲ့ကာမှာ မိသားစုရဲ့ သားက ကောက်ယူတွေ့ရှိခဲ့ပါတယ်။ ပထမတော့ အမှိုက်စက္ကူလို့ သူကထင်လိုက်ပြီး၊ နောက်တော့မှ ကောက်ယူဖတ်ကြည့်လိုက်တဲ့အခါ စပိန်လိုရေးထားတဲ့ ခရစ်စမတ်ဆုတောင်းစာ ဖြစ်နေတာ တွေ့ရတာပါ။ စပိန်လိုရေးထားတာကို မဖတ်နိုင်ပေမယ့် ခရစ်စမတ်ဆုတောင်းစာဖြစ်မယ်မှန်းတော့ သူတို့ရိပ်မိခဲ့ပြီး နောက်တော့ စာကို ဘာသာပြန် ဖတ်ကြည့်လိုက်တဲ့အခါမှာ တကယ်လိုအပ်နေတဲ့ မိသားစုက ကလေးလေးရဲ့စာမှန်း သူတို့ သဘောပေါက်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ဟာ ကလေးလေးရဲ့ မိသားစုဆီ ဖုန်းဆက်ပြီး ကောင်မလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ကြပါတယ်။

ကောင်မလေးရဲ့ အမေက 'ကျမ အခုအလုပ်မရှိတဲ့အတွက်ကြောင့် သူလိုချင်တာလေးတွေ မ၀ယ်ပေးနိုင်ခဲ့ပါဘူး... အဲဒါကြောင့် ကျမတို့ ငယ်ငယ်တုန်းက လုပ်လေ့ရှိတဲ့ ပုံစံအတိုင်း သူ့ကို စန်တာဆီ စာရေးဖို့ တိုက်တွန်းလိုက်တာပါ' လို့ပြောပါတယ်။

'ကလေးမလေးရဲ့စာကို ဖတ်ပြီး ကျမတို့ သူလိုချင်နေတဲ့ အရာတွေဟာ အပိုတွေ မဟုတ်မှန်း ပြီးတော့ တကယ်လိုအပ်နေတဲ့ မိသားစုက ကလေးလေးရဲ့ ဆုတောင်းလေးမှန်း ခံစားမိလို့ ကျမတို့ သူမဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တာပါ' လို့ မြေပိုင်ရှင် အမျိုးသမီးက ပြောတာတွေကို သတင်များမှာ ဖော်ပြထားကြပါတယ်။

ကောင်မလေးကတော့ သူမရဲ့ ခရစ်စမတ် လက်ဆောင်တွေကို ခရစ်စမတ်မတိုင်ခင်ကတည်းက ပို့ပေးမှာမို့ အခုဆိုရင် သူလိုချင်တဲ့ အရုပ်ကလေးနဲ့ ဖက်အိပ်နေနိုင်လောက်ပြီးလို့ ခန့်မှန်းရပါတယ် ခင်ဗျာ။

Ref:
http://www.dailymail.co.uk/news/article-2078283/Christmas-magic-little-girls-balloon-message-finds-secret-Santa.html
http://www.google.com/hostednews/ap/article/ALeqM5jb3DtRpBgIPPuvmYc4k_7K_Toi-Q?docId=907a415dea0e40f4b3f8c835438bd34b

Thursday, December 22, 2011

ဖေ့ဘွတ်(Facebook)က မက်ဇက်ကာဘတ်(Mark Zuckerberg)ကို တရားစွဲ

ဖေ့ဘွတ်က(Facebook)နေပြီးတော့ မက်ဇက်ကာဘတ်(Mark Zuckerberg)ကို တရားစွဲတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ မိတ်ဆွေတို့ သို့လော သို့လော ဖြစ်ပြီး စတိဂျော့က သူတည်ထောင်တဲ့ အက်ပဲလ်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရတာမျိုး တွေးနေမလား မသိ။ ဒါပေမယ့် အခုဒီဟာ ဖေ့ဘွတ်က မက်ဇက်ကာဘတ်ကို တရားစွဲတယ်ဆိုတာ တကယ်ပါ။ သို့သော် ဒီနေရာမှာ မက်ဇက်ကာဘတ် ဆိုတဲ့သူဟာ ဖေ့ဘွတ်ကို တည်ထောင်ခဲ့တဲ့သူ မက်ဇက်ကာဘတ်တော့ မဟုတ်ပါဘူး။

ဖေ့ဘွတ်က ဘာလို့ သူ့ကို တရားစွဲပါသလဲ? ဖေ့ဘွတ်ပိုင်ရှင်နဲ့ နာမည်တူလို့ တရားစွဲတယ်လို့ ထင်ပါသလား။ ဟီးဟီး ဒါဆိုရီစရာ ဖြစ်နေမှာပေါ့။ အဖြစ်ကဒီလိုပါ။ အဲဒီ မက်ဇက်ကာဘတ် ဆိုသူရဲ့ဖေ့ဘွတ် စီးပွားရေး စာမျက်နှာတစ်ခုဟာ ဖေ့ဘွတ်ရဲ့ စည်မျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ဖေ့ဘွတ်က ယူဆလို့ သူစာမျက်နှာကို ပိတ်ပစ်တဲ့အပြင် သူ့ကိုပါ တရားစွဲဖို့ စီစဉ်နေတာပါ။ သူဘာတွေလုပ်လို့ ဖေ့ဘွတ်က ဒီလောက် တရားစွဲဖို့ လုပ်ရသလဲဆိုတော့ သူဟာ "Like" တွေကို ရောင်းတဲ့ Like Store ဆိုတာ ဖွင့်ထားလို့ပါပဲ။ မိတ်ဆွေတို့စာမျက်မှာမှာ Like တွေ လိုချင်နေတယ်ဆိုရင် သူရဲ့ Like Store မှာ Like တွေ ၀ယ်လို့ရပါတယ်။ :P ဖေ့ဘွတ်က ဒါဟာ သူရဲ့ကြော်ငြာလုပ်ငန်းကို ပျက်စီးစေတယ်ဆိုပြီး တရားစွဲဖို့ လုပ်နေတာပါ။ ဒါများ တကယ်တမ်း ဘာထူးဆန်းလို့လဲလို့ မိတ်ဆွေတို့ ထင်နေမလား။ အဖြစ်က ဒီလောက် မရိုးရှင်းပါဘူး။

ဒီတရားစွဲခံရတဲ့ တကယ်တမ်း မက်ဇက်ကာဘတ်ဆိုတာ အစ္စရေးနိုင်ငံသား တစ်ယောက်ပါ။ မရိုးရှင်းဘူးလို့ ပြောတာက ဒီ မက်ဇက်ကာဘက် ဆိုတာ သူရဲ့ နာမည်ရင်း မဟုတ်ပါဘူး။ ဒါဆို နောက်ပြောင်ခေါ်တဲ့ နစ်နိမ်းလို့ ထင်နေပါသလား။ မဟုတ်ပါဘူး။ ဒီလူရဲ့ နာမည်အရင်းက Rotem Guez လို့ခေါ်ပါတယ်။ ဒါပေမယ့် ဒီသူရဲ့နာမည်ရင်းနဲ့ သူ့ကိုခေါ်လို့မရတော့ပါဘူး။ ဘာလို့လဲဆို သူဟာ သူရဲ့နာမည်ကို မက်ဇက်ကာဘတ်လို့ တရားဝင်ပြောင်းလဲလိုက်တာပါပဲ။ အခုခါမှာ သူရဲ့ ပတ်စ်ပို့ကအစ မှတ်ပုံတင် လိုင်စင်တွေ အဆုံး အားလုံးကို သူတို့ရဲ့ ပြည်ထဲရေး ၀န်ကြီးဌါနမှာ တရားဝင် သွားပြောင်းလိုက်တာပါ။ ဒီလိုလုပ်တာ ဖေ့ဘွတ်က သူ့စာမျက်နှာကို ပိတ်ပြီး တရားစွဲဖို့ စပြင်ဆင်ချိန်မှာပါ။

Mark Zuckerberg
(Photo via)

သူ့နာမည်ကို ပြောင်းပြီးပြီး ဆိုတာနဲ့ 'ကဲ ဖေ့ဘွတ်ရေ မင်းတို့ မက်ဇက်ကာဘက်ကို တရားစွဲချင်သေးရင် စွဲလို့ရပြီး' ဆိုပြီး ကြွေးကြော်လိုက်ပါတယ်။ နောက်ပြီးတော့ သူကလည်း ဖေ့ဘွတ်ကို သူစာမျက်နှာကို ကျိုးကြောင်းဆီလျှော်မှု မရှိဘဲ ပိတ်လိုက်တာကို အကြောင်းပြုပြီး တန်ပြန်တရားစွဲထားပါတယ်။ ပြီးတော့ အခုသူ့နာမည်အသစ်နဲ့ ဖေ့ဘွတ်စာမျက်နှာတွေ တွစ်တာတွေကိုလည်း ဖွင့်ထားပြီး အဲမှာ သူပတ်စ်ပို့အသစ် ရိုက်ထားတဲ့ ဓါတ်ပုံကို တင်ထားပါတယ်။ ဒီအကြောင်းကို မီဒီယာတွေက Zuckerberg vs Zuckerberg ဆိုပြီး ရေးနေကြပါတယ်။ ဒီပွဲမှာတော့ ဘယ် စကာပေါက်(ဇက်ကာဘတ်) ကတော့ ပိုကျယ် အဲလေ အနိုင်ရသွားမလဲဆိုတာ ငွေရောင်ပိတ်ကားပေါ် စောင့်ကြည့် အဲ တရားရုံးကနေ ဆုံးဖြတ်တာကို စောင့်ကြည့် ရဦးမှာပါ။

ကဲ ဖေ့ဘွတ်က ဘာကြောင့် မက်ဇက်ကာဘတ်ကို တရားစွဲလည်းဆိုတာ ရှင်းကြပြီးဟုတ်... :P

Ref:
http://www.tomsguide.com/us/Facebook-Mark-Zuckerberg-Like-Store-Ministry-of-Home-Affairs-Rotem-Guez,news-13577.html
http://www.ndtv.com/article/world/will-facebook-sue-this-mark-zuckerberg-158779
http://www.markzuckerbergofficial.com/

Wednesday, December 21, 2011

ခရစ်စမတ်သစ်ပင် ပုံပြင် သို့မဟုတ် ရာဇ၀င်

ခရစ်စမတ်သစ်ပင် ပုံပြင် သို့မဟုတ် ရာဇ၀င်


မမြင်ရပါက ပုံပေါ်တွင် ကလစ်နှိပ် ကြည့်နိုင်ပါသည်။ 

***Merry Christmas***

Tuesday, December 20, 2011

မြောက်ကိုရီးယားတို့ ချစ်လှစွာသော ခေါင်းဆောင်ကြီး ကင်ကျူံအီ၏ ထူးခြားသော အကြောင်း ၁၀ချက်

Dear Leader (ချစ်လှစွာသော ခေါင်းဆောင်ကြီး)လို့  မြောက်ကိုရီးယားသားတို့ တင်စားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ကျူံအီဟာ ဒီဇင်ဘာ ၁၇ရက် စနေနေ့က ရထားစီးခရီး သွားယင်း နှလုံးရောဂါနဲ့ ဆုံးသွားပါတယ်။ သူဆုံးတဲ့အကြောင်းကို မနေ့ကမှ မြောက်ကိုရီးယား မီဒီယာမှာ မျက်ရည်လည်ရွှဲပြီး ကြောငြာလိုက်မှ ကမ္ဘာက သိလိုက်ရပါတယ်။ ပြောရရင်တော့ (အမေရိကန်တို့ တောင်ကိုရီးယားတို့ စပိုင်တွေ တော်တော်ညံ့တာပါပဲ။ :P )

အခုဖော်ပြမယ့်အချက် ၁၀ချက်ထဲမှာ အချက်အလက် အမျိုးအစား နှစ်မျိုးပါပါတယ်။ တစ်မျိုးက မြောက်ကိုရီးယား မီဒီယာတွေက ၀ါဒဖြန့်ဖော်ပြထားတဲ့ သူ့အကြောင်းနဲ့ တကယ့် အမှန်အကန် အများသိထားတဲ့ အကြောင်းတွေပါ။ ဒီဟာကို အရင်ကတည်းက တင်ဖို့ပါပဲ နောက်မှ တင်မယ်တင်မယ်နဲ့ အခုတော့ သူမရှိတော့မှ တင်သလို ဖြစ်သွားပါတယ် :P

၁. ကင်ကျူံအီဟာ အလွန်ထူးခြားလှတဲ့သူဖြစ်တယ်။
မြောက်ကိုရီးယားရဲ့ သမိုင်းစာအုပ်ထဲမှာ ဖော်ပြထားချက်အရ ကင်ကျူံအီကို လျှို့ဝှက်တဲ့နေရာမှာရှိတဲ့ ကိုရီးယားတို့ရဲ့ အထွတ်အမြတ်တောင်(Mt. Paekdu) ပေါ်က သစ်လုံးတဲအိမ်လေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူမွေးတဲ့အချိန်မှာ ကောင်းကင်ပေါ်မှာ ကြယ်တစ်စင်း ထလင်းသွားကာ၊ ရာသီဥတုတွေကလည်း ရုတ်တရက် ဆောင်းကနေ နွေဦးကိုပြောင်းသွားပါတယ်။ ပြီးတော့ သက်တန့်တွေကလည်း ပြိုင်တူပေါ်လာကြပါတယ်တဲ့။ တကယ်တမ်းက သူ့ကို ရုရှနိုင်ငံထဲက ပြောက်ကျားစစ်စခန်းတစ်ခုမှာ သူ့အဖေက ဂျပန်တွေဆီကနေ ထွက်ပြေးနေချိန် မွေးဖွားခဲ့တာလို့ တော်တော်များက ယူဆထားကြပါတယ်။

၂. သူဟာ ဖက်ရှင်လောကမှ ရှေ့ဆောင်ဖြစ်တဲ့သူပါ။
မြောက်ကိုရီးယား သတင်းစာ Rodong Sinmunထဲမှာ ဖော်ပြချက်အရ သူရဲ့ တမူထူးခြားတဲ့ ၀တ်စားဆင်ယင်ပုံဟာ ကမ္ဘာ့ဖက်ရှင်လောကမှာ ထင်ရှားလာနေပြီး သူရဲ့ ဘောင်းဘီကိုဖုံးပြီး ၀တ်တဲ့ ဇစ်ဆွဲ ကာကီအင်္ကျီ ဒီဇိုင်းဟာ ကမ္ဘာ့ပေါ်က လူတော်တော်များဆီး ပျံ့နှံ့ရောက်ရှိနေလို့ ဒါဟာ သူရဲ့ သူမတူတဲ့ပုံရိပ်နဲ့ လူတွေအပေါ်လွှမ်းမိုးမှု ရှိတဲ့ ပြယုဒ်တစ်ခုဖြစ်ပါတယ်တဲ့ ဒါပေမယ့် သတင်းစာမှာတော့ သူရဲ့ ၄လက်မဒေါင့်ရှိတဲ့ ဖိနပ်ဟာ ကမ္ဘာပေါ်မှာ ခေတ်စားနေခြင်း ရှိမရှိ မဖော်ပြထားပါဘူး။

၃. သူ့ကို ကမ္ဘာက ချစ်ကြတယ်။
မြောက်ကိုရီးယားရဲ့ တီဗွီသတင်းမှာ ဖော်ပြနေကျအရ သူဟာ လက်ရှိ ကမ္ဘာမှာ ထင်ရှားပြီး အရေးပါတဲ့သူ ဖြစ်တယ်။ ဒါကြောင့် သူ့မွေးနေ့မှာဆိုရင် ကမ္ဘာတလွှားက လူတွေဟာ ရုပ်ရှင်တွေ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကမ္ဘာတ၀ှမ်းကျင်းပကြတယ်။ တကယ်တမ်းသူဟာ သူရဲ့ နူကလီးယားလမ်းစဉ်ကြောင့် ကမ္ဘာပေါ်ကလူအများစုရဲ့ ၀ိုင်းကျဉ်ခံနေရတာကိုတော့ မပြောထားပါဘူး။

၎. ကင်ကျူံအီဟာ ဟမ်ဘာကာကို တီထွင်ခဲ့တယ်။
မြောက်ကိုရီးယား သတင်းစာ Minju Joson က ဖော်ပြချက်အရ ကင်ကျူံအီဟာ ပေါင်မုန့်နှစ်ထပ်ကြား အသားညှပ်တဲ့ ဆန်းဝစ်စ် တစ်ခုကို တီထွင်ခဲ့တယ်။ ဒီအရသာရှိလှတဲ့ မုန့်ကို တက္ကသိုလ်ကျောင်းသားတွေ အတွက် တီထွင်ပြီး ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ကျောင်းဆရာ ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသား အများအပြားအတွက် ဒီမုန့်ကို မြောက်မြားစွာ ထုတ်လုပ်နိုင်တဲ့ မုန့်စက်ရုံတစ်ခုကို တည်ဆောက်ခိုင်းစေခဲ့ပါတယ်တဲ့။ တကယ်တမ်း မြောက်ကိုရီးယား ပြည်သူတွေဟာ အစာရေစာ ပြတ်လပ်မှုတွေနဲ့ နေ့စဉ်ရုန်းကန် နေနေရတာပါ။

၅. ကင်ကျူံအီဟာ ကမ္ဘာမှာ အကောင်းဆုံး ဂေါက်ရိုက်နိုင်သူတစ်ယောက် ဖြစ်တယ်။
၁၉၉၄ ခုနှစ်တုန်းက မြောက်ကိုရီးယား မီဒီယာတွေ ဖော်ပြချက်အရ သူဟာ ဂေါက်ပွဲစဉ်တစ်ခု ရိုက်ရမှာ ၁၈ကျင်းကို ၃၈ချက်နဲ့ ရိုက်နိုင်တဲ့သူဖြစ်ပြီး ၅ကျင်းကို တချက်တည်းစီနဲ့ ၀င်အောင် ရိုက်နိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ အဲဒီအချိန်လက်ရှိ စံချိန်တင်ထားတာထက် ၂၅ချက်အောက်တောင် ရိုက်နိုင်ခဲ့ပါတယ်။ ပရိုဂေါက်သမားတွေ စိတ်သက်သာရစေခဲ့တာက အဲ့နောက်ပိုင်းသူဟာ ဂေါက်ရိုက်ခြင်းကို အပြီးအပိုင် စွှန့်လွှတ်သွားတယ် ဆိုပါတယ်။ (တော်ပါသေးရဲ့)

၆. ကင်ကျူံအီဟာ ဟောလီးဝုဒ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေ ဖြစ်ပြီး သူ့မှာ စုဆောင်းထားတဲ့ ဇတ်ကားပေါင်း နှစ်သောင်းကျော်ရှိပါတယ်။ သူကြိုက်နှစ်သက်တဲ့အထဲမှာ "Friday 13th", Rambo နဲ့ ဂျပန်ရှေးတုန်းက Godzilla ဇတ်ကားတွေပါဝင်ပါတယ်။မင်းသမီးကြီး Elizabeth Taylor ဟာ သူအနှစ်သက်ဆုံး ရုပ်ရှင်မင်းသမီး ဖြစ်ပါတယ်တဲ့။ (Elizabeth Taylor လည်း ဒီနှစ်ထဲမှာ ဆုံးသွားခဲ့တာ သံသယ ဖြစ်စရာပဲနော်)။ နောက်ပြီး သူဟာ ရုပ်ရှင်ကြည့်တာအပြင် ရုပ်ရှင်ရိုက်တာလည်း ၀ါသနာ ပါပါတယ်။ တခါက တောင်ကိုရီးယားရဲ့ ထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာ Shin Sang-ok ကို ရုပ်ရှင်ဆန်ဆန် ပြန်ပေးဆွဲပြီး မြောက်ကိုရီးယားမှာ ရုပ်ရှင်တွေ ရိုက်ခိုင်းခဲ့ပါသေးတယ်။ (ဒီအကြောင်း ကြုံရင် အသေးစိတ် ဖော်ပြပါဦးမည်)။

၇. Hennessy ရဲ့ ကမ္ဘာ့အကြီးဆုံး ဖောက်သည်
၁၉၉၀ကျော် နှစ်များက Hennessy Whiskey ကုမ္ပဏီက သူရဲ့အကောင်းဆုံး ဖောက်သည်ဟာ ကင်ကျူံအီပါလို့ ထုတ်ဖော်ပြောကြားဖူးပါတယ်။ ကင်ကျူံအီဟာ နှစ်စဉ် ဒေါ်လာ ၆သိန်းကနေ ၈သိန်းခွဲကြား တန်ဖိုးရှိ အရက်တွေကို ပုံမှန်မှာယူလေ့ရှိတယ်လို့ ဆိုပါတယ်။

၈. ကင်ကျူံအီဟာ အမြင့်ကြောက်သူဖြစ်တယ်။
ကင်ကျူံအီဟာ သူ့အဖေ ကင်အီစွန်းလိုပဲ အမြင့်ကြောက်သူ ဖြစ်တယ်။ သူဟာ ပြည်ပကို ခရီးထွက်ခဲပြီး ခရီးထွက်ရမှာလည်း ရထားနဲ့ပဲ သွားလေ့ရှိပါတယ်။ ဒီအကြောင်းကို ဒီပိုစ့်မှာ ဖော်ပြခဲ့ဖူးပါတယ်။

၉. ကင်ကျူံအီဟာ အနုပညာရှင်ဖြစ်တယ်။
ကင်ကျူံအီရဲ့ တရားဝင် ကိုယ်ရေးအတ္ထုပ္ပတ္တိအရ သူဟာ အော်ပရီ ၆ပုဒ်ကို နှစ်နှစ်အတွင်း ရေးသားခဲ့ဖူးတယ်။ နောက်ပြီးတော့ ပြဇတ်ဒါရိုက်တာလုပ်ရတာလည်း ၀ါသနာပါပြီး ၂၀၀၉ခုနှစ်မှာ မြောက်ကိုရီးယား တီဗွီရဲ့ ဖော်ပြချက်အရ ၁၉ရာစုနှစ်က ရုရှ စာရေးဆရာ Pushkin ရဲ့ ၀တ္ထုကို ရုရှ အော်ပရာနဲ့ သီချင်းရေးဆရာ Tchaikovsky က အော်ပရာအနေနဲ့ ပြန်ရေးထားတဲ့ Yevgeny Onegin (Eugene Onegin) အော်ပရာကို ကင်ကျူံအီဟာ ဒါရိုက်တာလုပ်ပြီး ပြဇတ်ကခဲ့ပါတယ်တဲ့။ ဒီလိုဇတ်ရုံမှာ ဒီပြဇတ်ကို ကပြစေတာဟာ မြောက်ကိုရီးယား ပြည်သူတွေ ကမ္ဘာယဉ်ကျေးမှုကို ပိုပြီး နားလည်စေလာဖို့အတွက်လို့ သူကပြောပါတယ်။ (၁၉ရာစုနှစ်က ယဉ်ကျေးမှုပေါ့နော်)

၁၀. သင်မရှိလျှင် အမိမြေလည်း မရှိနိုင်ပါ (No Motherland without You)
No Motherland without You ဆိုတဲ့ သီချင်းဟာ မြောက်ကိုရီးယားမှာ သူ့ကို ဂုဏ်ပြုတဲ့ သီချင်းတစ်ပုဒ်ပါ။ သီချင်းရဲ့ Chorus ဆန်ဆန် အပုဒ်က ဒီလိုဆိုပါတယ်တဲ့ "We are unable live without you,Our country is unable to survive without you! Our Comrade Kim Jong-il!" ဒီသီချင်းက မြောက်ကိုရီးယားမြို့တော် ပြုံးယမ်က အသံချဲ့စက်တွေမှာ မကြာခဏ ပေါ်ထွက်လာတဲ့ သူရဲ့ဂုဏ်ပြုသီချင်းပါပဲတဲ့...

Bonus:
တခါက ဘီဘီစီ သတင်းထောက်ကိုယ်တိုင် မြောက်ကိုရီးယားရဲ့ သူတို့ခွင့်ပြုတဲ့နေရာတွေမှာ လိုက်လံရိုက်ကူးပြီး အင်တာဗျူး မေးမြန်းခဲ့တဲ့ Documentary တစ်ခုကို ကြည့်ခဲ့ဖူးတုန်းက မှတ်မှတ်ရရ ဖြစ်ခဲ့ဖူးတာ တစ်ခုရှိတယ်။ တက္ကသိုလ် ကျောင်းတစ်ခုမှာ အဂ်လိပ်စာကောင်းကောင်း ပြောနိုင်တဲ့ ကျောင်းသားတွေထဲက တစ်ယောက်ကို သူတို့ ခေါင်းဆောင်ကြီးအပြင် တခြားနိုင်ငံက ခေါင်းဆောင်တွေထဲမှာ အားကျလေးစားရတဲ့ ခေါင်းဆောင်တွေ ရှိလားဆိုတော့ .. ရှိပါတယ်တဲ့ ဘယ်သူတွေလဲဆိုတော့... စတာလင်တို့ မော်စီတုန်းတို့ဟာ သူလေးစားရတဲ့ ခေါင်းဆောင်တွေပါတဲ့။ သတင်းထောက်က သူ့ကိုတော့ ပြန်မပြောပါဘူး ဒါပေမယ့် နောက်ခံစကားပြောမှာတော့ စတာလင်တို့ မော်စီတုန်းတို့ကို လေးစားတဲ့ ကောင်လေးရေ အခု ဘယ်ခေတ် ဘယ်ရာစုကို ရောက်နေပြီးလဲဆိုတာ သိရဲ့လားဆိုပြီး ပြောထားတာ သဘောကျမိတယ်။ Documentary ကို ယူကျူမှာ ပြန်ရှာတွေ့လို့ လင့်ခ်ထားပေးပါတယ်။ ၆မိနစ်ခန့်မှာ အဲဒီအခန်းပါပါတယ်။

Ref:
http://listverse.com/2010/05/30/top-10-crazy-facts-about-kim-jong-il/
http://abcnews.go.com/International/kim-jong-il-dead-top-10-crazy-facts/story?id=15187293#9
http://www.globalpost.com/dispatches/news/regions/asia-pacific/kim-jong-il-top-10-weird-facts-about-north-koreas-late-leader

Related:
မြောက်ကိုရီးယား ခေါင်းဆောင် အမွေခံ ကင်ဂျူံအန်း၏ ဆံပင်ပုံစံ မြောက်ကိုးရီးယား လူငယ်တွေအကြား ခေတ်စား

Monday, December 19, 2011

ပျားတုပ်တဲ့ ဒီမနက်

ဒီမနက်ခင်းကတော့ ဘာက ဘာကိုပြောရမှန်း မသိတော့ပါဘူး။

ကံကောင်းသွားတာက မောင်သန့်ရဲ့ ဘလော့လေး နိဂုံးကမ္မ တခဏ မချူပ်လိုက်ရတာဘဲ။

ဇတ်လမ်းက ဒီလို........

ဒီမနက် မိုးကောင်းကောင်းနဲ့ ကွေးနေတာ နောက်ကျမှ ရုံးကိုရောက်တယ်။ ထုံးစံအတိုင်း အီးမေးလ်စ်လိုက်တော့ လုပ်စရာတွေက ထုံးစံအတိုင်း အင်း... ဘာမှ ထွေထူးမရှိဘူး... အဟီးးးး

အဲဒါနဲ့ ဘရောက်ဇာဖွင့် ဘလော့ အကောင့်ကိုဝင် အခြေအနေတွေကြည့် နောက် ကိုယ့်ဘလော့ ကိုယ်ဖွင့် ဆိုဒ်ဘားက ဘလော့ကာပိုစ့်အသစ်တွေ လိုက်ဖတ်ရင်း အဲမှာ ကိုညီလင်းသစ်ရဲ့ပိုစ့်ကို စိတ်ဝင်တစား သွားဖတ်မိတယ်။ တကယ့်ကို အသုံးဝင်တဲ့ ပိုစ့်ပါ။ နည်းပညာ ပစ္စည်းတွေဟာ အကြောင်းကြောင်းကြာင့် အချိန်မရွေး ပျက်နိုင်ချေ ပျောက်နိုင်ချေရှိလို့ ကိုယ့်မှာရှိတဲ့ ဒေတာတွေကို စနစ်တကျ သိမ်းဆည်းပြီး နေရာ သုံးလေးနေရာလောက် ခွဲထားဖို့ပါ။ နောက် ဘလော့ကိုလည်း နေ့စဉ် Backup လုပ်ထားဖို့လိုကြောင်း စတာတွေကို ကျောင်းသားလေးတွေ စာမေးပွဲဖြေခါနီး လက်ပ်တော့လေးတွေ ပျောက်သွားလို့ လက်ပ်တော့ထဲက စာတွေကို ပြန်လိုချင်ကြောင်း ကြော်ငြာတာကို သူတွေ့ခဲ့တဲ့ အကြောင်းကနေတဆင့် ပြောပြ သွားတာပါ။ ဒါနဲ့ ကိုယ်လည်း ကိုယ့်အတွေ့အကြုံတစ်ခုပြောပြပြီး ကျေးဇူးတင်ကြောင်း ကောမက်ပေးခဲ့လိုက် ပါသေးတယ်။

အဲဒါနဲ့ အင်း ဟုတ်သားပဲ ဆိုပြီး ကိုယ့်ဘလော့ကိုလဲ Backup လုပ်ဖို့ သတိရသွားတယ်။ ဒါပေမယ့် ဘလော့ကို Backup လုပ်ဖို့မှာ ဘလော့ Dashboard ဆီ တန်းမရောက်ဘဲ တဖက်မှာ ဖွင့်ထားတဲ့ Google News ဆီ ရောက်သွားပြီး ကင်ဂျူံအီ သေဆုံးပြီ ဆိုတဲ့ သတင်းက ကိုယ့်ကို ဆွဲဆောင်သွားပါတယ်။ အဲကနေတဆင့် ဒီသတင်းကို ရှယ်ဖို့ ဖေ့ဘွတ်ကိုဝင်ပါတယ်။ ဖေ့ဘွတ်ဝင်ပြီး ဆိုမှတော့ ရောက်တုန်း နည်းနည်းလျှောက်ဖတ်လိုက်ဦးမယ် ဆိုပြီး ဖတ်ပါတယ်။ ဘလော့ဘက်လှည့်ဖို့ မေ့သွားရော... ဒါနဲ့ ဖတ်စရာကုန်တော့မှ ပြန်သတိရတယ်။ အမှန်က ဘလော့ပိုစ့် တစ်ခုရေးဖို့ပါ။ အဲမှာ နယူးပိုစ့်ကို နှိပ်တော့ ဂူးဂဲလ်က ပတ်စ်ဝေါ့ ပြန်ရိုက်ခိုင်းပါတယ်။ အဲဒါနဲ့ ထူးဆန်းလှချည်းလားပေါ့ ဆိုပြီး ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် သူတောင်းတော့လည်း ရိုက်ပေးလိုက်ပါတယ်။

အဲဒီမှာ ဇတ်လမ်းက စပါလေရော ဂူးဂဲလ်က ဘာပြောတယ် ထင်ပါသလဲ။ ကျွန်တော့် အကောင့်ကို Disabled လုပ်လိုက်ပြီး ပိတ်လိုက်ပါပြီးတဲ့။ အကြောင်းပြချက်က unusual activity ကြောင့်တဲ့။ ဟင်... ဂျီမေးလ်ဝင်ကြည့်မရ သွားပြီး ဘာမှ ၀င်ကြည့်လို့မရဘူး... ပါ့တ်စ်ဝေါ့ပြောင်းတာလဲ မဟုတ်... ပါတ်စ်ဝေါ့ကမှန်နေသေးတယ် ၀င်ပြီးမှ အကောင့်ပိတ်ပလိုက်ပြီးလို့ ပြောတာ။ အဲမှာတင်ဂိန်ရော ဒီအကောင့်က ဘလော့ရေးဖို့ သက်သက် လုပ်ထားတဲ့ အကောင့်ပါ။ အီးမေးလ်ဒေတာတွေတော့ သိပ်မရှိပေမယ့် ဘလော့ကိုတော့ Backup မလုပ်ထားမိတော့။ သုံးလသက်တမ်း ရှိတဲ့ ဘလော့လေး သွားပါပြီးဆိုပြီး ညစ်သွားပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ကျွန်တော့် ပင်တိုင်အကောင့်တစ်ခုကိုလည်း Admin Access ပေးထားမိတာ ပြန်သတိရသွားတယ်။ အဲဒါနဲ့ ၀မ်းသားအားရ အဲဒီအကောင့်နဲ့ဝင်ပြီး ဘလော့ကို ပြန်ဝင်ကြည့်တာ ရသွားပါတယ်။ အဲဒါနဲ့ ချက်ချင်းပဲ ဘလော့ကို Backup လုပ်ဖို့ အပြေးအလွှား လုပ်ပါတယ်။ ဒါပေမယ့် ကံဆိုးတာက Error တက်ပြီး လုပ်လို့မရပါ။ သုံးလေးခါ ကြိုးစား ပြန်ထွက် ပြန်ဝင် မရပါ။

ဘလော့ကို ပြန်ဝင်လို့ရ ပိုစ့်ရေးလို့ ရနေသေးပေမယ့် စိတ်မဖြောင့်တော့ဘူး နဂိုရေးနေတဲ့ အကောင့်ပဲ ပြန်လိုချင်နေတယ်။ အဲဒါနဲ့ နည်းနည်း ဂူးဂဲလ်လိုက်တာ Password Recovery နဲ့ ပြန်လုပ်ရင် ရနိုင်တယ် တွေ့တာနဲ့ အဲဒါနဲ့ လုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ ပထမဆုံး Gmail ကိုသွား အဲမှာ "Can't access your account" ကိုနှိပ်... နောက်တဆင့် Email Address ဆိုတဲ့နေရာမှာ ပြန်လိုချင်တဲ့ အီးမေးလ်ကိုထည့် အဲဒီနောက်မှာတော့ Recover လုပ်ဖို့ ဖုန်းကတဆင့် သို့မဟုတ် အီးမေးလ်ကနေတဆင့် ကြိုက်တာကို ဖြည့်ခိုင်းပါတယ်။ နဂိုကတည်းက ကိုယ့်ကဖြည့်ထားတဲ့ဟာကို မှန်မမှန် ပြန်ဖြည့်ခိုင်းပါတယ်။ အရိပ်အမြွက်အနေနဲ့ အီးမေးလ် အကောင့် စာလုံး အစနဲ့ အဆုံးကို ဖော်ထာပေးပြီး ဖုန်းနံပါတ်ကတော့ နောက်ဆုံး နှစ်လုံးကို ဖော်ထားပေးပါတယ်။ အဲဒါနဲ့ ဖုန်းနဲ့ လုပ်မယ်ဆိုပြီး ရွေးကာ နံပါတ်ရိုက်ထည့်လိုက်ပါတယ်။ မကြာမှီပဲ ဖုန်းနံပါတ်ဆီ Activation Key ပို့ပေးလာပြီး အဲဒါကို ဖြည့်လိုက်ပါတယ်။ ပြီးတော့ ပါတ်စ်ဝေါ့ ပြောင်းဖို့ ပြောတဲ့နေရာမှာ... ပါတ်စ်ဝေါ့အသစ် ပေးလိုက်တဲ့ အချိန်မှာတော့ ကျေးဇူးကြီးမားစွာ အကောင့်က ပြန်ပွင့်သွားပါတယ်ဗျာ။ တော်ပါသေးရဲ့ Recovery ကို ကောင်းကောင်း ထည့်ထား ပေလို့။

အဲဒါပါပဲ မောင်သန့် ပျားတုပ်တယ်ဆိုတာ။ တိုက်ဆိုင်တာက ကိုညီလင်းသစ်ရဲ့ ပိုစ့် ဖတ်ပြီးပြီးချင်း ဖြစ်သွားတာပဲ။ ပထမတော့ ကိုယ့်နိမိတ်ကို ကိုယ်ပြန်ဖတ်မိတဲ့ ဒီမနက် လို့တောင် ပို့စ်ကိုခေါင်းစဉ် ပေးမလို့ပါပဲ တညိုးကြီး ဖြစ်နေတာနဲ့ ပြောင်းလိုက်တာ။ ဘကြောင့်ဖြစ်လဲ ဟက်ကာလား ဘာလား ဂူးဂဲလ်ကပဲ သူ့ကို ကလိပါများလို့ မခံနိုင်လို့ ပိတ်တာလားတော့ မသိဘူး။ ကျွန်တော် ကလိလွန်းလို့ အကောင့်ပိတ်ခံရတာ ဟီးဟီး နှစ်ခါမက ရှိခဲ့ဖူးတာကိုး။ အဲတုန်းက သိသိကြီးပေါ့။ အခုဟာက စက္ကန့်ပိုင်းလေးကို ဖြစ်သွားတာ ဘာမှမလုပ်ရသေးဘဲနဲ့။  ထားပါတော့ အကောင့်ရရချင်း လုပ်တာက ဘလော့ကို Backup လုပ်တာပါ။ အခုတော့ အနည်းနဲ့ အများ အိုကေသွားပြီးပေါ့။ မောင်သန့် ဆက်ပြီး တောင်ခြစ် မြောက်ခြစ် ဆက်လုပ်လို့ ရသွားပါပြီးပေါ့ခင်ဗျာ။

စာဖတ်ပရိသတ်များလဲ အထူးသတိထားပါလို့ သတိပေးပါရစေ။ ကိုယ့် အရေးကြီး အီမေးလ်များကို Backup လုပ်ထားခြင်းများ အထူးပြုလုပ်ထားစေချင်ပါတယ်။ ဂျီမေးလ်သုံးလာတဲ့ ၆နှစ်အတွင်းမှာ ပထမဆုံး ဖြစ်တာပါပဲခင်ဗျာ။

ပျားတုပ်တဲ့ ဒီမနက်ပေါ့...

ဒါနဲ့ ၂၀၁၁က ကြောက်စရာကောင်းအောင် အချီကြီးတွေ ဆွဲနေတာ အဲဒါနှစ်ကုန်ဖို့ နှစ်ပတ်တောင် လိုသေးတယ်။ ဘယ်သူတွေ ဘာတွေ ဆက်ဖြစ်ဦးမလဲ မသိပါဘူး။

စင်ကာပူမှာတော့ ဖိလစ်ပိုင်က မုန်တိုင်း ဒီဖက်ကို ရွေ့ပြီး အားပျက်ပြယ်မှာဖြစ်လို့ ၂၁ရက်နေ့ထိ မိုးသည်းသည်းမည်းမည်း ရွာနေဦးမှာတဲ့ ခင်ဗျာ။ ဖိလစ်ပိုင် မုန်တိုင်းကလည်း လူပေါင်း ၆၅၀ကျော် အသက်တွေကို ဆွဲနှုတ်သွားပြီး လူပေါင်း ၉၀၀ခန့် ပျောက်ဆုံးနေပါသေးတယ်။ ဟင်းးးးးးးးး

Sunday, December 18, 2011

ဂူးဂဲလ်ကဖန်တီးတဲ့ နှစ်ထောင်ဆယ့်တစ်ကို နောက်ပြန်ကြည့်ခြင်းနှင့် ရင်ကိုထိတဲ့ အကြောင်းအရာတစ်ခု

ဂူးဂဲလ်က ဖန်တီးထားတဲ့ နှစ်ထောင့်ဆယ့်တစ်ကို နောက်ပြန်ကြည့်ခြင်း ဗီဒီယိုပါ။ နှစ်ထောင့်ဆယ့်တစ်မှာ ကမ္ဘာတစ်လွှား ဖြစ်ပျက်ခဲ့တဲ့ ထူးခြားအဖြစ်အပျက်များထက် လူတွေရဲ့ ရင်ကို လှုပ်ခတ်ခဲ့တဲ့ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယို မှတ်တမ်းလေးတစ်ခုလို့ မြင်ပါတယ်။




ဒီအထဲမှာ ကျွန်တော့် ရင်ကိုထိတဲ့ အပိုင်းလေး တစ်ခုပါပါတယ်။ အဲဒါကတော့

Dad, I'm a gay. Do you still love me? I still love you, son.

ဆိုတဲ့ စစ်သားလေးက ဖုန်းထဲကနေတဆင့် သူ့အဖေနဲ့ ပြောဆိုတဲ့ အပိုင်းလေးပါပဲ.

ဒီစစ်သားရဲ့ နာမည်က Randy Phillips ပါ။ ဂျာမနီမှာ အခြေစိုက်တဲ့ အမေရိကန် စစ်တပ်ထဲကပါ။
အမေရိကန်မှာ မိမိကိုယ်ကို Gay တွေလို့ ကြော်ငြာထားတဲ့လူကို စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်း သို့မဟုတ် စစ်တပ်ထဲရောက်နေပြီးသား Gay တွေကို မိမိကိုယ်ကို ဂေးတွေလို့ ထုတ်ဖော်ဝန်ခံခြင်း မပြုရခြင်းနှင့် ဂေးလို့ သံသယရှိတဲ့ စစ်သားကို စုံစမ်းစစ်ဆေးခြင်း၊ စော်ကားခြင်း မပြုရခြင်း ဆိုတဲ့ ဥပဒေရှိခဲ့ပါတယ်။ ဒါကို သူတို့က "Don't ask Don't tell" လို့ ခေါ်ကြပါတယ်။ ဒီဥပဒေကို ၁၉၉၃ သမ္မတ ဘီလ်ကလင်တန် လက်ထက်ကတည်းက ပြဌါန်းခဲ့ပြီး ဒီနှစ်ထဲမှာ သမ္မတအိုဘာမားက ဦးဆောင်ကာ စစ်တပ်ထဲရောက်နေပြီးသား ဂေးတွေကို မိမိကိုယ်ကို ထုတ်ဖော် ၀န်ခံလျှင်တောင် အပြစ်မဖြစ်စေဖို့ အဲဒီ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒီလိုပြန်လည် ပြင်ဆင်လိုက်တာကို အတည်ပြုတဲ့အချိန်ကနေ နာရီပိုင်း အကြာမှာပဲ ဒီစစ်သားလေးက သူ့အဖေဆီကို ဖုန်းဆက်ပြီး သူ့ကိုယ်သူ ဂေးပါလို့ ၀န်ခံကာ သူ့ကိုချစ်သေးလားလို့ မေးတာကို သူကိုယ်တိုင် မှတ်တမ်းတင် ဗွီဒီယိုရိုက်ကာ ယူကျူ(YouTube) ပေါ်တင်ခဲ့ပါတယ်။ တင်ပြီးပြီချင်း မကြာမှီမှာပဲ ဒီ Clip လေးကို ကြည့်ရှုသူ သန်းချီရှိသွားခဲ့ကာ လူများစွာ လူမှုကွန်ရက်ဆိုဒ်တွေကနေ ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒီနေရာမှာ ကျွန်တော်ရင်ထဲ ထိစေတာက တခြားလူနဲ့ မတူတဲ့ တခြားလူတွေကဲ့ရဲ့ နိုင်တဲ့အရာ သူ့မှာဖြစ်နေတာကို မိသားစုကသိရင် သူ့ကိုချစ်သေးရဲ့လားစိုးရိမ်နေတဲ့သားနဲ့ သားက ဘာကြီးပဲ ဖြစ်နေဖြစ်နေ ဘယ်သူဘာပြောပြော ကိုယ့်သားကို ကိုယ်ချစ်နေဆဲဖြစ်တဲ့ အဖေအမေရဲ့ နွေးထွေးပြီး မေတ္တာလွှမ်းခြုံတဲ့ ပြီးတော့ လူသားတိုင်းရဲ့ အခွင့်အရေးကို လေစားတဲ့ စိတ်ဓါတ်လေးကို တွေ့လိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းမှာ ဒါဟာ တွေရခဲတဲ့ အရာတစ်ခု ဖြစ်တာကြောင့်ပါပဲ။ အနည်းဆုံး လူကဲ့ရဲ့ခံရမှာစိုးလို့ ဆိုတာတွေ ရှိကြတာများပါတယ်။

အောက်မှာ သူ့အဖေသူ့အမေနဲ့ ဖုန်းပြောတဲ့ အပြည့်အစုံကလစ်လေးကို ကြည့်ရှုနိုင်ပါတယ်။


လူသားတိုင်း လူသားတိုင်း ကိုယ့်ကိုယ်ပိုင် အခွင့်အရေးတွေ ထုတ်ဖော်နိုင်ကြပါစေ ထိုက်တန်တဲ့ မေတ္တာတွေ အပြည့်အ၀ရကြပါစေလို့ ဒီဗီဒီယိုလေးနဲ့ ပက်သက်ပြီး ရင်ထဲက ဖြစ်လာတဲ့ ဆုတောင်းလေးတစ်ခု ပြုလိုက်ရပါတယ် ခင်ဗျာ။

Source
http://www.youtube.com/watch?v=SAIEamakLoY
http://www.stripes.com/blogs/stripes-central/stripes-central-1.8040/dad-i-m-gay-do-you-still-love-me-1.155789
http://www.nytimes.com/2011/07/23/us/23military.html
http://en.wikipedia.org/wiki/Don%27t_ask,_don%27t_tell

Friday, December 16, 2011

ဒါတွေကို သင်သိရဲ့လား - ၇

- အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ပေးနီးယားပြည်နယ်မှာ Intercourse လို့ အမည်ရတဲ့ မြို့တစ်မြို့ရှိတယ်။ (Map) (Definition of "Intercourse")

- လပ်စ်ဗီးဂတ်စ် ကာဆာနိုနဲ့ ကာဆီနို တော်တော်များများမှာ မတွေ့ရတဲ့ အရာနှစ်ခုက ပြတင်းပေါက်တွေနဲ့ နာရီတွေပါ။ ကစားနေတဲ့သူကို အချိန်တွေ ကုန်မှန်းမသိအောင် လုပ်ထားတာလို့ ဆိုပါတယ်။ (Explanation Source)

- Los Angeles's မြို့ရဲ့ တကယ့် နာမည်အရင်းဟာ "El Pueblo de Nuestra Senora la Reina de los Angeles de Porciuncula" ဖြစ်ပါတယ်တဲ့။ (Source)

- ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Kampang ဆိုတဲ့ ကျောင်းလေးဟာ လိင်ပြောင်းထားသူတွေအတွက် ကမ္ဘာပေါ်မှာ ပထမဆုံး သီးသန့်အိမ်သာ ပြုလုပ်ထားပေးတဲ့ ကျောင်းဖြစ်ပါတယ် (Source)

- မိန်းကလေးတွေရဲ့ အင်္ကျီကြယ်သီးဟာ အမြဲတမ်း ဘယ်ဘက်မှာရှိပြီး၊ ယောက်ျားလေးတွေရဲ့ အင်္ကျီကြယ်သီးကျတော့ ညာဘက်မှာ အမြဲတမ်း ရှိပါတယ်။

ဘာကြောင့်ပါသလဲ?

ဒါကို စာဖတ် ပရိသတ်တွေ အတွက် ပဟေဠိထားခဲ့ ပေးပါတယ်။ ယောက်ျားလေးများ ဒါကို မှန်မမှန် စူးစမ်းချင်ရင် သတိတော့ ထားပါ။ အဝေး သိပ်မမြင်ရသူများ ပါဝါကြီးကြီးတပ်ထားရန် လိုအပ်သည်။ အနီး သွားကြည့်မိရင်တော့ အဟီးးးးးးးးးးးး :D

အဖြေမှန်သူအား ကျွန်တော့်ကို ရေးစေချင်သော ကျွန်တော်ရေးရန် ဖြစ်နိုင်သော စာတစ်ပုဒ်  ရေးပေးခြင်းဖြင့် ဆုချမည်။ (ငါကြင်းဆီနဲ့ ငါကြင်း ပြန်ကြော်တယ်လို့ သဘောမထားနဲ့နော်) ဟီးဟီး

အဖြေများကို အောက်ပါ ကောမက်ဘောက်စ်တွင် ဖြေဆိုပါ။ (၉.၉၉ မှတ်) :D

ဒါတွေကို သင်သိရဲ့လား -၆
ဒါတွေကို သင်သိရဲ့လား -၅
ဒါတွေကို သင်သိရဲ့လား -၎
ဒါတွေကို သင်သိရဲ့လား -၃
ဒါတွေကို သင်သိရဲ့လား -၂
ဒါတွေကို သင်သိရဲ့လား - ၁

ဒီတပတ်မှာ ဈေးဝယ်မထွက်ဘဲ ရုပ်ရှင်ကြည့်မယ်

ဒီတစ်ပတ် ဘယ်ကိုမှ ဈေးဝယ်ထွက်ဖို့ အစီအစဉ်မရှိပါဘူး... အဲဒါကြောင့် ပရိုမိုးရှင်းလေးတွေလည်း မတင်တော့ပါဘူး။ ပရိုးမိုးရှင်းတွေ ကောင်းကောင်း မရှိတာလည်း ပါပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဘယ်နှစ်ရာခိုင်နှုန်း လျှော့နေပါတယ်ဆိုတဲ့ ရာသီအထူးလျှော့ဈေး ပရိုမိုးရှင်းတွေကတော့ ဘယ်နေရာသွားသွား တွေ့နေရမှာပါ။ ဒီတပတ်ထဲမှာ ရာသီဥတုကောင်းရင် ခရစ်စမတ် ဓါတ်ပုံရိုက် ထွက်ဖြစ်ပါ့မယ်။ သေချာတာတစ်ခုကတော့ ရုပ်ရှင်ကြည့် ဖြစ်မှာပါ။

ဒီတစ်ပတ်မှာ တကယ်တမ်း ကြည့်ချင်တဲ့ ရုပ်ရှင်နှစ်ကားတောင် ရှိပါတယ်။ နှစ်ကားစလုံး တပတ်ထဲ စရုံတင်လာတော့ အတော်ရွေးရခက်ပါတယ်။ ဒါပေမယ့် နှစ်ကားလုံးကို အဆင်ပြေရင်လည်း ဆက်တိုက်ကြည့်ဖြစ်မယ် :P တကယ်ကြည့်ဖို့ ရွေးချယ်ထားတဲ့ ရုပ်ရှင်ကားတော့ မင်းသားကြီး တွန်ခရုစ်ရဲ့ Mission Impossible ၄ ကားမြောက် ရုပ်ရှင် စီးရီး Ghost Protocol ပါပဲ. MI ဇတ်ကားကို ပထမဦးဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖြစ်ပါမယ်။ ဒီလိုကားမျိုးက ရုပ်ရှင်ရုံမှာ ကြည့်လို့ကောင်းတဲ့ ဇတ်ကားမျိုးပေါ့။ ဒီထက်ပိုကြည့်ကောင်း ချင်ရင် IMAX နဲ့ ကြည့်လို့ရပါတယ်။ ဒါပေမယ့် လက်မှတ်က ဈေးကြီးပါတယ်။ လက်မှတ် ၁စောင်ကို ဒေါ်လာ၂၀ :(  စင်ကာပူမှာ IMAX က SHAW တစ်ရုံထဲ ရှိပါတယ်။ AVATAR လို ဇတ်ကားမျိုးဆိုရင်တော့ တစ်ခေါက်လောက်တော့ သွားစမ်းကြည့်ချင်တယ်။

Mission Impossible 4 - Ghost Protocol
Poster via Wiki

MI ရုပ်ရှင်တွေကတော့ ဇတ်လမ်းက အဲလောက်မဟုတ်ပါဘူး။ ဒါပေမယ့် Stunt တွေ စွန့်စားခန်းတွေက ကြည့်လို့ကောင်းတယ်။ အခုလည်း review တွေ ဖတ်ကြည့်သလောက် အဲအတိုင်းပါပဲ။ ကြည့်ဖို့အတွက် လက်မှတ်က ၀ယ်ထားပြီးပြီး၊ စင်ကာပူမှာ စရုပ်ရှင်ကြည့်ကတည်း Golden Village မှာပဲ ကြည့်ဖြစ်တယ်။ တခြားတော့ Cathy မှာ ၃ခါ၊ SHAW မှာ ၁ခါလောက်လားပဲ ကြည့်ဖြစ်တယ်။ Golden Village ၀န်ဆောင်မှုကို ပိုကြိုက်လို့ပါပဲ။ တခြား ရုပ်ရှင် ကုမ္ပဏီတွေမှာတော့ တခါမှာ မကြည့်ဖြစ်ပါဘူး။

ဒီနေရာမှ စင်ကာပူက ရုပ်ရှင်ရုံအကြောင်း စင်ကာပူမှာ မနေတဲ့သူတွေအတွက် နည်းနည်းလေး လေရှည် ပြောပြချင်ပါတယ်။ စင်ကာပူမှာ ရုပ်ရှင် ကုမ္ပဏီ သိသလောက် ၅ခုရှိပါတယ်။ အစက ၄ခုပါ။ အသစ်တစ်ခုက မကြာမီကပဲ ဘူးကစ်က Iluma မှာ စဖွင့်ထားတာပါ။ တခြား ပရိုက်ဗိတ်လေးတွေ ရှိသေးရင်တော့ မပြောတတ်ပါဘူး။ အဲဒီငါးခု နာမည်တွေကတော့ Golden Village, SHAW, Cathy, Eng Wah နဲ့ Film Grade တို့ပါ။ အသစ်ဖွင့်တာက Film Grade ပါ။ SHAW ကိုတော့ မြန်မာပြည်က ရုပ်ရှင်ကြည့်သူတွေ ရင်းနှီးမှာပါ။ အရင်က ဒီကုမ္ပဏီပဲ မြန်မာပြည်ကို ရုပ်ရှင်တွေ သွင်းခဲ့ဖူးပါတယ်။ စင်ကာပူမှာက ရုပ်ရှင် ကုမ္ပဏီတစ်ခုဆိုရင် ရုပ်ရှင်ရုံတွေ အများကြီးကို နေရာအနှံ့မှာ ခွဲဖွင့်ထားပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံတစ်ရုံဆိုလည်း ရုပ်ရှင်ကြည့်တဲ့အခန်းပေါင်း များစွာရှိပါတယ်။ အဲဒါကြောင့် တစ်ရုံထဲမှာကို တပြိုင်တည်း ရုပ်ရှင် လေး ငါ ဆယ်ကားလောက်ထိ ပြတတ်ပါတယ်။ ခန်းမ သေးတာနဲ့ ကြီးတာနဲ့ပဲ ကွာပါတယ်။ ကြီးတာကတော့ ကျွန်တော်တို့ သမ္မတရုံထက် အသာလေး ကြီးပါတယ်။ အဲလိုခန်းမကြီးကြီးက တစ်ရုံမှာ ၂ခန်းကနေ ၃ခန်းထိရှိပါတယ်။ အခုနောက်ပိုင်း ဖွင့်တဲ့ မြန်မာပြည်က ရုပ်ရှင်ရုံတွေတော့ ဘယ်လိုရှိလဲ မသိပါဘူး။ ကျွန်တော်ကတော့ ခန်းမအကြီးမှာပဲ လူများများနဲ့ ကြည့်ရတာကြိုက်ပါတယ်။ ခန်းမ အသေးမှာပဲ ပြတဲ့ကား ဆိုရင် မကြည့်ဖြစ်သလောက်ပါပဲ။ လူနည်းပြီး ကြည့်ရတာ ပျင်းစရာကောင်းလို့ပါ။

ဒီမှာ ရုပ်ရှင်လက်မှတ် ၀ယ်တာက အင်တာနက်၊ ဖုန်း၊ စက်နဲ့ လူကိုယ်တိုင် စသည်ဖြင့်ပေါ့ ၀ယ်လို့ရတယ်။ ကျနော်ကတော့ အများအားဖြင့် အင်တာနက်ပေါ်ကနေပဲ ကတ်နဲ့ငွေချေပြီး ၀ယ်ဖြစ်ပါတယ်။ ဖုန်းနဲ့ ၀ယ်တာက တဖက်ကနေ အလိုအလျောက် ဖြေကြားတဲ့စက်နဲ့ ၀ယ်ပြီး ခုံကိုကြိုတင်ဘွတ်ကင်လုပ်တဲ့သဘောပါ။ ပိုက်ဆံက ရုံရောက်မှ ပေးရပါတယ်၊ ပြီးတော့ လက်မှတ်ထုတ်ရပါတယ်။ စက်နဲ့ကြတော့ AXS, SAM လို့ခေါ်တဲ့ ဘီလ်တွေဆောင်လို့ရ၊ လက်မှတ်ဝယ်လို့ရတဲ့ စက်မှာဝယ်တာပါ။ အဲဒီမှာ ကတ်နဲ့ဝယ်ရပြီး တခါတည်း ငွေချေ လက်မှတ်ထုတ်လို့ရပါတယ်။ အင်တာနက်နဲ့ ၀ယ်တာက လက်မှတ်ထုတ်တဲ့အခါ ဒီစက်တွေမှာ သို့မဟုတ် ရုံမှာ ကိုယ်ဝယ်တုန်းက အီးမေးလ်နဲ့ ပို့ပေးတဲ့ ဘွတ်ကင်နံပါတ်နဲ့ ထုတ်ရပါသေးတယ်။ ကွာတာက အင်တာနက်မှာဝယ်ရင် ခုံနေရာကို စိတ်ကြိုက်ရွေးလို့ရပြီး ဖုန်းနဲ့ရယ် စက်နဲ့ရယ် ၀ယ်တာက စက်ကချပေးတဲ့ ကြုံရာ ခုံနေရာပဲ ရပါတယ်။ မကြိုက်ဘူးဆိုရင် ထပ်ခါတလဲလဲ အစပြန်သွား ပြန်ဝယ် လုပ်ရတတ်ပါတယ်။

ရုပ်ရှင်လက်မှတ်တန်ဖိုးက အများအားဖြင့် ၁၀ သို့မဟုတ် ၁၁ဒေါ်လာပါ။ အခုလက်မှတ်က ၁၁ဒေါ်လာပေးရပေမယ့် ၀ယ်တော့ POSB Debit/Credit ကတ်နဲ့ ၀ယ်လို့ ဒစ်စကောင့်ရပြီး တစ်စောင်ကို ၈ဒေါ်လာခွဲပဲ ပေးရပါတယ်။ ဘွတ်ကင်ခ ၁ဒေါ်လာပေးရပေမယ့် ၅ဒေါ်လာလောက်တော့ သက်သာသွားပါတယ်။ အခုလိုမျိုးလဲ ဘဏ်ကဒ်ပရိုမိုးရှင်းတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် 3D ဇတ်ကားဆိုရင်တော့ လက်မှတ်ခက ၁၄ဒေါ်လာလောက်တောင် ရှိတတ်ပါတယ်။ ပြီးတော့ သူက ဘာနဲ့မှ ပရိုမိုးရှင်း မပေးပါဘူး။

ရုပ်ရှင်မကြည့်တာ တစ်လနီးပါး ရှိပါပြီး၊ နောက်ဆုံးကြည့်ခဲ့တာ သွေစုတ်ဖုတ်ကောင် အပိုင်းလေးရဲ့ အပိုင်းတစ် ကားပါ။ ဘယ်ကားလဲ ဆိုတာ သိပါတယ်နော်။ သြော် MI ကားနဲ့ အတူ ကြည့်ချင်တဲ့ နောက်တစ်ကားက Sherlock Holmes ကားပါပဲ။ အဆင်ပြေရင်တော့ တပတ်ထဲမှာ နှစ်ကား ကြည့်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ ဒါကတော့ ဒီတပတ်ရဲ့ မစ်ရှင်ပါပဲ။ အားလုံး Weekend မှာ Enjoy လုပ်နိုင်ကြပါစေ။

Mission Impossible 4 - Ghost Protocol - Official Trailer (IMDB)



Sherlock Holmes : Game Of Shadows - Official Trailer (IMDB)




Thursday, December 15, 2011

ဒေါ်လာ ၁.၆သန်းရသွားတဲ့ Apple ကုမ္ပဏီ စတင်တည်ထောင်စဉ် ချူပ်ဆိုခဲ့တဲ့ စာချူပ်မူရင်း

Apple ကုမ္ပဏီ စတင်တည်ထောင်စဉ်က ပါဝင်ခဲ့သူသုံးဦး ဖြစ်တဲ့ စတိဂျော့(Steve Jobs)၊ ၀ါ့နိရက်ဇ်(Wozniak)နှင့် ၀ိန်း(Wyane)တို့ ပါဝင်လက်မှတ်ထိုးထားတဲ့ ရှယ်ယာခွဲဝေရေးနဲ့ သက်ဆိုင်တဲ့ စာချူပ်မူရင်းတစ်ခုကို ဒီဇင်ဘာ ၁၃ရက်နေ့က လေလံတင် ရောင်းချခဲ့တာမှာ Cisneros Corporation ရဲ့ Chief Executive "Eduardo Cisneros" က  ဒေါ်၁.၆သန်းဖြင့် လေလံအနိုင်ရကာ ၀ယ်ယူသွားခဲ့ပါတယ်။ ဒီစာချူပ်နဲ့အတူ နောက်ထပ် '၀ိန်း' က သူရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ပြန်လည်အမ်းယူသွားတဲ့ စာချူပ်တစ်ခုလည်း ပါဝင်ပါတယ်။ စာချူပ်တွေကို '၀ိန်း' က ဒါတွေစုဆောင်းတဲ့ လူတစ်ယောက်ကို ၁၉၉၄ခုနှစ်ကတည်း ရောင်းချထားခဲ့တာပါ။

အက်ပဲလ် တည်ထောင်စဉ် စာချူပ်မူရင်း  တစ်ခု
(Photo Via DailyMail)

'၀ိန်း' ဟာ အက်ပဲလ်ကုမ္ပဏီ စတင်တည်ထောင်တဲ့အထဲ စတိဂျော့နဲ့ ၀ါ့နီရက်ဇ်တို့နှင့်အတူ တတိယလူအဖြစ် ပါဝင်ခဲ့ပေမယ့် သူ့ကို လူသိနည်းပါတယ်။ အခု အသက် ၇၇ခုနှစ်ရှိနေပြီး ဖြစ်တဲ့ '၀ိန်း' ဟာ အဲဒီအချိန်တုန်းက ဗွီဒီယိုဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီ Atari မှာ အလုပ်လုပ်နေစဉ် စတိဂျော့နဲ့ တွေ့ဆုံခဲ့ပြီး၊ စတိဂျော့က သူကို့ အဖေသဖွယ် ခင်မင်လေးစားခဲ့ပါတယ်။ အက်ပဲလ်ကုမ္ပဏီ စတင်တည်ထောင်စဉ် စာချူပ်ချူပ်ဆိုချိန်မှာ စတိဂျော့နဲ့ ၀ါ့နီရက်ဇ်က ၄၅ရာခိုင်နှုန်းစီ ရှယ်ယာပိုင်ဆိုင်မှု ရှိခဲ့ပြီး '၀ိန်း' ဆယ်ရာခိုင်နှုန်းပိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ သူရှယ်ယာကို ပြန်ရောင်းခဲ့တာ ပထမဆုံး ဒေါ်လာ၈၀၀ရပြီး နောက်ထပ် ဒေါ်လာ ၁၅၀၀ထပ်ရခဲ့ပါတယ်။ တကယ်လို့ သူသာ ဒီရှယ်ယာကို ပြန်မရောင်းခဲ့ရင် အခုဒီရှယ်ယာရဲ့တန်ဖိုးဟာ ဒေါ်လာ ၂ဘီလီယံခန့် ရှိနေပါပြီး။

အက်ပဲလ် စတင်တည်ထောင်စဉ် ပါဝင်ခဲ့ပေမယ့် လူသိနည်းတဲ့ Ronald Wayne
(Photo Via DailyMail)

ဒါပေမယ့် '၀ိန်း' ဟာ ဒီရှယ်ယာ ပြန်ရောင်းခဲ့တာကို နောင်တမရပါဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အက်ပဲလ်မှာသာ သူဆက်နေခဲ့ရင် အခုချိန်မှာ သူဟာ သင်္ချိုင်းထဲမှာပဲ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက် ဖြစ်နေမှာလို့လည်း ပြောပါတယ်။ စတိဂျော့နဲ့ ၀ါနီရက်ဇ်ဟာ နည်းပညာဘီလူးတွေဖြစ်ပြီး အလုပ်ကိုမှာ ဇယ်စက်သလို အလွန်အကျွံလုပ်တတ်တဲ့ သူမျိုးတွေဖြစ်တာကြောင့် သူတို့နဲ့ အတူ အလုပ်တွဲလုပ်ရမှာ သူအနေနဲ့ မချောင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် '၀ိန်း' ဟာ စတိဂျော့ကိုတော့ စီးပွားရေးစလုပ်စဉ်  ရုန်းကန်ကြိုးစားရချိန်မှာ အများကြီး ကူညီပေးခဲ့ပါတယ်။

ဒီစာချူပ်ကို ၀ယ်ယူခဲ့တဲ့ သူဌေးကတော့ သူရဲ့ တွစ်တာ(Twitter)မှာ

'အခုလို အမေရိကန်ရဲ့ သမိုင်းအပိုင်းအစတစ်ခုကို ပိုင်ဆိုင်ခွင့်ရတာ အလွန်ပျော်ရွှင်ကြောင်း'

ရေးသားထားပါတယ်။

News Source:
http://www.dailymail.co.uk/sciencetech/article-2073925/Contract-1-10th-Apple-sold-800-fetches-1-6-million-auction--10-times-estimate.html

Wednesday, December 14, 2011

မြောက်ကိုရီးယား ခေါင်းဆောင် အမွေခံ ကင်ဂျူံအန်း၏ ဆံပင်ပုံစံ မြောက်ကိုးရီးယား လူငယ်တွေအကြား ခေတ်စား

( ကင်ကျူံအန်းရဲ့ ဆံပင်ပုံစံ)
(Photo via AsiaOne)

မြောက်ကိုရီးယားရဲ့ လက်ရှိ ခေါင်းဆောင် ကင်ကျူံအီရဲ့ နေရာကို အမွေဆက်ခံမယ့် သူရဲ့သား ကင်ဂျူံအန်းရဲ့ လက်ရှိ တိုတိုနဲ့ အလယ်ခွဲထားပြီး၊ အနောက်ကို ခပ်မြင့်မြင့်လှန်ဖီးထားတဲံ ဆံပင်ပုံစံဟာ မြောက်ကိုရီးယား လူငယ်တွေကြားမှာ ခေတ်စားနေပါတယ်တဲ့... သူရဲ့ ဆံပင်ပုံစံကို လိုက်ညှပ်ဖို့ ဆံပင်ညှပ်ဆိုင်မှာ လူငယ်တွေ ဆိုင်မှာတန်းစီနေတာပဲဆိုပြီး တောင်ကိုးရီးယား သတင်စာတစ်စောင်မှာ ရေးသားထားပါတယ်။

 အသက်နှစ်ဆယ်ကျော် ရှိပြီးလို့ထင်ရတဲ့ ကင်ဂျူံအန်ဟာ ဗိုလ်ချူပ်ငယ်လေးလို့ တင်စားခံရပြီး၊ သူရဲ့ပုံစံကို မြောက်ကိုးရီးယား နိုင်ငံကို တည်ထောင်သူ သူ့အဘိုး ကင်အီဆွန်းပုံစံနဲ့ တူအောင် လုပ်ဆောင်နေထိုင်ခြင်း၊ တရုတ်ခေါင်ဆောင်းဟောင် မော်စီတုံးလို အနက်ဝတ်စုံ ၀တ်ခြင်းဖြင့် သားစဉ်မြေးဆက် အာဏာဆက်ခံမှုမှာ လူထုထောက်ခံမှု ရအောင် ကြိုးစားနေပါတယ်

 ဒီကင်ဂျူံအမ်းရဲ့ ဆံပင်အတိုပုံစံဟာ ငယ်ရွယ်နုပျိုခြင်းနှင့် ရည်မှန်းချက်ကြီးမားခြင်း အသွင်ကိုဆောင်တယ်လို့ မြောက်ကိုရီးယား လူငယ်တွေက မှတ်ယူနေကြပါတယ်။ ဒါ့အပြင်ဒီပုံစံကိုပဲ ခပ်တိုတို၊ အလယ်အလတ်နဲ့ လေထောင့်စပ်ကျကျ စတိုင်တွေက ခေတ်စားနေပါတယ်လို့ မြောက်ကိုရီးယား ဆံပင်ညှပ်ဆရာ အန်ဆုဂီး(An Su-gil)က မြောက်ကိုရီးယား သတင်းဌါန KNCA ပြောပြပါတယ်။။ ဆံပင်အတိုပုံစံကိုတော့ ပိုပြီးဆွဲဆောင်မှု ရှိခြင်း၊ သပ်ရပ်မှုရှိခြင်း၊ အားမာန်ရှိဟန် ရှိခြင်းအပြင်၊ ကျန်းမာရေး ကောင်းမွန်စေခြင်း အတွက်လည်း ညှပ်ကြပါတယ်တဲ့...

ကင်ဂျူံအမ်းဟာ မနှစ်ကမှ သူ့အဖေက ကြယ်လေးလုံးအဆင့် ဗိုလ်ချူပ်ကြီး ရထူးတိုး ဆက်ခံစေခြင်းဖြင့် မြောက်ကိုရီးယား နောက်မျိုးဆက် ခေါင်းဆောင်နေရာ ဆက်ခံမည့်သူလို့ အများက ယူဆခံထားရသူပါ။

ဒီဆံပင် ဒီဇိုင်းလန်းလေးကို ညှပ်ချင်သူများ မြောက်ကိုးရီးယားက ဆံပင်ညှပ်ဆိုင်မှာ သွားတန်းစီကြပါ။ ညှပ်ပြီးတာနဲ့ ကြယ်လေးပွင့် ဗိုလ်ချူပ်ဖြစ်သွားပါမယ်။ :D

News Souce:
http://www.asiaone.com/News/Latest+News/Asia/Story/A1Story20111214-316166.html

Tuesday, December 13, 2011

ကိုယ်ကိုယ်တိုင်မသိသေးတဲ့ ကိုယ့်အကြောင်း ၁၀ချက်

၁. ကိုယ်ကိုယ်တိုင် မသိသေးတဲ့ ကိုယ့်အကြောင်းဆိုလို့ ဒါကို စိတ်ဝင်တစားနဲ့ စဖတ်နေပြီး မဟုတ်လား

၂. အင်း... ဒီလိုစပြောတော့ မဟုတ်တာ ပြောတော့မယ် ဆိုတာ နည်းနည်း သဘောပေါက်လာလား မသိ

၎. သြော်... ပြောရင်းနဲ့ နံပါတ်သုံးကို ကျော်သွားတယ်နော်... သိလိုက်လား... စိတ်မရှိနဲ့နော်...

၅. အင်း... အခုမှ ပြန်ကြည့်နေတာလား...

၆. မောင်သန့်တော့နော် ဆိုပြီး... အံ့ကြိတ်ပြီး ပြုံးမနေနဲ့ဦးနော်.. စတာပါ။

၇. ဒါပေမယ့်လည်း... မောင်သန့်စာတွေကို ဆက်ဖတ်နေမယ်ဆိုတာ... စာဖတ်ပရိသတ်ကို ယုံကြည်တယ်။ (အာဘွား ခိခိ)

၉. ဟာ... လုပ်မိပြန်ပြီး... တကယ်တောင်းပန်တယ်... နံပါတ် ၈ ကျော်သွားမိပြန်ပြီး...

၁၀. ဟုတ် မဟုတ်ပြန်ကြည့်နေတာလား... ဟီးဟီး... ဒီငနဲတော့ ဘိုးတော်ဘုရား လေးဘက်ထောက်က ဟာတွေနဲ့ လာလှည့်နေသေးတာဆိုပြီး စိတ်ဆိုးမနေနဲ့ဦးနော်...

၁၁. စတာပါ... ပျော်ပျော်ပါးပါးပေါ့...

၁၂. ဟယ်တော့... ဒုက္ခပဲ... မောင်သန့်ကို ပြောမှမပြောဘဲ... ၁၀ချက်ဆိုပြီး အခု ၁၂ချက်တောင် ဖြစ်သွားပြီး... ဟာ ကိုယ့်ကိုယ်ကို သေတာသေလိုက်ချင်ပါတယ်လို့ ပြောမနေနဲ့ဦးနော်

တော်ပြီ.. တော်ပြီ... ဒီလောက်ဆို သိသွားပြီးဟုတ်...  ဒါပဲနော်... အားလုံး ကျေးဇူး အထူးတင်ပါတယ်။ :D

Monday, December 12, 2011

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၃

Ataxophobia: The fear of disorder or untidiness

ဒီအကြောက်ရောဂါကတော့ အစီအစဉ်တကျ မရှိမှု၊ သပ်ရပ်မှုမရှိတာတွေကို ကြောက်တတ်တဲ့ ရောဂါပါတဲ့။ ဒီရောဂါရှိတတ်တဲ့ လူတွေဟာ နည်းနည်းတော့ သတိထားရတတ်တယ်။ ဘာလို့လဲဆို သူတို့ဟာ သူတို့ရှေ့မှာ အဲလို အစီအစဉ်တကျ မဖြစ်နေဘူး၊ သပ်ရပ်မှုမရှိဘူးဆိုတာ တွေ့ရင် အင်မတန်မှ ဒေါသထွက် စိတ်ဆိုးတတ်ပြီး အနားမှာ ရှိသမျှကို တိုက်ခိုက်တတ်ပါတယ်တဲ့။ ပြီးတော့ သူတို့ဟာ အစီအစဉ်မကျဖြစ်မဲ့ ကိစ္စတွေအတွက်လည်း အမြဲတမ်း စိုးရိမ်ပူပန်နေတတ်ပါတယ်။

ဒီရောဂါရှိတဲ့သူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလို တွေ့ရတတ်မှာပါ။ အများအားဖြင့် တစ်ချို့သော အိမ်ရှင်မတွေဟာ သူတို့အိမ်ကို သန့်ရှင်းတောက်ပြောင် သပ်သပ်ရပ်ရပ် ဖြစ်နေမှ ကြိုက်တယ်။ အဲလိုဖြစ်အောင်လည်း အမြဲတမ်း တသသ လုပ်တတ်တယ်။ ကလေးတွေများ တခုခု ရှုပ်ပွအောင်လုပ်လိုက်မိရင် တုတ်စာမိတော့တာပဲ :P ဒါက ရောဂါ အသေးစားလေးပေါ့ (တိုက်ဆိုင်မှုရှိရင် ခွှင့်လွှတ်ပါ။)

အဲရောဂါ နည်းနည်းကြီးတဲ့လူကျတော့ အိမ်မှာ ရှိတဲ့ပစ္စည်း ဒါမှမဟုတ် တနေနေရာမှာ ပစ္စည်းတွေ အစီအစဉ်တကျ မဖြစ်နေဘူးဆို သူတို့ မနေတတ်ပါဘူး။ အဲဒါ သွားပြီးတော့ သွားစီပေးတတ်တယ်။ ဥပမာ ဗူးခွံတွေ၊ ပုလင်းတွေ၊ နောက် စာအုပ်တွေ စီထားတာ မညီရင် ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် သွားစီပေးတတ်တယ်။ မစီပေးရရင် မနေနိုင်ဘူး။ တွေ့နေရရင် စိတ်ဆင်းရဲနေတတ်တယ်။

နောက်တစ်မျိုးကကျ စဉ်းစားထားတာတွေ လုပ်မဲ့ဟာတွေ အစီအစဉ်မကျ မရေမရာ ဖြစ်တာကို မခံစားနိုင်တဲ့သူမျိုး... ဥပမာ မနက်ဖြန် ဘာလုပ်မယ်၊ ဘာစားမယ်၊ ဘယ်သွားမယ်၊ ဘာဝတ်မယ်ဆိုတာကအစ သေသေချာချာ မစဉ်းစားထားပဲနဲ့ အိပ်ယာဝင် အိပ်မပျော်တဲ့သူမျိုးပါ။

တကယ်တမ်း ဒီရောဂါက ကိုယ်မှာရှိနေတယ်လို့ သံသယ၀င်ရင် စိတ်ဓါတ်တော့ မကျပါနဲ့။ ကိုယ့်မှာ ကမ္ဘာကျော် အဖော်တစ်ယောက် ရှိနေသေးလို့ နှစ်သိမ့်လို့ရတယ်။ သူကဘယ်သူလဲဆိုတော့ ကမ္ဘာကျော် ပျိုမေတို့ အသည်းစွဲ ဘော်လုံးမင်းသား ဒေးဗစ်ဘက်ခမ်းပါ။ ဒေးဗစ်ဘက်ခမ်းဟာ သူ့ဇနီး ဗစ်တိုးရီးယားနဲ့ သူကိုယ်တိုင် မီဒီယာအင်တာဗျူးတွေမှာ ၀န်ခံချက်အရ ဒီရောဂါဟာ သူ့မှာ ထင်ထင်ရှားရှား ရှိနေကြောင်း သိရပါတယ်။

ဘက်ခမ်းဟာ ရေခဲသတ္တာထဲမှာ Diet Coke သုံးဘူးရှိရင်တောင် တစ်ဘူးကို လွှင့်ပစ်ပြီး နှစ်ဘူးပဲထားပါတယ်။ ဘာလို့ဆိုတော့ စုံဖြစ်နေအောင်လို့ပါတဲ့၊ အဲလိုပဲ အိမ်မှာရှိတဲ့ အရာအားလုံးဟာ ဘက်ညီရှိနေမှ သူစိတ်ချမ်းသာတယ်လို့ ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီယားကပြောပါတယ်။
နောက်ပြီးတော့ ဗီရိုထဲက အ၀တ်အစားတွေကို အရောင်လိုက် သူက စီထားတတ်ပါတယ်တဲ့။ အိမ်မှာ ရှိတဲ့ ကော်ဇောဖျာကိုတောင် ၀င်ဘာလေကွင်းထဲက မြက်ခင်းလိုင်းညီညီတွေအတိုင်းရှိတဲ့ ဖျာဝယ်ထားရပါတယ်။ နောက်ပြီး ဗစ်တိုးရီးယားက သူ့ကို အမြဲသတိပေးရတယ်။ ဘာလို့လဲဆို ကလေးတွေ အိပ်နေချိန်မှာတောင် ဂရုမစိုက်အားပဲ အဲဒီကော်ဇောအမွေးလိုင်းတွေ ညီအောင် ဖုန်စုတ်စက်နဲ့ စုတ်နေလို့ပါတယ်လို့ သူကိုယ်တိုင် ၀န်ခံထားပါတယ်။ နောက်တစ်မျိုးကတော့ သူ့ဟာ မနက်ဖြန် ဘာဝတ်ရမယ်ဆိုတာ သေချာစဉ်းစားစီစဉ်ပြီးမှာ ညမှာ အိပ်ပျော်တတ်သူပါတဲ့ဗျာ...

ကဲ ဒီရောဂါကတော့ အစီအစဉ်မကျတော့ သပ်ရပ်မှုမရှိတာကို သဘောမကျတာ ဖြစ်တဲ့အတွက် ကောင်းတယ်လို့ ပြောလို့ရပေမယ့် ဒါတွေအတွက် အလွန်အကျွံစိတ်စွဲလန်းတဲ့အခါ စိတ်ပင်ပန်းပြီး စိုးရိမ်တွေအမြဲအဖြစ်နေတတ်တာတော့ မကောင်းဘူးပေါ့။ အဲလိုဖြစ်နေရင် ကုသဖို့ အချက်ကတော့ ဒီလူအမြင်တွေကို အခါမလပ်ကောင်ဘက်ကိုပြောင်းပေးဖို့ပါ။ ဥပမာပေါ့ မညီညာ မစီရီ ဖြစ်နေတာကို မနေတတ်ရင် တဖက်ပြန်ပြီး ပြီးရင် သူများတွေ လာစီမှာပေါ့... ကိုယ်က သိပ်မစိုးရိမ်နဲ့... အဲဒါမျိုးပေါ့...

ကဲ ကိုယ့်မှာရော ဒီရောဂါ ရှိလား ဆန်းစစ်ကြည့်ကြပါဦးခင်ဗျာ။ ကျွန်တော်ကတော့ ပြောင်းပြန်ပါ... ဖွရမှ ကြိုက်တတ်တဲ့သူ... တခါတလေ စိတ်ကူးပေါက်မှ ထရှင်းတတ်တာမျိုးပါ။ :D

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias) - ၂

မှတ်သားစရာ ထူးခြားဆန်းပြား ကြောက်တတ်တဲ့ ရောဂါများ (Phobias)

Ref:
http://www.celebrities-with-diseases.com/health-conditions/ataxophobia-the-fear-of-disorder-1766.html

Friday, December 9, 2011

စင်ကာပူ ပရိုမိုးရှင်းများ - Robinson Sales, L'Oreal Sales, Branded Bag Sales, Best Denki Electronic Warehouse Sales

ဒီတပတ် ဈေးဝယ်ထွက်ဖို့ ကောင်းနိုးရာရာ ပရိုမိုးရှင်းလေးတွေ ရွေးချယ် တင်ပြလိုက်ပါတယ်။




ROBINSONS SALES
နေရာ  :    Singapore Expo Hall 5
နေ့ရက်: 8 Dec 2011 - 18 Dec 2011
အချိန်  : 10:30AM to 10PM




နေရာ  :    Singapore Expo Conference Hall G, H, J
နေ့ရက်: 10 Dec 2011 - 10 Dec 2011
အချိန်  : 11AM to 7PM




နေရာ  : SCAPE Level 5 (Gallery Room), Orchard Link
နေ့ရက်: 9 Dec 2011 - 11 Dec 2011
အချိန်  : 10AM to 8PM




နေရာ  :    Crowne Plaza, Changi Airport Terminal 3
နေ့ရက်: 10 Dec 2011 - 11 Dec 2011
အချိန်  : 11AM to 7PM

Updated (Sorry and Thanks ko TZA for comment. I missed it out) :D

နေရာ : 6 Tagore Drive, Tagore Building
နေ့ရက်: 15 Dec 2011 - 18 Dec 2011
အချိန်  : 11AM to 8PM
Free Shuttle Bus from Bishan MRT Exit A

Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own any of them.

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၅



The Explendables Movie Poster


Expendables 2


ဇတ်ကားဟောင်းတွေထဲက အကြောင်းတွေ မဖော်ပြခင် ဒီတစ်ခါတော့ မထွက်သေးဘဲ ရိုက်ကူးလျက်ရှိသေးတဲ့ ဇတ်ကားထဲ ကြေကွဲဖွယ်ရာ အကြောင်းလေး ဖော်ပြချင်ပါတယ်။
Expendables 2 ဆိုတာ ၂၀၁၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Expendables ဇတ်ကားရဲ့ နောက်ဆက်တွဲ ဇတ်ကားပါ။ ပိုစတာမှာ မြင်ရတဲ့အတိုင်း ဒီဇတ်ကားဟာ တကယ့် အက်ရှင်မင်းသားကြီးတွေ ဖြစ်တဲ့ ရမ်ဘိုလို့ ပရိသတ်တွေ သိထားကြတဲ့ စတားလုံး၊ ဂျက်လီ၊ Die Hard မင်းသား ဘရုစ်ဝီလီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကြေစား စစ်သားအဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ အက်ရှင်ဇတ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားကို မင်းသား စတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။

အခုလက်ရှိ ရိုက်ကူးဆဲဖြစ်တဲ့ နောက်ဆက်တွဲ Expendables 2 ဇတ်ကားကိုတော့ ဒါရိုက်တာ ဆိုင်မွန်ဝက်စ်(Simon Wes)က ရိုက်ကူးနေပြီး ဒီဒုတိယဇတ်ကားမှာ နောက်ထပ် အက်ရှင်မင်းသား ဗန်ဒိန်းလည်း ပါဝင်အားဖြည့်ထားပါတယ်။ ပထမဇတ်ကားက ကြည့်ရသလောက် နာမည်ကြီးအက်ရှင်မင်းသားတွေ လှိုင်လှိုင်ပါပေမယ့်လည်း ဇတ်အိမ်က သိပ်မကောင်းဘူး ခံစားရပါတယ်။ ဒါပေမယ့် ၀င်ငွေကောင်းတဲ့ကား တစ်ကားတော့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယ ဇတ်ကားကို ဆက်လက်ရိုက်ကူးဖို့ လုပ်နေကြတာ ထင်ပါတယ်။

ဒီဇတ်ကားရိုက်ကူးနေစဉ် ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလထဲ ဘူးဂေးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ဆည်တစ်ခုအတွင်းမှာ ရိုက်ကူးနေစဉ် အသုံးပြုတဲ့ ရော်ဘာလှေဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မင်းသားတွေရဲ့ အစားထိုး စတန့်သမားနှစ်ဦး ထိခိုက်မှုရှိခဲ့ပါတယ်။ အဲဒီအထဲမှာ တစ်ဦးကတော့ နေရာမှာတင်သေဆုံးကာ နောက်တစ်ဦးက အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒဏ်ရာရသွားတဲ့ စတန့်သမားကိုတော့ ဆေးရုံချက်ချင်းတင်ခဲ့ပြီး နောက်ပိုင်း ပြန်လည်သက်သာသွားကာ အသက်ဘေးနဲ့ လွတ်ခဲ့တယ်လို့ ဆိုပါတယ်။


 ဒီမတော်တဆဖြစ်နေတဲ့အချိန်မှာ အဓိကမင်းသားတွေဟာ အဲဒီရိုက်ကွင်းမှာ ရှိမနေဘဲ အဲဒီနေရာကနေ နှစ်နာရီလောက် ကားမောင်းရတဲ့ တခြားရိုက်ကွင်းတစ်ခုမှာ ရှိနေခဲ့တာပါ။ ရုပ်ရှင်ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် သေဆုံး၊ ဒဏ်ရာရတဲ့ စတန့်သမားနှစ်ယောက် မည်သူမည်ဝါဆိုတာ အတိအကျ ဖော်ပြခြင်း မရှိသေးဘဲ ဒီမတော်တဆတစ်မှုကိုတော့ ရိုက်ကူးရေး အဖွဲ့  အောက်ပါအတိုင်း တရားဝင် စာထုတ်ပြီးတော့ ၀န်ခံထားပါတယ်။ ပြီးတော့ ဒီအဖြစ်အပျက်ကို သေချာစုံစမ်းစစ်ဆေးဦးမယ်လို့လည်း ဆိုပါတယ်။

"It is with great regret that we confirm this unfortunate accident. Our hearts go out to the families and those on the production affected by this tragedy. The filmmakers are working closely with the authorities in responding to and investigating this accident."

ရုပ်ရှင်ထွက်လာချိန်မှာတော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး ပိုပြီးတော့သတင်းထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။ စတန့်တွေကို ကိုယ်တိုင်လုပ်ပြီး သရုပ်ဆောင်တတ်တဲ့ အက်ရှင်မင်းသားများကိုယ်တိုင် ရိုက်ကူးနေတာ ဖြစ်နေပေမယ့်လည်း တကယ် အန္တရယ်များတဲ့ စတန့်ကိုတော့ မင်းသားတွေကိုယ်တိုင် သရုပ်ဆောင်ပြီး မရိုက်ကူးတာ ဒီဇတ်ကားမှာ ထူးခြားစွာတွေ့ရပါတယ်။

Expendables 2 ဇတ်ကားကို ၂၀၁၂ သြဂုတ်မှာ ရုံတင်မယ်လို့ ကြော်ငြာထားပြီး အခုလိုလူသေဆုံး ဒဏ်ရာရတဲ့အထိ ရိုက်ကူးနေတဲ့ ဟောလီးဝုဒ်က ဒီ Blockbuster ရုပ်ရှင်ကို ကြည့်ဖြစ်ဖို့တော့ မသေချာပေမယ့် ဒီရုပ်ရှင်ရဲ့ ကြေကွဲဖွယ်ရာ ရိုက်ကွင်းလေးအကြောင်းကိုတော့ ဟောလီးဝုဒ်ရဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များထဲက တစ်ခုအဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ။

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၎

Ref:
http://www.tmz.com/2011/10/28/expendables-2-stuntman-killed/#.TuC7r_Ieokg
http://www.mtv.com/news/articles/1673345/expendables-2-stuntman-killed.jhtml
http://en.wikipedia.org/wiki/Expendables_2
http://en.wikipedia.org/wiki/The_Expendables_%282010_film%29

Thursday, December 8, 2011

ဂျီတော့(gtalk)ပေါ်ရောက်နေသော ဂူးဂဲလ်ပလပ်စ်(Google Plus)ထဲက သူတွေကို ဖယ်ရှားနည်းနှင့် လူမှုကွန်ရက်ဆိုဒ်တွေရဲ့ ကိုယ်ရေးကိုယ်တာများ ချိုးဖောက်မှု ဂယက်

အခုတစ်လော ဂူးဂဲလ်ရဲ့ အဆန်းထွင်မှုကြောင့် ဂူးဂဲလ်ပလပ်စ် အသုံးပြုသူတွေ မိမိရဲ့ ဂူးဂဲလ်ပလပ်စ်(Google +) Circle ထဲမှ သိသူတွေရော မသိသူတွေရောကို ဂျီတော့(gtalk) ပ်ါမှာ xxxx@public.talk.google.com စတဲ့အီးမေးလ်လိပ်စာတွေနဲ့ လာပေါ်နေတာ ကြုံတွေ့ရသူ တော်တော်များ ရှိမှာပါ။ ဒါဘာကြောင့်ဖြစ်တာလဲဆိုရင် ဂူးဂဲလ်က ဂူးဂဲလ်ပလပ်စ်ကို တခြားသူရဲ့ ၀န်ဆောင်မှုတွေနဲ့ ပေါင်းစည်းချင်လို့ လုပ်တာပါ။ ဥပမာ ဂူးဂဲလ်ရီတာ(Google Reader)နှင့် ဂူးဂဲပလပ်စ်ပေါင်းစည်းသလို ဂျီတော့ကိုပါ အဆစ်ထည့်လိုက်တာပါ။

နောက်ပြီး အခုလိုဖြစ်ရတာကလဲ ကိုယ်က ဂူးဂဲလ်ပလပ်စ်ထဲမှာပါတဲ့ ဘယ်ဘက်ထောင့်အောက်နားက Chat ဆိုတာကို Sign in ၀င်လိုက်မိတာလဲ ပါပါတယ်။ အဲလို Sign in ၀င်လိုက်တာနဲ့ အဲဒီ Chat ရဲ့ Privacy Setting က ဂျီတော့ကို ၀င်ပြီး မွှေသွားလိုက်လို့ အခုလို ကိုယ့် Circle ထဲက ရှိရှိသမျှလူတွေ ဂျီတော့ထဲ လာပေါ်ကုန်တာပါ။ ဂူးဂဲလ်လုပ်လိုက်တဲ့ ဆိုးဝါးတဲ့အချက်က ဒီ Chat ရဲ့ Privacy Setting Default ကို ရှိရှိသမျှ Circle ထဲက လူတွေကို အလိုအလျှောက် ဆက်သွယ်စေလိုက်တာပဲ... အရင်ဆုံး Privacy Setting ကို အသုံးပြုသူစိတ်ကြိုက် ပေးပြင်ပြီးမှ ဒါကို လုပ်သင့်တာပါ။ သူတို့ ဆင်ခြေပေးတာကတော့ ဂျီးတော့ပေါ်မှာ နာမည်ပေါ်ပေမယ့် အီးမေးလ်လိပ်စာကိုတော့ xxx@public.talk.google.com လို့ပေါ်တဲ့အတွက် မိမိ အီးမေးလ်လိပ်စာကို တစိမ်းလူတွေ မသိနိုင်ဘူးလို့ ပြောပါတယ်။

ဒီနေရာမှာ တဆက်တည်းအလျှင်းသင့်လို့ ဆက်ပြောရရင် ဂူးဂဲလ်နဲ့ ဖေ့ဘွတ်ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာတွေ ချိုးဖောက်ရာမှာ သူ မသာ၊ ကိုယ်အသုဘပါပဲ၊ ဂူးဂဲလ်က ထင်သာမြင်သာလုပ်တာနဲ့ ဖေ့ဘွတ်က တိတ်တိတ်လေးပေါက်နေတာပဲ ကွာတယ်၊ ဖေ့ဘွတ်ဟာ အခုချိန်မှာ ဒီကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုနဲ့ ပက်သက်ပြီး အစစ်အဆေးခံဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ် (Source) မနေ့တစ်နေ့ကလည်း ဖေ့ဘွတ်ကို အဆင်မြှင့်တင်တာတွေ တစ်ချို့လုပ်ရင်း အမှားတစ်ချို့ဖြစ်သွားတာကနေ ဖေ့ဘွတ်တည်ထောင်သူ မက်ဇက်ကာဘတ်ရဲ့ ကိုယ်ရေးကိုယ်တာ ဓါတ်ပုံတစ်ချို့တောင် လုံခြုံရေးပေါက်သွားပြီး လူများကြည့်ရှုခွင့်တောင် ရသွားပါသေးတယ် (ကိုယ့်အတတ် ကိုယ်ပြန်စူးမိ) (သတင်းရင်းမြစ်နှင့် ပေါက်ကြားသွားတဲ့ ဓါတ်ပုံများ) (ဤကား စကားချပ်)

ကဲ ဖယ်ရှားတဲ့ နည်းလမ်းက လွယ်လွယ်လေးပါ။ အရင်ဆုံး ဂူးဂဲလ်ပလပ်စ်ထဲကို Sign In ၀င်လိုက်ပါ။ ပြီးတော့ သူရဲ့ ဘယ်ဘက်အောက်ဆုံးက Chat ထဲကိုလည်း Sign In အရင်ဝင်လိုက်ပါ။ ပြီးလို့ရှိရင် Chat ရဲ့ဘေးနားက တြိဂံ ပြောင်းပြန်အတုံးလေးကို နှိပ်ပါ။ အဲဒီမှာ Privacy Setting ဆိုတာ တွေ့ပါလိမ့်မယ်။ အဲဒါကို နှိပ်လိုက်ပါ။ အဲဒီမှာ တွေ့ပါပြီး....သူက အလိုအလျောက် Your Circle လို့ ရွေးထားပါတယ်။ အဲဒါကိုနှိပ်ပြီး Custom ဆိုတာကို ရွေးပေးပါ။ ရွေးပြီးတာနဲ့ အောက်မှာပေါ်လာတဲ့ နေရာမှာ သူက ကိုယ်ရဲ့ Circle အားလုံးကို အမှန်ခြစ်ခြစ်ထားတာ တွေ့မှာပါ။ အဲဒါကို ကိုယ်က လိုသလို ဂျီတော့မှာ မပေါ်စေချင်တဲ့သူတွေပါတဲ့ Circle ကို အမှန်ခြစ် ဖြုတ်လိုက်ရုံပါပဲ၊ အရင် ဂျီတော့မှာ ရှိပြီးသား လူတွေပဲ လိုချင်တယ်ဆိုရင်တော့ အားလုံးကို ဖြုတ်ပစ်လိုက်ပါ။ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားပါမယ်၊ နဂိုရှိနေသူတွေ မပျောက်သွားပါဘူး။ ပြီးသွားရင် Save နှိပ်ပါ၊ ပြီးတော့ အဲဒီ တြိဂံပြောင်းပြန် အတုံးကို ပြန်နှိပ်ပြီး Sign Out လုပ်လိုက်ပါ။ ဂျီတော့ကို သွားပြန်ကြည့်လိုက်ပါ။ ဖြုတ်လိုက်တဲ့ လူတွေ တဖြုတ်ဖြုတ်နဲ့ ပြုတ်သွားတာ ချက်ချင်းတွေ့ရမှာပါ။ ဒါပါပဲ... မျက်စိမနောက်တော့ပါဘူး :P

ကျွန်တော့်လိုပဲ ဂူးဂဲလ်ပလပ်စ်အသုံးပြုသူတွေ အသုံးဝင်မယ်ထင်လို့ ရေးသားတင်ပြလိုက်ပါတယ်။ အားလုံး အဆင်ပြေကြပါစေ။ လူမှုကွန်ရက်ဆိုဒ်တွေထဲက မိမိကိုယ်ရေးကိုယ်တာတွေကို ကာကွယ်နိုင်ကြပါစေ ခင်ဗျာ။

ဒေါ်လာနှစ်ထောင်တန် ထီပေါက်ဖို့ ခွေးချေးကောက်ကြစို့

ထိုင်ဝမ်နိုင်ငံ မြောက်ပိုင်းက တာဝန်ရှိသူတွေဟာ လမ်းတွေသန့်ရှင်းဖို့အတွက် ဆန်းသစ်တဲ့ စိတ်ကူးတစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒါကတော့ မြို့တော်တခွင် ခွေးချေးတွေ ကောက်ပြီး အထုပ်နဲ့ထုပ်ကာ လာရောက်အပ်နှံတဲ့သူတိုင်းကို တန်ဖိုးကြီး ဆုချီးမြှင့်မယ့် ကံစမ်းမဲ ထီလက်မှတ်တွေ ပြန်လည်ပေးအပ်ခြင်း ဖြစ်ပါတယ်။

ဒီစိတ်ကူးလေးဟာ လက်ရှိ အင်မတန်မှ အောင်မြင်နေပြီး သြဂုတ်လ အစောပိုင်းကတည်းက ဒီအစီအစဉ်ကို စတင်ခဲ့ရာမှာ လူပေါင်း ၄၀၀၀ခန့်က ပါဝင်ဖို့ စာရင်းပေးထားပြီး ခွေးချေးအိတ်ပေါင်း ၁၄၀၀၀ခန့် စုဆောင်းမိနေပြီးလို့ ဆိုပါတယ်။

'ဒီအစီအစဉ်ရဲ့ အောင်မြင်မှုရလဒ်က မျှော်လင့်ထားတဲ့တာထက် ပိုပါတယ်' လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အရာရှိ Lai Lien-chueh က AFP သတင်းဌါနကို ပြောပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်သူတိုင်းကို ခွေးချေးအထုပ်တစ်ထုပ်လာအပ်နှံတိုင်း ထီလက်မှတ်တွေ တစ်စောင်စီပေးနေပြီး အမြင့်ဆုံးဆုကတော့ အမေရိကန်ဒေါ်လာ နှစ်ထောင်တန် (ထိုင်ဝမ် ဒေါ်လာ ၆သောင်း)တန်ရှိတဲ့ ရွှေတစ်တုံးတစ်တုံး ပေးမှာ ဖြစ်ပါတယ်။

ကဲ စိတ်ဝင်စားသူတိုင် ထိုင်ဝမ်သွားပြီး ခွေးချေးကောက်နိုင်ပါတယ်။ :P

News source:
http://news.xin.msn.com/en/weird/article.aspx?cp-documentid=5631122

(မောင်သန့် တစ်ယောက် ၃ပတ်လောက် ဘလော့ပေါ်ကနေ ပျောက်နေတာ စားမေးပွဲ ဖြေနေလို့ပါ ခင်ဗျာ၊ မနေ့ကပဲ စာမေးပွဲပြီးလို့ အခု စာတွေ ပြန်ရေးပါတော့မယ်။ လာရောက်အားပေးတဲ့ သူတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျ၊ မကြာမှီ မျက်စိနောက်လောက်အောင် စာတွေ တင်ပါတော့မယ် :P)