Thursday, April 26, 2012

ရွှေပြည်ကြီးမှ အပြန် - ၃ [ဇေယျာရွှေမြေ ခရီး]

မဂ်လာနှစ်သစ်ပါ ဘလော့စာဖတ် ပရိသတ်များတို့

နှစ်သစ်မှာ အသစ် အသစ်တွေ အကောင်အထည်ဖော် ရယူပိုင်ဆိုင်နိုင်ကြပြီးတော့ တစ် နေတာတွေလည်း မတစ်တော့ဘဲ ရှေ့ဆက်လို့ လစ်နိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ရပါတယ် ခင်ဗျာ

အခု ဆက်ပြီး ခေါ်သွားမှာကတော့ စစ်ကိုင်းနဲ့ မင်းကွန်းကြား ဧရာဝတီ မြစ်ဆိပ်နားမှာ ရှိတဲ့ အာလောင် ရွာလေးပါပဲ... တကယ် အညာရွာ စစ်စစ်ကြီးကိုလည်း ရောက်ခဲ့တယ်ပေါ့... ဒါပေမယ့် ရွာကြီးက ကားလမ်းမ နဘေးမှာတင် ရှိတာဆိုတော့ ရွာမှာ ဟန်းဖုန်းကိုင်ကြတာ ဆိုင်ကယ်တွေ ကားတွေလည်း တော်တော်များများ တွေ့ရပေမယ့် ရွာဓလေ့တွေကတော့ အပြည့်ရှိသေးတဲ့ ရွာလေးပါ...

ရွာထဲ အိမ်တစ်အိမ်ကို ၀င်လိုက်တာနဲ့ စားစရာတွေ ရင်ပြည် ရင်ကယ် ဖြစ်အောင်ကိုပဲ ချကျွေးမွေးကြပါတယ်... တော်ပါတော့ ဆိုတာကိုတောင် ချိုင့်နဲ့ ထည့်ပေးကြပါသေးတယ်... ဒီရွာကပဲ သူမတို့ အမျိုးတွေ ပေးလိုက်တဲ့ မဂ်လာလက်ဖွဲ့ကို အကြိုက်ဆုံးပါ... ဘာလဲဆိုတော့ ဒန်အိုးတစ်စုံပါပဲ... ဒန်အိုး ဓါတ်ပုံက မန်မိုရီကဒ် မလောက်လို့ မြန်မာပြည်ကစက်မှာ ထားခဲ့တဲ့အထဲ ပါသွားတယ်....

ကဲ ဓါတ်ပုံတွေကို ဆက်လက် ရှုစားသွားကြပါဦး














ဆက်စပ် ဖတ်ရှုရန်
ရွှေပြည်ကြီးမှ အပြန် - ၂ [ဇေယျာရွှေမြေ ခရီး]
ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]

ကျေးဇူးတင်စွာဖြင့်

ဆက်ပါဦးမည် ခင်ဗျာ :)

Tuesday, April 10, 2012

ရွှေပြည်ကြီးမှ အပြန် - ၂ [ဇေယျာရွှေမြေ ခရီး]

ကဲ စစ်ကိုင်းရောက်နေပြီးမှ မန္တလေးဘက်ကနေ ပြန်စထွက်ကြမယ်... ((ဟမ်)) :D

ဒါကတော့ မန္တလေးကနေ အထွက်နားလေးမှာပါ။ ရှေ့ပိုစ့်မှာ တင်ချင်ဇောနဲ့ ပုံနဲ့ စာနဲ့ မဆိုင်သလို ဖြစ်သွားတယ်... လမ်းတောက်လျှောက် ဖရဲသီးတွေပါ... ၀ါဝါ အသီးတွေက ဘာအသီးမှန်းလဲတော့ မသိပါဘူး... အတော်တော့ ကြီးတဲ့ အသီးပါပဲ...


ဖရဲသီးတွေက ကားလမ်းနဘေးက ဧရာဝတီ မြစ်ထဲက သောင်တွေပေါ်မှာ ပေါက်ပါတယ်။ အဲဒီမှာ သောင်တွေထဲကနေ စက်လှေတွေနဲ့သယ် လမ်းပေါ်ရောက် လမ်းပေါ်ကနေ အခုလို ကားတွေ၊ လှည်းတွေနဲ့ သယ်ကြတာပေါ့ ...

ကျနော် စဉ်းစားမိတယ် ဒီမှာ အလုပ်လုပ်နေတဲ့ လူတွေလည်း ကျနော်တို့လို လူသား တစ်ယောက်ပဲ စားဝတ်နေရေးနဲ့ အသက်ရှင်နေတာ ... သူရဲ့ စားဝတ်နေရေးဟာ ဒီဖရဲသီးတွေ ရှိနေရင် တော်ပြီ ... ဒီဖရဲသီးတွေနဲ့ သူတို့ မိသားစုဟာ နေနိုင်တယ် စားနိုင်တယ် ၀တ်နိုင်တယ် ... သူတို့ဟာ စင်ကာပူ လာစရာမလိုဘူး ...

ဒါဆို ငါကရော စင်ကာပူမှာ အလုပ်လုပ်နေတာ ဘာအတွက်လဲ ... စားဝတ်နေရေး? ... လုပ်နေတဲ့ အလုပ်ကနေ အကြောင်းကြောင်းကြောင့် ပြုတ်သွားမှာကို ဘာလို့ ပူနေပါလိမ့် ... ဒီအလုပ် မရှိရင် ငါ့ဘ၀ ငါ့မိသားစု ဘ၀ပျက်ပြီလို့ ဘာလို့ ထင်နေပါလိမ့် ... ဒီအလုပ်တွေကို လက်မလွှတ်ရအောင် လူရော စိတ်ရော ဘာလို့ ပုံအပ်ထားနေပါလိမ့် ... ကြည့်စမ်း ... အခုချိန်မှာ ငါဟာ ဖရဲသီး သည်တွေရဲ့ ဘ၀ကို ပြန်အားကျနေရတယ် ...





လက်ပံပင်အောက်က ဖရဲသီးဆိုင် ဘယ်လောက်လှလိုက်သလဲနော်...


စစ်ကိုင်းတံတား အသစ်ပေါ်ကနေ ဖြတ်နေတုန်း ...


တံတားကို ဖြတ်ပြီးပြီးခြင်း ဒီမြင်ကွင်းလေးကို အရမ်းသဘောကျတယ် ...


စစ်ကိုင်းမြို့ထဲ စ၀င်လာပါပြီ ... စစ်ကိုင်းချောင်လို့ ဘာလို့ ခေါ်ကြသလဲဆိုတာ ကျနော် သဘောပေါက်ပြီ ...


ကားပေါ်ကနေ လှမ်းရိုက်ရတာမို့ တစောင်းဖြစ်သွားပါတယ် ... မမြင်ရရင် ပြောပြပါမယ် ထိန်ငူချောင် သီလရှင် စာသင်တိုက်ပါ။


ဒါကတော့ မြင်ရမယ် ထင်ပါတယ် ... သန္တိသုခချောင် ပါ။ အခုလို ချောင် ပေါင်းများစွာ ရှိပါတယ်


ချောင်နာမည် ကျောင်းနာမည်တော့ မသိပါဘူး ... ကျနော်တို့ မြန်မာပြည်မှာ အခုလို နေရာတွေ ရှိတယ် ...


ကျနော် စိတ်ကူးထဲ အမြဲတမ်း ရောက်ဖူး ချင်နေတဲ့ စစ်ကိုင်းချောင်တွေကို ကျနော် ရောက်ခဲ့ပြီ


စစ်ကိုင်းတောင်မှ ကြိုဆိုပါ၏


ကျနော် အတွေ့ဖူးချင်ဆုံးထဲက သီတဂူ ဆရာတော်ရဲ့ ၀ါးချက် ဇီဝိတဒါန ဆေးရုံပါ


အဖိုး ဘုန်ကြီး ကျောင်းရှိတဲ့ ချောင်ထဲကို ရောက်လာပါပြီ ...


ကျနော့်ကို လာနှုတ်ဆက်တဲ့ ဘော်ဒါလေးပါ ...


ဆက်ပါဦးမည်...

ဆက်စပ်ဖတ်ရှုရန်
ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]

Friday, April 6, 2012

ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]

အခု မြန်မာပြည်က ပြန်ရောက်တာမှာ တစ်လတောင် ရှိသွားပါပြီ... အခုမှ မြန်မာပြည်က အကြောင်းတွေ ပုံတွေတင်ဖို့ ဆိုတာတော့ စောတယ် ပြောရမလား နောက်ကျနေပြီ ပြောရမလားပဲ... ဘာပဲဖြစ်ဖြစ် Late is better than never ဆိုသလို... တတ်နိုင်သမျှ ဖြေးဖြေးချင်း တင်သွားပါမယ်... အလုပ်ကတော့ အရင်လို ပြန်အားဖို့တော့ မရှိသလောက်ပါပဲ... အခုတောင် မနက်ဖြန် စနေနေ့မှာ အလုပ်သွားရပါဦးမယ်...

မဂ်လာဆောင်ပြီး နောက်တရက်ကျတော့ ကျနော်တို့ မန္တလေးနဲ့ အလွန်နီးတဲ့ စစ်ကိုင်းကို သွားဖြစ်ပါတယ်... စစ်ကိုင်းမှာ ဘုန်းကြီး ၀တ်နေတာ နှစ် ၂၀လောက် ရှိပြီဖြစ်တဲ့ သူမတို့ အဖိုးဘုန်းကြီးကို သွားကန်တော့တာပါ... အဖွားလည်း အတူပါ ပါတယ်... အဖိုးဘုန်ကြီးက သက်တော် ၈၀ရှိနေပါပြီ... အဖိုးရော အဘွားရော သန်သန်မာမာပါပဲ... လေးလဲ လေးစားစရာပါ... ကိုယ်တွေတောင် သူတို့အသက်အရွယ် ရောက်တဲ့အထိ အသက်ရှင်နေရင်တောင် ဒီလို လုပ်နိုင်ပါ့မလားဆိုတာ တွေးမိပါတယ်...

အရင်ဆုံး ခရီးမသွားခင် ဓါတ်ဆီ အရင်ဖြည့် အဲလေ ဗိုက်အရင် ဖြည့်ရမယ်လေဆိုတော့ အတူပါလာတဲ့ အဒေါ်က အားလုံး လူ ၁၀ယောက်ကျော်ကို သူကျွေးပါမယ်တဲ့ အဲဒါနဲ့ပဲ အောက်က ဆိုင်မှာ ပေါ့ပေါ့ ပါးပါးလေးပဲ စားလိုက်ကြတယ် :D





စစ်ကိုင်းကို စသွားတာနဲ့ အခုလို ဖုန်ပေါတဲ့ အညာမြေရဲ့ အစကို တွေ့ရပါမယ်...




 ဧရာဝတီမြစ်ရဲ့ သောင်တွေပေါ်မှာ ဖြစ်ထွန်းတဲ့ ဖရဲသီးတွေပါ... ကားကြီး ကားငယ်တွေနဲ့ အနယ်နယ် အရပ်ရပ်နဲ့ နိုင်ငံခြားကို သယ်ကြ ဖြန့်ကြသလို အနီးအနား ရွာတွေကို ဖြန့်ဖို့လည်း လှည်းတွေနဲ့ သယ်ကြပါတယ်။ အထက် မြန်မာပြည်ကို တောင်ကြီး၊ အင်းလေး၊ ပုဂံက လွဲရင် အညာမြေစစ်စစ်တွေဘက်ကို မရောက်ဖူးသေးတဲ့ ကျနော့်အတွက်တော့ အသစ်အဆန်း မြင်ကွင်းတွေပါပဲ...



လမ်းတလျှောက်မှာ လက်ပံပင်တွေ အများကြီး တွေ့ရပါတယ်၊ ဦးလေးတစ်ယောက်ကတော့ လက်ပံပင်တွေမှာ လက်ပံပွင့်တွေကြွေနေတာကို မြင်တိုင်း ရင်ကိုလှုပ်ခတ်ကာ အလွမ်းတွေကို အဟောင်းကနေ အသစ်ဖြစ်စေတယ်တဲ့။ ကျနော်ကတော့ အညာမြေရဲ့ ဒီလို ထူးခြားတဲ့ လက္ခဏာ တွေကို ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေထဲကနေ ရင်းနှီးနေပြီးသားပေမယ့် အခုမှ မျက်မြင်ကိုယ်တွေ့ တွေ့ရခြင်း ပါပဲ...






ဘယ်နေရာမှာမဆို အခုလို ကြည်ညိုဖွယ်ရာ စေတီလေးတွေ ရှိနေတာ ကမ္ဘာပေါ်မှာ မြန်မာ တစ်နိုင်ငံတည်းသာဆိုတာ ဂုဏ်ယူစရာ ပြောချင်ပါတယ်


စစ်ကိုင်း တံတား အသစ်


နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်တဲ့ စစ်ကိုင်းတံတား အဟောင်း


ဇေယျာရွှေမြေမှ နှုတ်ခွန်းဆက်သ ပါတယ်


ဆက်ပါဦးမည်...