Sunday, March 18, 2012

အပြောင်းအလဲများနဲ့ ၂၀၁၂

မဂ်လာပါ... ဘလော့ကြွလာ ပရိသတ်များသို့

နောက်ဆုံးပိုစ့်တင်ခဲ့တဲ့ရက်ကို ပြန်ကြည့်ရင် လန့်ပါတယ်... ပိုစ့်မတင်တာ ၁လကျော်တောင် ကြာသွားပြီးပကော... ပိုစ့်မတင်ဖြစ်ပေမယ့်လည်း ကြားထဲမှာ မျက်စိလည်ပြီး လမ်းမှန်ရောက်လာတာရော လမ်းမှာရောက်လာတာရော အရပ်ရပ်က နေ့စဉ် တသဲသဲ ရောက်လာနေကြတဲ့ စာဖတ်ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

 (Photo via Here)

လူ့ဘ၀မှာ မမျှော်လင့်သော အပြောင်းအလဲဆိုတာ လူတိုင်းလိုလို ကြုံဖူးကြမှာပါ။ ကျနော်လည်း ဘလော့မရေးတာ ကြာတဲ့ အကြောင်းအရင်းထဲမှာ အခုလို မျှော်လင့်တာတွေရော မမျှော်လင့်တာတွေရော ပါတဲ့ အပြောင်းအလဲတွေကို ဆက်တိုက် ကြုံလိုက်ရလို့ ပါပါတယ်....

ပထမဆုံး မမျှော်လင့်မိတဲ့ အပြောင်းအလဲကတော့ အလုပ်ပြောင်းဖြစ် သွားခြင်းပါ။ မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ သူငယ်ချင်းတစ်ယောက် လုပ်ခဲ့တဲ့ ကုမ္ပဏီမှာ လူလိုတယ်ဆိုပြီး အလုပ်လျှောက်လွှာတင်လိုက်ပါတယ်။ ဒီအလုပ်ကို ဒါပါဆို တင်ခဲ့တာ သုံးခါမြောက် ရှိသွားခဲ့ပါပြီ။ တစ်ခါနဲ့ တစ်ခါတော့ နှစ်နဲ့ချီ ကြားထဲမှာ ကွာခဲ့တာတော့ ရှိပါတယ်။ ဒီတစ်ခေါက်လည်း ဘာမျှော်လင့်ချက်မှ မထားဘဲ လျှောက်ခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီအချိန်က ကျနော် အလုပ်ပြောင်းလို့ မဖြစ်ပါဘူး။ ဘာလို့လဲဆို ဒီနှစ်ဖေဖေါ်ဝါရီလထဲမှာ ဘ၀အပြောင်းအလဲကိစ္စတစ်ခုအတွက် မြန်မာပြည်ကို ၃ပတ်လောက် ပြန်ဖို့ စီစဉ်ထားပြီးသားမို့ပါ။

ဒါပေမယ့် ကံဆိုးတယ် ပြောရမလား ကံကောင်းတယ် ပြောရမလားပါပဲ... ဒီနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှာပဲ အလုပ်က ခေါ်ပါတယ်။ ဒီလောက် ဒီလောက် ပေးတယ်။ ဒါတွေ ဒါတွေ ခံစားခွင့် ရှိမယ်။ သဘောတူတယ်ဆို ရုံးမှာလက်မှတ်လာထိုးပါ ဆိုပြီး ရိုးရိုးလေးပဲ အီးမေးလ်လေးနဲ့ အလုပ်ခေါ်တဲ့စာ အလုပ်သူဌေးဆီက လာပါတယ်။ အဲမှာ ခေါင်းကကျပ်ပါပြီး အလုပ်ပြောင်းတာနဲ့ ဒီမှာက အများအားဖြင့် လစားတိုးပြီး ရတတ်ကြတာ မဟုတ်လား... လစာလေးက ပိုများ နောက်ပြီး အလုပ်လေးကလေး နည်းနည်းတော့ ပင်ပန်းပေမယ့် ပညာရမယ့် အလုပ်မျိုးဆိုတော့ သိပ်တော့ လက်မလွတ်ချင် ဖြစ်နေတယ်။ ပြန်ဖို့ကလည်း ဖျက်လို့ မဖြစ်ဆိုတော့... နောက်ဆုံး စိတ်ဒုန်းဒုန်းချပြီး... အီးမေးလ် ပြန်ပို့ရပါတယ်။

'ပေးလာတဲ့ လစာနဲ့ ခံစားခွင့်တွေ အားလုံးကို ကျေနပ်ပါတယ်။ အလုပ်ကိုလည်း လာလုပ်ချင်ပါတယ်။ ခက်တာက ငါ့မှာ ဖေဖေါ်ဝါရီကျရင် ၃ပတ်လောက် ပြန်ရမှာ ရှိတယ်။ အလုပ်ဝင်ပြီးပြီးချင်း မကြာဘူး။ ငါ ခွင့်ယူရမှာ မပြန်လို့မဖြစ်ဘူး ဒါက... အဲဒါကို သဘောတူတယ်ဆိုရင်တော့ ငါလက်မှတ်လာထိုးပါမယ်'

လို့ အကြောင်းပြန်လိုက်တယ်။ ဒါနဲ့ သူက ပြန်လာပါတယ်...

'သူ့ဆီမှာ လူအရမ်းလိုနေတဲ့အတွက် အလုပ်ကို အမြန်ဆုံး တတ်နိုင်သမျှ ၀င်စေချင်ကြောင်း' ပေါ့။ မရဘူးလို့တော့ မပြောဘူး။ အဲဒါနဲ့

'ဟုတ်ပြီး လောလောဆယ်ငါ့ကို အလုပ်ပတ်စ်အရင် မြန်မြန်လျှောက်ပေးပါ။ အဲဒါရပြီးဆိုရင် ဒီဘက်က ငါထွက်စာတင်မယ်... ထွက်စာတင်ပြီးပြီးချင်း တလစောင့်တာကို တွက်လိုက်ရင် ငါမပြန်ခင် နှစ်ပတ်တော့ အလုပ် လာဝင်နိုင်လိမ့်မယ်။ ပြီးတော့ ခွင့်ကိုလည်း ၃ပတ်မဟုတ်ဘဲ ၂ပတ်ပဲ ယူတော့မယ်လို'့

အကြောင်းပြန် လိုက်တာမှာ ဟိုက သဘောတူသွားပါတယ်။ ဒါပေမယ့် သူတို့ ပတ်စ်လျှောက်တာ နောက်ကျသွားပါတယ်။ ပတ်စ်ကျတဲ့အချိန်မှာ ဒီဘက်က တလစောင့်တာနဲ့ဆို အလုပ်သစ်ကို တပတ်ပဲ တက်နိုင်ပြီး ရွှေပြည်တော်ကို နှစ်ပတ်ပြန်သွားခဲ့ပါတယ်။ သူတို့ဘက် နောက်ကျတာမို့ ဘာမှ မပြောနိုင်ပါ။

ဒါကတော့ မထင်မှတ်ဘဲ အပြောင်းအလဲတစ်ခု ဖြစ်လိုက်တဲ့ အတွက် စီစဉ်ထားတာတွေ အားလုံး ဂဂျိုးဂဂျောင်တွေ ဖြစ်ကုန်ရပါတယ်။ ဒါက ၂၀၁၂မှာ ပထမဆုံး အပြောင်းအလဲ ပေါ့လေ...

(Photo via Here)

ကဲ ၂၀၁၂အတွက် ကြိုတင်ကြံစည်ထားတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတစ်ခုကတော့ အခုနင်က ပြောတဲ့ ခွင့်၂ပတ်ပြန်တဲ့အချိန်ဟာ ရွှေပြည်ကြီးမှာ ပြန်ပြီး မဂ်လာပြန်ဆောင်တာပါပဲ။

မောင်သန့်တို့ ဘ၀တစ်ခု ပြောင်းလဲ သွားရပြီပေါ့။ အရွယ်တစ်ခုကိုလည်း ရောက်သွားခဲ့ပြီပေါ့။ ငှဲငှဲ လူကြီး ဖြစ်သွားတယ်လို့ ပြောရမလားဘဲ။ အရင်တုန်းက ကိုယ့်ကိုယ်ကို လူကြီးလို့ ဘယ်တော့မှ သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အခုချိန်မှာ လူကြီးလို့ ကိုယ့်ကိုယ်ကို မသတ်မှတ်ရင်တော့ မဖြစ်တော့ဘူး မဟုတ်လား။ ဒါကြောင့် အရွယ်တစ်ခုကို ရောက်သွားခဲ့ပြီးလို့ ပြောတာပေါ့။ ထားပါတော့ ရွှေပြည်ကြီး ပြန်တဲ့အကြောင်းရယ် မဂ်လာဆောင်တဲ့ အကြောင်းတွေ ပို့စ်သက်သက် ထပ်ရေးပါဦးမယ်။ လာမယ်ကြာမယ်ဆိုတာမျိုး မဖြစ်ရအောင် ကြိုးစားပါ့မယ်။

ပြောသာ ပြောရပါတယ်။ အလုပ်အသစ်ကတော့ အရင်အလုပ်လို မဟုတ်။ ရုံးမှာ ၉၀ရာခိုင်နှုန်းလောက် မထိုင်ရပါဘူး။ နေ့စဉ် ဟိုပြေး ဒီပြေး လုပ်ရပါတယ်။ ပြီးတော့ အလုပ်တက်တာ သုံးပတ်လောက်ပဲ ရှိသေးတဲ့အချိန်မှာ ညနေ ၇နာရီကနေ မနက် ၅နာရီထိလည်း အလုပ်လုပ်ရဖူးပါပြီ။ ပြီးတော့၂၇နာရီ ဆက်တိုက် တစ်ရေးမှ မအိပ်ရဘဲနဲ့လည်း အလုပ်လုပ်ရဖူးပါပြီး။ ကံကောင်းတာတစ်ခုက ဒါတွေအတွက် နားချိန် ပြန်ပေးတာပါပဲ။ အလုပ်မှာ သုံးတဲ့ နည်းပညာတွေကလည်း ကိုယ့်တွက်အသစ်အဆန်းတွေဆိုတော့ လုပ်ရတာ သင်ယူရတာ ပျော်နေပါသေးတယ်။ ပင်ပန်းတာကို ပင်ပန်းတယ်လို့တော့ မထင်သေးပါဘူး။ တစ်ခုပါပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ နည်းသွားတာကိုတော့ သိပ်မကြိုက်ချင်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်မှာ ကိုယ်လုပ်ချင်တာလေး လုပ်တတ်တဲ့ လူတစ်ယောက်က ကိုယ်ပိုင်အချိန် သတ်သတ်မှတ်မှတ်မရှိတာ တစ်ခါတလေတွေးကြည့်တော့ စိတ်မကောင်းချင်ဘူး။ အလုပ်ချည်းပဲ Dedicated လုပ်နေရတဲ့ ဘ၀မျိုးကို မကြိုက်တာပါ။ ထားပါတော့ (ဒုတိယမ္ပိ)။

အိုင်တီသမားတွေရဲ့ ဘ၀က ဒီလိုပဲ။ ဒီအလုပ်မှာ အဆင်ပြေတယ်ဆိုပြီးထိုင်နေလို့ မရဘူး။ လစားတိုးတာ မလိုချင်တောင် ပညာကတော့ တိုးမှ ဖြစ်မယ်။ အသစ် အသစ်တွေကို အမြဲတမ်းလိုလို ထွက်နေတော့ ကိုယ်သာ မှီအောင် မလိုက်ထားဘူးဆိုရင် အိုင်တီသမား ဘ၀နဲ့ တသက်လုံး ရပ်တည်ဖို့က မလွယ်ဘူးကိုး။

ဟုတ်ပါပြီး... လောလောဆယ် ဒီပိုစ့်လေးကတော့ ဘလော့ပြန်ရေးဖို့ အားယူတဲ့ ပိုစ့်လေးပါ။ ရေးချင်စရာတွေ အများကြီး ရှိပါတယ်။ အရင်လိုပဲ ဘလော့ပြန်ရေးနိုင်အောင် ကြိုးစားပါမယ်။ သူငယ်ချင်း ပြောသလို မင်း ဒီအလုပ်ဝင်ရင် မင်းရဲ့ MGTHANT.ME က နည်းနည်းတော့ နှေးသွားမယ် ထင်ပါတယ်တဲ့။ သူပြောသလိုကိုး ဖြစ်နေတာ... အခုက နည်းနည်းတောင် မဟုတ် များများတောင် ဖြစ်နေပြီ။ ကဲ နောက်တစ်ပိုစ့် မကြာခင်မှာ တင်နိုင်အောင် ကြိုးစားပါမယ်။ ရေးလက်စပိုစ့်ကိုလည်း အဆုံးသတ်ပါမယ်။ သတင်းများ အတင်းများ သီချင်းများ ရုပ်ရှင်များ ပရိုမိုးရှင်းများကိုလည်း ရှာဖွေကာ တင်ဆက် သွားပါဦးမယ်။

အားလုံးပဲ ... မကြာခင်မှာပဲ ပြန်ဆုံတွေ့ကြမယ်...

အားလုံးကို အထူးကျေးဇူးတင်လျက်
မောင်သန့်