Wednesday, August 15, 2012

ဘီလာရုစ်က ထိပ်တန်း စစ်ဗိုလ်ချူပ် နှစ်ဦးကို ထုတ်ပယ်ခံရစေခဲ့တဲ့ Teddy Bear စစ်ဆင်ရေး

ဆိုဗီယက် ပြည်ထောင်စုကနေ ပဲ့ထွက်လာခဲ့တဲ့ ဘီလာရုစ်နိုင်ငံဆိုတာ ဥရောပမှာ နောက်ဆုံး ကျန်ရှိနေသေးတဲ့ အာဏာရှင် နိုင်ငံတစ်နိုင်ငံလို့ တင်စားခံရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ လက်ရှိအုပ်ချူပ်နေတဲ့ သမ္မတ 'အလက်ဇန်ဒါး လက်ခ်ကာရှန်ကို' (Alexadar Lukashenko) ဟာ ၁၉၉၄ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံကို အုပ်ချူပ်နေခဲ့တာ အခု ၁၈နှစ်တောင် ရှိနေပြီပေမယ့်လည်း ဆင်းမယ့်ပုံ မပေါ်သေးပါဘူး။ ၂၂ နှစ်မှ မပြည့်သေးတာကိုး... နော်...

အာဏာရှင်နိုင်ငံ ဆိုတဲ့အတိုင်း ဖိနှိပ်ချူပ်ချူယ်မှုတွေကတော့ အထူးပြောနေစရာမလိုပါဘူး။ ဒီလို နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ထိပ်တန်း နိုင်ငံခေါင်းဆောင် အချို့ဟာ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ခံရပြီးတော့ လူအခွင့်အရေးသမားတွေ မျက်စောင်းထိုး တို့ထိမှုတွေကို မကြာခဏခံရလေ့ရှိပါတယ်။ ဆက်ပြီးတော့ ထုံးစံအတိုင်း သူတို့ ပြည်တွင်းက တက်ကြွသူတွေကတော့ တက်ကြွတာနဲ့ ထောင်ထဲကို တန်းခနဲနေအောင် ရောက်သွားအောင် ပို့လိုက်တာပါပဲ....

ဒီလောက်ရက်စက်တဲ့ ဘီလာရုစ်က အာဏာရှင်ခေါင်းဆောင်တွေဟာ မကြားသေးမီကပဲ ပြင်ပက လူအခွင့်အရေးသမားတစ်ချို့ရဲ့ ရိုးရှင်း စစ်ဆင်မှုတစ်ခုကို မကာကွယ်နိုင်ခဲ့လို့ အရှက်ရစရာတစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို သူတို့ နာမည်ပေးထားတာကတော့ "Teddybear Airdrop Minsk 2012" ပါတဲ့။ 'Minsk' ဆိုတာ ဘီလာရုစ်နိုင်ငံရဲ့ မြို့တော် နာမည်ပါ။

၂၀၁၂ ဇူလိုင်လ ၄ရက်နေ့မှ ဆွီဒင်နိုင်ငံအခြေစိုက် Studio C ကြော်ငြာ အေဂျင်စီက  "သောမတ်စ် မက်ဇက်တီ" နှင့် "ဟာနဟ် ဖရေး" (Tomas Mazetti and Hannah Frey) တို့ နှစ်ယောက်ဟာ လေထီးငယ်လေးတွေ ဆင်ထားပေးတဲ့ တက်ဒီ ၀က်ဝံ အရုပ် ရာချီတင်ဆောင်ထားတဲ့ လေယာဉ်ငယ်လေးကို မောင်းပြီး လီသူယေးနီးယာနိုင်ငံ နယ်စပ်မှ တဆင့် ဘီလာရုစ်နိုင်ငံရဲ့ လေပိုင်နက်ထဲကို တရားမ၀င် တိတ်တဆိတ် ၀င်ရောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်က ဘီလာရုစ်မှာ လွတ်လပ်စွာ ပြောဆို ရေသားခွင့်နဲ့ ဖမ်းဆီးထားတဲ့ တက်ကြွသူတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီ ကျင့်သုံးဖို့ စတာတွေ တောင်းဆိုထားတဲ့ စာတွေကို ၀က်ဝံရုပ်နဲ့ ကပ်ထားပြီးတော့ ဘီလာရုစ်နိုင်ငံတွင်းကို အရုပ်တွေကို လေယာဉ်ကနေတဆင့် ဖြန့်ချထားဖို့ပါ။ အစကတော့ သူတို့ဟာ ၀က်ဝံရုပ်ကလေးတွေကို ဘီလာရုစ် မြို့တော် 'မင့်စ်' (Minsk) မြို့က အစိုးရ အဆောက်အဦးတွေအပေါ်ချဖို့ စီစဉ်ထားခဲ့ပေမယ့် လေယာဉ်ဆီ လုံလောက်မှု မရှိမှာကို စိုးရိမ်တာက တစ်ကြောင်း သူတို့ လေယာဉ်ဆီကို ဘီလာရုစ်လေတပ်က ဆက်သွယ်သွားမိတာက တစ်ကြောင်းကြောင့် 'မင့်စ်' မြို့အနီးက 'အိုက်ပီရ်အနက်စ်' (Ivyanets) မြို့လေးပေါ်ပဲ ကျဲချနိုင်ခဲ့ပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒါတောင်မှ လေယာဉ်ငယ်ဟာ ဘီလာရုစ်နိုင်ငံထဲမှာ ၁နာရီခွဲခန့် ကြာ မြေပြင်ကနေ အမြင့်ပေ ၁၅၀ခန့် ပျံသန်းနိုင်ခဲ့ပြီး ဘယ်လို အတားအဆီးမျိုးမှ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။ အဲလို ကျဲချတဲ့ အချိန်မှာ Studio C ကို တည်ထောင်သူ 'ပါ ခရုမ်ဝဲလ်' (Per Cromwell) ဟာ 'အိုက်ပီရ်အနက်' မြို့ရဲ့ မြေပြင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ သူတို့ကျဲချခဲ့တဲ့ ၀က်ဝံအရုပ်ကလေးတွေဟာ အခုပေါင်း ၈၀၀ခန့်တောင် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

 (Credit - CBS News)

သူတို့ အခုလိုလုပ်ခဲ့တာကို ဗွီဒီယို ရိုက်ကူးမှုတွေနဲ့ သေချာ မှတ်တမ်းတင်ခဲ့ပြီး အစပိုင်းမှာ ဗွီဒီယိုကလစ်တွေ တစချင်းစီ ထုတ်ပြီး သူတို့လုပ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ ဒါကို ဘီလာရုစ် ခေါင်းဆောင်တွေက ဒီဗွီဒီယိုကလစ်တွေ တမင် အထူးပြုလုပ်မှုတွေနဲ့ ဖန်တီးထားပြီး တကယ် အမှန်မဟုတ်ဘူးလို့ လိမ်ညာ ငြင်းခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ Studio C က သူတို့ရဲ့ လှုပ်ရှားမှုတွေ အပြည့်ပါပြီး လုံးဝ ပြင်ဆင်တည်းဖြတ်မှု မလုပ်ရသေးတဲ့ မိနစ် ၉၀ကြာ ဗွီဒီယိုကလစ်ကို ယူကျူပေါ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လူတွေ တော်တော်များများ သတိထားမိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၀က်ဝံရုပ် စစ်ဆင်ရေး ဖြစ်ပွားခဲ့အပြီး နောက်သုံးအပတ်ကြာမှာ ဘီလာရုစ် တာဝန်ရှိသူတွေကို ဒီအဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တာကို လက်ခံလိုက်ပြီး ဒါကို တုံ့ပြန်ပါတော့တယ်။ သမ္မတ 'လက်ခ်ကာရှန်ကို' ကတော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး တော်တော့ကို စိတ်ဆိုး ဒေါသထွက်ကာ 'ကြွက်မနိုင် ကျီမီးရှို့' ဆိုသလို နယ်စပ်ကာကွယ်ရေးကို တာဝန်ယူထားတဲ့ ဗိုလ်ချူပ်နဲ့ လေတပ် ဗိုလ်ချူပ်တို့ နှစ်ဦးကို တာဝန်လစ်ဟင်းတယ်ဆိုပြီး ရာထူး ထုတ်ပယ်လိုက်ပါတော့တယ်။ နောက်ပြီး ဆွီဒင်နိုင်ငံနဲ့ သံတမန် အဆက်အသွယ် ဖြတ်မယ်ဆိုကာ နိုင်ငံတွင်း ဆွီဒင် သံအမတ်နဲ့ သံဝန်ထမ်း မိသားစု အားလုံး ကို သြဂုတ် ၃၀ရက် နောက်ဆုံးထားပြီး နိုင်ငံက ထွက်ခွါဖို့ အမိန့်ထုတ်ခဲ့ပြီး ဆွီဒင်နိုင်ငံက ဘီလာရုစ် သံအမတ်နဲ့ သံဝန်ထမ်း အားလုံးကို ပြန်ခေါ်လိုက်ပါတော့တယ်။ ဒါနဲ့ မပြီးသေးဘဲ ဒီလုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ Studio C အဖွဲ့သားတွေ နိုင်ငံတွင်းကို လာပြီး ၁၀ရက်အတွင်း ဖြေရှင်းချက်ပေးဖို့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေး ၀ဘ်ဆိုဒ်ကနေရော အီးမေးလ်ပို့ပြီးတော့ပါ ဆင့်ခေါ်ထားပါတယ်။ တကယ်လို့ ၁၀ရက်အတွင်း မလာခဲ့ရင် ၂နှစ်ထိ အကျင့်မှန် ပြန်ပြင်ပေးဖို့ လုပ်ဆောင်ခံရနိုင်ပြီး ဒါမှမဟုတ်ရင်လည်း ထောင်ဒဏ် ၆လ အထိ ကျခဲ့ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကပဲ လစ်သူရေးနီးယားနိုင်ငံက တာဝန် ရှိသူတွေကိုလည်း သမ္မတကြီး အခုလို ပြောဆို လိုက်ပါသေး တယ်။

"Lithuania should not be sitting like mice under a broom. They must answer to us why they provided their territory for national border violation. If there is anyone who won't find it funny, it is Lithuania"

'လစ်သူယေးနီးယား က တံမြက်အောက်က ကြွက်လို ထိုင်မနေသင့်ပါဘူး။ ဒီလို တရားမ၀င် နိုင်ငံဖြတ်ကျော်မှု လုပ်တဲ့ဟာမှာ ဘာလို့ ကိုယ့်နိုင်ငံ ပိုင်နက်ကို အသုံးပြုခွင့်ပေးလဲဆိုတာ ကျူပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်။ ဒီဟာကို ဘယ်သူကမှ ဟာသ မလုပ်နေဘူးဆိုရင်တောင် လုပ်နေတဲ့သူကတော့ လစ်သူရေးနီးယား ပဲ ဖြစ်ရမယ်'

လို့ သမ္မကြီး 'လက်ခကာရှန်ကို' က ဒေါသတကြီး ပြောဆိုလိုက်ပါတယ်။

Studio C အဖွဲ့သားတွေကတော့ သူတို့ဆင့်ခေါ်ထားတာကို သွားဖို့မရှိဘဲ တကယ်လို့ သမ္မတကြီးက ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးပြောဆိုချင်တယ်ဆိုရင် သူတို့ ဆွီဒင်နိုင်ငံကို လာလည်တဲ့အခါမှာ ပြောကြဆိုကြလို့ ရပါတယ် ဆိုပြီး ပြန်ပြောထားပါတယ်။

နောက်ဆက်တွဲ အဖြစ်အပျက် အနေနဲ့ကတော့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေးတွေဟာ ပြည်တွင်းက လူငယ် ဂျာနယ်လစ်တစ်ယောက်ကို သူ့ဝက်ဘ်ဆိုဒ်မှာ ဒီအကြောင်း သတင်းဓါတ်ပုံ တင်မှုနဲ့ ဖမ်းပြီး၊ ဒီလူငယ်ကို ဓါတ်ပုံပို့ပေးခဲ့တဲ့ အိမ်ခြံမြေ အေးဂျင့်တစ်ယောက်ကိုလည်း ဖမ်းလိုက်ကာ နှစ်ယောက်လုံးကို ထောင်ထဲထည့်လိုက်ပါတယ်။ Studio C အဖွဲ့သားတွေကတော့ ဒီနှစ်ယောက်ဟာ ဒီကိစ္စနဲ့ ဘာမှ ပက်သက်တာ ရှိတာ မဟုတ်လို့ ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက လူအခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းမှု အဖွဲ့တို့နဲ့ အတူ တောင်းဆိုလိုက်ပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေကလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ကာ ဆွီဒင်နိုင်ငံဘက်ကို ထောက်ခံကြောင်း ကြေငြာခဲ့ပြီး ဘီလာရုစ်နိုင်ငံကိုတော့ တစ်ခုခု တုံ့ပြန်ဖို့ ကြေငြာချက်ထဲ မပါပေမယ့် တစ်ချို့သတင်းတွေမှာတော့ ဘီလာရုစ် နိုင်ငံမှာ ရှိနေတဲ့ အီးယူးနိုင်ငံက သံတမန်တွေကို ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလိုလုပ်တဲ့နေရာမှာ ဘာလို့ တက်ဒီ ၀က်ဝံ အရုပ်ကလေးတွေကို ရွေးလဲဆိုတော့ ဘီလာရုစ်နိုင်ငံက ထောင်ကို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ တက်ကြွသူတွေဟာ ဆန္ဒပြကြတဲ့ အခါတိုင်း တက်ဒီဝက်ဝံ အရုပ်လေးတွေကို ကိုင်ဆောင်နေကျမို့ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့လဲ ပါတယ်လို့ ဆိုပါတယ်။ Studio C အဖွဲ့သားတွေဟာ ဒီလို တက်ဒီ ၀က်ဝံရုပ် စစ်ဆင်ရေးလုပ်ဖို့ သုံးယောက်ထိုင် လေယာဉ်ငယ် ၀ယ်တာ အပါအ၀င်၊ လောယာဉ်ကို မောင်းသင်ကျင့်တာပါ တစ်နှစ်လောက် အချိန်ယူခဲ့ပြီး ဘီလာရုစ် အာဏာရှင် အစိုးရကို အရှက်ကွဲစေမယ့်  "Teddybear Airdrop Minsk 2012" အတွက် စားရိတ်အားလုံးပေါင်း ဒေါ်လာ ၁၈၄၅၀၀ ခန့်တောင် ကုန်ကျခဲ့ပါတယ်တဲ့ဗျာ။

PS:
Youtube မှာ Teddy Bear Minsk ဆိုပြီး ရှာကြည့်နိုင်ပါတယ်။

Ref;
http://en.wikipedia.org/wiki/Teddybear_Airdrop_Minsk_2012




No comments:

Post a Comment