Tuesday, July 17, 2012

ကြောင် ရုပ်ရှင်ပွဲတော် ကျင်းပမည်

ယနေ့ခေတ် အင်တာနက်ခေတ် လူတိုင်း လူတိုင်း လိုလို ကိုယ့်မှာ ရှိတဲ့ စွမ်းရည် တစ်မျိုးမျိုးကို အင်တာနက်ပေါ်မှာ တင်လိုက်ရုံနဲ့ လူကြိုက်များသွားရင် တခါတည်းနဲ့ ပေါ်ပြူလာ ဖြစ်ဖြစ်သွားကြပါတယ်။ အဲဒီအထဲမှာ လူတွေတင် မဟုတ်ဘဲ ကြောင်တွေလည်း ပါပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ နေထိုင်လှုပ်ရှား ဆော့ကစားမှုတွေကို သူတို့ သခင်တွေက ဗွီဒီယိုရိုက်ယူပြီး ယူကျုပေါ်မှာ တင်လိုက်တာကနေ တစ်ချို့ကြောင်လေးတွေဟာ ချစ်စရာ ကောင်းလွန်းတော့ ကြည့်ရှုမှုအကြိမ်ရေပေါင်း သန်းဂဏန်းကျော် ရပြီး ပေါ်ပြူလာ ဖြစ်သွားကြပါတယ်။ တစ်ချို့ဆို စာအုပ်တွေဘာတွေ ထုတ်တဲ့အထိ အောင်မြင်သွားကြပါတယ်။

ကဲ အခု အဲလို ပေါ်ပြူဖြစ်သွားကြတဲ့ ဆလစ်ဘရစ်တီ ကြောင်တွေ အတွက် ကြောင် ရုပ်ရှင် ပွဲတော် တစ်ခုကို အမေရိကန်နိုင်ငံ၊ မင်နီယာပိုလစ်စ် က Walker Art Center, Open Field မှာ ကျင်းပပေးဖို့ စီစဉ်ထားပါတယ်တဲ့။ အခုဆိုရင် ယူကျူပေါ်က နာမည်ကျော် ဆလစ်ဘရစ်တီ ကြောင်တွေဟာ သူတို့ကိုယ်ပိုင် ဗွီဒီယို ရုပ်ရှင်ပွဲတော် တစ်ခု ရရှိဖို့ အခွင့်အလမ်း ရှိသွားတယ်။

'ကွန်ပြူတာ မျက်နှာပြင် သေးသေးလေးပေါ်မှာ ညည ယူကျူပေါ်က ချစ်စရာကြောင် ဗွီဒီယိုကလစ်လေးတွေကို တစ်ယောက်ထဲ ကြည့်ပြီး ခိုးခိုးခစ်ခစ် ရီနေမယ့်အစား အခု Live Screen ကြီးမှာ ပါဝင် ပြသကြည့်ရှုဖို့ အချိန်ကောင်းပါပဲလို့'
ဒီပွဲကို စီစဉ်တဲ့သူ ထဲက တစ်ယောက်ဖြစ်တဲ့ Katie Czarniecki Hill က သူရဲ့ ဘလော့ မှာ ရေးထားပါတယ်။

ဒီပွဲကို သြဂုတ်လ ၃၀ ကြသပတေးနေ့ ညနေခင်းမှာ ကျင်းပမှာ ဖြစ်ပြီး၊ စာရင်းတင်သွင်း ဗွီဒီယိုတွေ ပေးပို့ရမယ့် နောက်ဆုံးရက်ကတော့ လာမယ့် ဇူလိုင်လ ၃၀ရက် ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားလုံး စိတ်ဝင်စားနေတာကတော့ အင်တာနက်မှာ အင်မတန်မှာ ပေါ်ပြူလာ ဖြစ်နေပြီးသား ကြောင်တွေဖြစ်တဲ့ "I am Maru", Surprised Kitten, Keyboard Cat နဲ့ Stalking Cat တို့တွေ လာရောက် ပြသကြမှာလား ဆိုတာပါပဲ။

ကဲ စိတ်ဝင်စားသူများ ကြုံတောင့် ကြုံခဲ ရုပ်ရှင် ပွဲတော်မှာ အမည်စာရင်းတင်သွင်း ဗွီဒီယိုဖိုင်ပို့ကာ ၀င်ရောက်ပြသနိုင်ပါပြီး။ လူကို ပြောတာ မဟုတ်ဘူးနော်.... ကြောင် ကြောင်....

ကြောင် ရုပ်ရှင်ပွဲတော် မကြည့်ခင် ကျနော် ကြည့်နေကျ Funny Cat ဗွီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။




Sunday, July 1, 2012

ကံကောင်းတဲ့ ဖုန်းပိုင်ရှင်နဲ့ ထူးခြားတဲ့ တက္ကစီမောင်းသမား

တစ်နေ့က အိမ်ကနေ စင်ကာပူအရှေ့ခြမ်း အလွန်ဝေးတဲ့ Customer ဆိုဒ်တစ်ခုကို ရထားတဆင့် တက္ကစီတဆင့်နဲ့ သွားရပါတယ်။ အမှန်တော့ အလုပ် သွားလုပ်ရမယ့် နေရာနဲ့ အနီးဆုံး ရထားဘူတာကို ရထားစီး ပြီးမှ တက္ကစီနဲ့ သွားရမှာ ဖြစ်ပေမယ့် အဲဒီနေ့က ခရီးက ဝေးလွန်းတာကြောင့် အချိန်မမှီမှာစိုးလို့ တက္ကစီစီးဖို့ သင့်တော်တဲ့ ရထားဘူတာမှာ ဆင်းလိုက်ပါတယ်.

အဲဒီမှာ အထင်နဲ့ အမြင်လွဲသွားတယ်။ တက္ကစီစီးဖို့ လွယ်မယ်ထင်တဲ့ Bedok ဘူတာမှာ ဆင်းလိုက်တာမှာ သူကအရင်ကလို မဟုတ်ဘဲ စည်းကမ်းတကျကိုယ်တွေလို မရပ်ရနေရာတွေ တက္ကစီတားမှာစိုးလို့ ဖလက်ဖောင်းတွေမှာ အကာတွေ တောက်လျှောက်ကာထားတယ်။ အဲဒါနဲ့ အကာတွေလွတ်တဲ့ နေရာရောက်အောင် တကွေ့တပတ်ကြီး လမ်းလျှောက်ပြီးမှ လမ်းသွယ်လေးနဲ့ လမ်းမကြီးထောင့်နေရာတစ်ခုမှာ ရပ်ပြီး ကားတားဖို့ ပြင်လိုက်ပါတယ်။

တကယ်တမ်း အဲဒီနေရာလဲ တက္ကစီတွေ ရပ်လို့မရတဲ့အတွက် တားသော်ငြားလည်း တက္ကစီတွေက မရပ်ပေးပါဘူး... တက္ကစီအလွတ် သုံးစီးလောက် မရပ်ပေးတဲ့ အပြီးမှာ တက္ကစီတစ်စီးကတော့ ရပ်ပေးမယ် မြန်မြန်တက် အထာနဲ့ လာရပ်တော့ ကိုယ်လည်း ရပ်ရပ်ခြင်း ကားတံခါးဖွင့် စွပ်ခနဲ ကားထဲ ခုန်ဝင်လိုက်ပါတယ်။ သွားမယ့်နေရာ ပြောလို့အပြီးမှာ Customer ကို ဖုန်းလှမ်းခေါ်ပြီး နည်းနည်း နောက်ကျမယ့်အကြောင်း ပြောထားလိုက်ပါတယ်။

အဲဒီတော့မှပဲ လမ်းလျှောက်လိုက်ရလို့ ချွေးတလုံးလုံးနဲ့ ဖြစ်နေတာကို တက္ကစီ အဲကွန်းအေးအေးနဲ့ အမောဖြေနိုင်တော့တယ်။ ဒါတောင် ချက်ချင်း အအေးထဲ ၀င်လိုက်တော့ လူက နှာ တရှုပ်ရှုပ်ဖြစ်နေသေးတယ်။ အဲဒီမှာ ထူးခြားချက်က စပါတယ်။ တက္ကစီဆရာက အဲကွန်း အေးလို့လား လျှော့ပေးရမလားဆိုပြီး မေးပါတယ်။ နည်းနည်းတော့ အံ့သြမိတယ်။ တက္ကစီ စီးဖူးတဲ့ သက်တမ်းတလျှောက် တခါမှ ဒီလိုမမေးခံရဖူးဘူး။ ရပါတယ် မလိုပါဘူး ကျေးဇူးတင်ပါတယ်လို့ပဲ ဖြေလိုက်ပါတယ်။

ခဏနေတော့ တက္ကစီဆရာက နောက်ကြည့်မှန်ကနေ ကိုယ့်ကို သေချာကြည့်နေတာ သတိထားမိတယ်။ ပြီးတော့ မင်းက မြန်မာလားလို့ မေးပါတယ်။ ဟုတ်ပါတယ်လို့... အဲဒါနဲ့ သူက သူ့ဘေးခုံမှာ တင်ထားတဲ့ မိုဘိုင်းဖုန်းလေး တစ်လုံး ထုတ်ပြပါတယ်။ မနက်က သူ့ကားကို ငှားစီးတဲ့ လူငယ်လေး နှစ်ယောက် ဒီဖုန်းကို တက္ကစီပေါ်မှာ ကျန်ခဲ့ကြောင်း အဲဒီလူငယ်လေးဟာ မြန်မာတွေ ဖြစ်နိုင်ကြောင်း သူအရင် အလုပ်လုပ်ခဲ့တုန်းက မြန်မာတွေအများကြီးနဲ့ လုပ်ခဲ့ရဖူးကြောင်း ဒါကြောင့် မြန်မာတွေရဲ့ အသံကို သိကြောင်း ဒီဖုန်းကို မင်းကို ပေးလိုက်မယ် မင်းက ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေး ပေးဖို့ သူက ပြောပါတယ်။

အဲဒီမှာ ကျွန်တော်က မဟုတ်တာ... နင်ကားပေါ်မှာ ကျန်ခဲ့တာ နင်ပဲ ပြန်ပေးသင့်တာပေါ့... ငါ့ကို ပေးတော့ ငါက ပိုင်ရှင်ကို ပြန်မပေးဘဲ ယူထားရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက မင်းကို ငါယုံတယ် အခုလောလောဆယ် ဖုန်းက ဘက်ထရီကုန်နေတာ... မနက်က ငါ့မဖွင့်တတ်လို့ ငါ့မိန်းမကိ့ ဖွင့်ခိုင်းကြည့်သေးတယ်... ခဏပဲရလို့... ဖုန်းကို အားပြန်သွင်းပြီးရင် ဖုန်းဝင်လာရင် နင်က ခေါ်တဲ့သူကို ပြောပြလိုက်ပေါ့လို့ သူက ပြောပါတယ်...

အဲဒါနဲ့ ကျနော်က ဖုန်းကို ယူလိုက်တယ်။ ပြီးတော့ သူ့ကို ဒီလို လုပ်ရအောင် နင်နဲ့ငါ ဖုန်းနံပါတ် လဲယူထားကြမယ် ဖုန်းကို ပြန်ပေးဖြစ် မပေးဖြစ် နင့်ကို ငါပြန်ပြောမယ် မပေးဖြစ်ဘူးဆိုရင်လည်း ငါနင့်ကို ဒီဖုန်းကို ပြန်ပေးမယ် ဆိုပြီး ကျွန်တော်တို့ နှစ်ယောက် ဖုန်းနံပါတ် လဲလိုက်ကြတယ်။ အဲဒါနဲ့ ကျွန်တော် အလုပ်လုပ်ရမယ့် နေရာရောက်ပြီးတော့ သူ့ကို နှုတ်ဆက်ပြီး ပိုင်ရှင်တွေ့အောင် ရှာပြီး ပြန်ပေး ပေးမယ့် အကြောင်း ပြောလိုက်ပါတယ်။ ဖုန်းကတော့ SONY Xperia Android ဖုန်းလေးပါ...

အလုပ်ထဲရောက်တော့ ကျွန်တော့ လက်ပ်တော့လေးနဲ့ အားသွင်း ထားလိုက်ပါတယ်။ ကံကောင်းတာက ကျနော့် ဖုန်းကြိုးနဲ့ ဖုန်းက အတော်ဖြစ်နေတာပဲ။ အလုပ်လုပ်ထဲ အာရုံရောက်နေရင်း ဖုန်းကို ခဏမေ့သွားတယ်။ နေ့လည်ထမင်းစား ခါနီးကျတော့ ဖုန်းကို သတိရပြီး ဖွင့်လိုက်ပါတယ်။ ဖွင့်ပြီးပြီးချင်းပဲ ဖုန်းကိုခေါ်ထားတဲ့ နောက်ဆုံး Missed call (voice mail call) နံပါတ်လေးကို ခေါ်လိုက်ပါတယ်။ တဖက် မိန်းကလေးတစ်ယောက်က ပြန်ဖြေတော့ အကျိုးအကြောင်း ပြောလိုက်တာမှာ မိန်းကလေးက ဖုန်းပိုင်ရှင်ရဲ့ ကျောင်းတက်ဖော် သူငယ်ချင်း ဖြစ်နေပါတယ်။ အဲဒါနဲ့ မိန်းကလေးကို ဖုန်းပိုင်ရှင်နဲ့ ပြောချင်ကြောင်း ဒီဖုန်းကို ပြီးရင် ပြန်ပိတ်ထားမှာမို့ ကျနော့်ဖုန်းကို Message ပို့ပေးလိုက်မယ်လို့ ပြောလိုက်ပါတယ်။

နေ့လည် ထမင်းစားချိန်ကြတော့ message ပို့ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျနော်လည်း ဖုန်းကို ပိတ်ထားဖို့ မေ့ပြီး အိတ်ထဲကို ဒီအတိုင်းပဲ ထည့်ထားလိုက်မိပြီး အလုပ်ထဲ ပြန်အာရုံ ရောက်သွားတယ်။ ညနေတော့ ပြန်ခါနီး ဖုန်းကို အိတ်ထဲ ထုတ်လိုက်တော့ ခေါ်ထားတဲ့ Missed calls တွေ အများကြီး Message တွေလည်း ပို့ထား ကြတယ်။ ကျနော့်ကို တကယ်တမ်း ဖုန်းပိုင်ရှင်ရဲ့ သူငယ်ချင်းတွေ ညီမရယ်က ခေါ်ထားကြ မက်စိပို့ထားကြတယ်လို့ နောက်တော့ ပြန်သိရတယ်။ ကျနော့်က တွေးမိတယ် ငါ့ကိုတော့ ခြေရာဖျောက်ပြီ ထင်ကြမှာပဲလို့။ တခါက သူငယ်ချင်းတစ်ယောက် ဖုန်းကို တက္ကစီပေါ်ကျန်ခဲ့တယ်... ဖုန်းကို ခေါ်တော့ တက္ကစီဆရာက ပြန်ပေးမယ် ပြောပြီး နောက်ရက်တွေကျ ခြေရာ ဖျောက်တာမျိုး ဖြစ်ဖူးတာ ကြားထားဖူးလို့ အဲလိုတွေးမိတယ်။

အဲဒါနဲ့ ညနေပြန်တော့ ဖုန်းထဲက Contactတွေကို ဖွင့်ကြည့်ပြီး ထိပ်ဆုံး Me လို့ ဆိုတဲ့ Contact ကို ဖုန်းပိုင်ရှင်ရဲ့ Alternate ဖုန်းဖြစ်မယ် ဆိုပြီး ခေါ်လိုက်ပါတယ်။ အဲဒီမှာ သူ့နဲ့ တိုးပါတယ်။ သူနဲ့ ဖုန်းပိုင်ရှင် အမှန်ဟုတ် မဟုတ် ဖုန်းရဲ့ပုံစံ အချက်အလက်အချို့နဲ့ Verify လုပ်ပြီးတော့ ညမှာ အိမ်ကို လာယူဖို့ ချိန်းလိုက်ပါတယ်။

ညရောက်တော့ သူက လာယူပါတယ်။ ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးမယ် ပြောတော့ မလိုပါဘူးလို့ ကျေးဇူးတင်ဖို့ ကောင်းတာ တက္ကစီဆရာပါလို့ ပြောပြီး တက္ကစီဆရာရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။ ကျေးဇူးတင်စကား ပြောချင် ပြောလို့ရတယ်။ သဘောပါပဲလို့။ ကျနော်ကတော့ တက္ကစီဆရာကို ပြောပြပေးဦးမယ်လို့ ပြောပြလိုက်ပါတယ်။ ဖုန်းပိုင်ရှင် ကောင်လေးကတော့ ကြုံတဲ့အခါ မုန့်ကျွေးမယ့်အကြောင်းတော့ ပြောသွားပါတယ်။

နောက်နေ့ မနက် ရောက်တဲ့အခါကျ တက္ကစီဆရာကို ဖုန်းကို ပြန်ပေးလိုက်ပြီ ဖြစ်ကြောင်း ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့အခါ သူက ဒုက္ခပေးမိတာ စိတ်မကောင်းပါကြောင်းနဲ့ မင်းရဲ့ Kindness အတွက်ကျေးဇူးတင်ကြောင်း ပြန်ပြောလာတာမှာ ကျနော်က 'အိုး မဟုတ်တာ မင်းရဲ့ Kindness နဲ့ စိတ်ထားကို ငါကကျေးဇူးတင်ရမှာလို့' ပြောဖြစ်လိုက်ပါတယ်။

ကံကောင်းတဲ့ ဖုန်းပိုင်ရှင်နဲ့ ထူးခြားတဲ့ တက္ကစီမောင်းသမားကြားက ကျနော် မောင်သန့် အကျိုးဆောင် ဖြစ်သွားကြောင်း ပါပဲခင်ဗျာ။

ဆက်စပ်ဖတ်ရှုရန်
Bigger ကြိုက်တဲ့ တက္ကစီဆရာ

Sunday, May 27, 2012

ပုံပြင်ထဲက ပုလွေဆရာနဲ့ ကြွက်တွေကို နှိမ်နှင်းခဲ့ရတဲ့ မြို့မှာ ကြွက်တွေ ပြန်သောင်းကျန်းနေ

ကျနော်တို့ ငယ်ငယ်တုန်းက စာထဲမှာ ဒီပုံပြင်လေးကို သင်ဖူး ကြားဖူး ကြမှာပါ။

၁၂၈၄ခုနှစ်က ဂျာမနီနိုင်ငံ 'လိုဝါး စပ်ဇွန်နီ' ပြည်နယ် 'ဟာမီလင်' မြို့လေးမှာ ကြွက်တွေ သောင်းကျန်းတဲ့ ဒဏ်ခံနေရပါတယ်။ အဲဒီမှာ အရောင်စုံပါတဲ့ အင်္ကျီ ၀တ်ထားတဲ့ ပုလွေဆရာ တစ်ယောက်ဟာ သူ့အတတ်ပညာနဲ့ ကြွက်တွေအားလုံးကို ရှင်းပေးမယ်ဆိုပြီ မြို့သူမြို့သားတွေကို ပြောပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ထိုက်တန်တဲ့ အဖိုးအခတော့ ပေးရမယ်ဆိုပြီ တောင်းဆိုပါတယ်။ မြို့သူမြို့သားတွေက သူသာ ကြွက်တွေအားလုံးကို ရှင်းပေးနိုင်ရင် သူရဲ့ တောင်းဆိုချက်အတိုင်း ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ အဲဒီနောက် သူဟာ ပလွေကို မှုတ်ကာ ကြွက်တွေကို ဆွဲဆောင်ပြီ သူ့နောက်ကို လိုက်စေခဲ့ပါတယ်။ နောက်ဆုံး သူဟာ ကြွက်တွေကို '၀က်ဆာ'  မြစ်ကမ်းပါး ဆီကို ခေါ်ဆောင်သွားကာ ကြွက်တွေ အားလုံး မြစ်ထဲကျကာ ရေနစ်သေဆုံးစေခြင်းဖြင့် ကိစ္စတုံးစေလိုက်ပါတယ်။

 Photo via Wiki

အဲဒီမှာ သူက ကြွက်အားလုံးကို နှိမ်နှင်းလိုက်နိုင်လို့ မြို့သူမြို့သားဆီက ထိုက်တန်တဲ့ အဖိုးအခကို တောင်းတဲ့အခါ သူ့ကို အပြည့်မပေးဘဲ တ၀က်တပျက်သာ ပေးကြပါတယ်။ အဲမှာ သူက စိတ်ဆိုးပြီး မြို့ထဲက ထွက်ကာ နောက်တကြိမ်ပြန်လာရင် အားလုံးကို လက်စားချေမယ်လို့ ပြောသွားခဲ့ပါတယ်။

မကြာမီ စိန့်ဂျွန်နဲ့ ပေါလ် ဂုဏ်ပြုတဲ့နေ့တစ်ခုမှာ မြို့သူမြို့သားအားလုံး ဘုရားကျောင်းရောက်နေချိန် သူဟာ မြို့ထဲကို ပြန်လာပြီး ပလွေကို စတင်မှုတ်ပါတယ်။ ဒီတစ်ခါမှာတော့ သူ့ပုလွေသံကို ကြားတာနဲ့ မြို့ထဲက ကလေးတွေ အားလုံး အိမ်ပြင်ထွက်လာပြီးတော့ သူ့နောက်ကို လိုက်သွားကြပါတယ်။ သူဟာ ပုလွေသံနဲ့ ကလေးတွေကို ဆွဲဆောင် ခေါ်သွားပြီး ဂူတစ်ခုထဲကို ကလေးတွေနဲ့အတူ ၀င်ရောက်ကာ ပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့် ဒီကလေးတွေထဲမှာ ကလေး သုံးယောက်ဟာ ကျန်နေခဲ့တော့ မိဘတွေ လူကြီးတွေအားလုံး အပြင်ကို ထွက်လာတဲ့အခါ သူတို့က အဖြစ်အပျက်တွေကို လူကြီးတွေကို ပြန်ပြောပြခဲ့ကြပါတယ်။ ကျန်နေခဲ့တဲ့ ကလေးသုံးယောက်ဟာ တစ်ယောက်က ခြေတပေါင်ကျိုး၊ တစ်ယောက်က နားကန်း၊ တစ်ယောက်က မျက်စိကန်း နေသောကြောင့် ကျန်နေခဲ့ခြင်း ဖြစ်ပါတယ်(ကံကောင်းချင်တော့)။ အဲဒီနောက် ကလေးတွေနဲ့ ပုလွေဆရာကို မြို့သူမြို့သားတွေ ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘဲ ပလွေဆရာရဲ့ ကလဲ့စားချေချင်းကို လှလှပပ ခံခဲ့ကြရပါတယ်။

 Photo via Wiki

ပုံပြင်လေးကတော့ ဒါပါပဲကွယ်... အခုက အဲဒီ ပုံပြင်ထဲက မြို့လေးဟာ နောက်တစ်ခါ ပလွေဆရာကို ထပ်ပြီး ခေါ်ရမလို ဖြစ်နေပြန်တယ်လို့ အေပီသတင်းဌါနက သတင်းမှာ ရေးသားထားပါတယ်... အကြောင်းကတော့ မြို့ထဲမှာ ကြွက်တွေ ပြန်သောင်းကျန်းနေပြီး မြို့လေးရဲ့ လှပကျော်ကြားတဲ့ ရေပန်း တစ်ခုကို မီးမပေးနိုင်လို့ ရပ်နားထားခဲ့ရပါတယ်... ကြွက်တွေဟာ မီးကြိုးတွေကို ကိုက်ဖြတ်ထားတာကြောင့်ပါ။

တာဝန်ရှိသူတွေကတော့ ဒီရေပန်းကို ပြန်ပြင်ဖို့နဲ့ ကြွက်တွေကို နှိမ်နှင်းဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀က အသုံးပြုခဲ့တဲ့ ပုလွေဆရာ နည်းလမ်းကို အသုံးပြုဖို့ မလိုပါဘူးတဲ့ ဘာလို့လဲ မေးတော့ ပုလွေဆရာကို ပေးစရာ ပိုက်ဆံ မရှိလို့ မဟုတ်ဘဲ ဒီရေပန်းကြီးဟာ ပြုပြင်ထိန်းသိမ်းခ ကြီးလွန်းတာကြောင့် မကြာခင်မှာ ပိတ်ဖို့ စီစဉ်ထားပြီးသား မို့လို့ပါတဲ့။ ကြွက်တွေကိုတောင် ကျေးဇူးတင်ရမလိုပါဘဲ။

နောက်ပြီး ထပ်ပြောတာက အရင်တုန်းက ပုလွေဆရာက ကြွက်တွေကို ရေနှစ်သတ်ခဲ့တာဟာ သိပ်ယုတ္တိမရှိကြောင်း အမှန်တော့ ဒီကြွက်တွေဟာ တကယ် ရေကူးကောင်းတဲ့ ကောင်တွေ ဖြစ်ကြောင်း ဆိုပါတယ်။

လူတွေ ပြောလေ့ရှိတဲ့ ဒီပုံပြင်လေးရဲ့ မူကွဲတစ်ခုမှာတော့ နောက်ဆုံးမှာ 'ဟာမီလင်' မြို့သူမြို့သားတွေဟာ နောင်တရပြီး ပုလွေဆရာကို ပြန်လည်တောင်းပန်ကာ ထိုက်တန်တဲ့ အဖိုးအခအပြင် နောက်ထပ် စိန်ရွှေငွေပေါင်း များစွာ ထပ်ချီးမြှင့်ခဲ့တာကြောင့် ပုလွေဆရာက ကလေးတွေ အားလုံး ပြန်လွှတ်ပေးလိုက်ကာ HAPPY ENDING ဖြစ်သွားခဲ့ပါတဲ့ တဲ့လေ.................

News Source
http://hosted.ap.org/dynamic/stories/E/EU_ODD_GERMANY_PIED_PIPER?SITE=AP&SECTION=HOME&TEMPLATE=DEFAULT

Ref;
http://en.wikipedia.org/wiki/Pied_Piper_of_Hamelin

Thursday, April 26, 2012

ရွှေပြည်ကြီးမှ အပြန် - ၃ [ဇေယျာရွှေမြေ ခရီး]

မဂ်လာနှစ်သစ်ပါ ဘလော့စာဖတ် ပရိသတ်များတို့

နှစ်သစ်မှာ အသစ် အသစ်တွေ အကောင်အထည်ဖော် ရယူပိုင်ဆိုင်နိုင်ကြပြီးတော့ တစ် နေတာတွေလည်း မတစ်တော့ဘဲ ရှေ့ဆက်လို့ လစ်နိုင်ကြပါစေလို့ ဆန္ဒ ပြုလိုက်ရပါတယ် ခင်ဗျာ

အခု ဆက်ပြီး ခေါ်သွားမှာကတော့ စစ်ကိုင်းနဲ့ မင်းကွန်းကြား ဧရာဝတီ မြစ်ဆိပ်နားမှာ ရှိတဲ့ အာလောင် ရွာလေးပါပဲ... တကယ် အညာရွာ စစ်စစ်ကြီးကိုလည်း ရောက်ခဲ့တယ်ပေါ့... ဒါပေမယ့် ရွာကြီးက ကားလမ်းမ နဘေးမှာတင် ရှိတာဆိုတော့ ရွာမှာ ဟန်းဖုန်းကိုင်ကြတာ ဆိုင်ကယ်တွေ ကားတွေလည်း တော်တော်များများ တွေ့ရပေမယ့် ရွာဓလေ့တွေကတော့ အပြည့်ရှိသေးတဲ့ ရွာလေးပါ...

ရွာထဲ အိမ်တစ်အိမ်ကို ၀င်လိုက်တာနဲ့ စားစရာတွေ ရင်ပြည် ရင်ကယ် ဖြစ်အောင်ကိုပဲ ချကျွေးမွေးကြပါတယ်... တော်ပါတော့ ဆိုတာကိုတောင် ချိုင့်နဲ့ ထည့်ပေးကြပါသေးတယ်... ဒီရွာကပဲ သူမတို့ အမျိုးတွေ ပေးလိုက်တဲ့ မဂ်လာလက်ဖွဲ့ကို အကြိုက်ဆုံးပါ... ဘာလဲဆိုတော့ ဒန်အိုးတစ်စုံပါပဲ... ဒန်အိုး ဓါတ်ပုံက မန်မိုရီကဒ် မလောက်လို့ မြန်မာပြည်ကစက်မှာ ထားခဲ့တဲ့အထဲ ပါသွားတယ်....

ကဲ ဓါတ်ပုံတွေကို ဆက်လက် ရှုစားသွားကြပါဦး














ဆက်စပ် ဖတ်ရှုရန်
ရွှေပြည်ကြီးမှ အပြန် - ၂ [ဇေယျာရွှေမြေ ခရီး]
ရွှေပြည်ကြီးမှ အပြန် - ၁ [ဇေယျာရွှေမြေ ခရီး]

ကျေးဇူးတင်စွာဖြင့်

ဆက်ပါဦးမည် ခင်ဗျာ :)