Monday, September 5, 2011

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ


လွန်ခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့က သတင်းတွေထဲမှာ သြစတေးလျနိုင်ငံသား ရုပ်ရှင်စတန့်သမား မက်စ်လင်န် (McLean) တစ်ယောက် ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ၀ါနာဘရော့စ် (Warner Bros) အား ရုပ်ရှင်ရိုက်ကွင်းအတွင်း ရရှိခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေကို ကုသရာတွင် ကျေနပ်လောက်အောင် သေချာ မကြည့်ရှု့ စောင့်ရှောက်မှုအတွက် တရားစွဲ တဲ့အကြောင်း တွေ ဖတ်ဖြစ်ကြမယ် ထင်ပါတယ်။
ဟောလီးဝုဒ် ရုပ်ရှင်တွေဟာ ယနေ့ ကမ္ဘာမှာ လူတိုင်း သည်းခြေကြိုက်ပါ။ အဲလို သည်းခြေကြိုက် ဖြစ်ရအောင်လည်း သူတို့ ရုပ်ရှင်တွေဟာ အပြင်ဘက်က ဖြစ်ရပ်နဲ့ အင်မတန်မှ တူအောင် ယုတ္တိလည်းတန်အောင်လည်း ရိုက်တတ်ကြပါတယ်။ အဲလိုရိုက်ရအောင် သူတို့ဟာ ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံကြပြီး တကယ့်ကြီးမားတဲ့ ရုပ်ရှင်စတူဒီယိုကြီးတွေ တည်ဆောက် အင်မတန်မှ ဆန်းပြားတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ဇတ်ကွက်တွေကို စတန့်သမားတွေ နည်းပညာတွေနဲ့ ပေါင်းစည်းပြီး ရိုက်တတ်ကြပါတယ်။ အဲဒီထဲမှာ တကယ့်လူကိုယ်တိုင် သရုပ်ဆောင်ရမယ့် စွန့်စားခန်းတွေမှာ မင်းသား မင်းသမီးတွေ ကိုယ်တိုင် မတတ်နိုင်လို့ အစားထိုး သရုပ်ဆောင် ရတဲ့ အခန်းကဏ္ဍတွေကလည်း အရေးပါ ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ သတင်းထဲက မက်စ်လင်န် ဟာ အဲဒီလို ရုပ်ရှင်တွေထဲက စတန့်စွန့်စားခန်းတွေထဲမှာ လူစားထိုး သရုပ်ဆောင်တဲ့ အလုပ်ကို လုပ်တဲ့သူတစ်ဦးပါ… သူဟာ မက်ထရစ် (Matrix) တို့ စတားဝါး (StarWars) တို့လို နာမည်ကြီး ဇတ်ကားတွေမှာ စတန့် အစားထိုး သရုပ်ဆောင်ဖူးပြီး အခု သူရိုက်ကူးရင် ဒဏ်ရာရတဲ့ ဇတ်ကားက Hangover 2 ပါ။ သူရတဲ့ ဒဏ်ရာဟာ နည်းနည်းနောနော မဟုတ်ပါဘူး။ သူရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်း ပျက်စီးဒဏ်ခံခဲ့ရပြီး အဲဒီအကျိုးဆက်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ဖြစ်တဲ့ ခြေလက် ဆန့်ငင် ဆန့်ငင်ဖြစ်ခြင်း၊ စကားပြော ဆွံ့အခြင်း၊ စိတ်ဒဏ်ရာရခြင်းများကို တသက်လုံး ခံစားသွားရတော့မှာပါ။
ဝါနာဘရော့စ် ရုပ်ရှင် ကုမ္ပဏီက ထုတ်လုပ်တဲ့ Hangover 2 ဇတ်ကားကို ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး မက်စ်လင်န် ဒဏ်ရာရခဲ့တာကတော့ လူဆိုးတွေ လိုက်တဲ့ တက္ကစီပေါ်ကနေ တခြားကားတစ်ခုကို ခုန်ကူးဖို့ လုပ်တဲ့ စတန့်ခန်းမှာ တဖက်က ခုန်ကူးဖို့ စီစဉ်ထားတဲ့ ကားနဲ့ တိုင်မင်လွဲပြီး ခေါင်းကို အတိုက်ခံရတာဖြစ်ပါတယ်။ မက်စ်လင်းလ် ပြန်ပြောပြတာကတော့ အဲဒီအချိန်မှာ တိုင်မင်တိုက်ထားတဲ့ ကားနှစ်စီးထဲကမှ သူခုန်ထွက်ဖို့ ကြိုးစားနေတဲ့ တက္ကစီကားက အလွန်အန္တရယ်များတဲ့ အရှိန်ကို ရုတ်တရက် ပြောင်းတင်လိုက်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ 

(Photo Via DailyMail)
တက္ကစီပေါ်က ခုန်ထွက်ဖို့ ကြိုစားစဉ်
မတော်တဆဖြစ်ဖြစ်ချင်း နီးစပ်ရာဆေးရုံကို ချက်ချင်းပို့ခဲ့ပြီး နောက်တဆင့်ကမှ ဘန်ကောက်မြို့က ဆေးရုံကြီးထပ်ပို့ခဲ့တာပါ။ အားလုံးက မက်စ်လင်န်ကို ဆုံးရှုံးရတော့မယ့် ထင်ခဲ့ကြပေမယ့် အံ့သြစရာကောင်းစွာပဲ သူသတိပြန်လည်လာခဲ့ပါတယ်။ အခုတော့ သူဟာ နယူးဆောက်ဝေးက ပြန်လည်ထူထောင်ရေး စင်တာတစ်ခုမှာ ကုသမှုခံယူလျှက် ရှိပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ခဲ့တဲ့အချိန်က ၂၀၁၀ ဒီဇင်ဘာလမှာပါ။ သူ ပြန်နေကောင်းလာအောင် ၇လအတွင်း ဘယ်လို ရုန်းကန်ခဲ့ရလဲဆိုတာကို သြစတေးလျ တီဗွီတစ်ခုမှာလည်း ထုတ်လွှင့်ပြသသွားခဲ့တယ်။
ဘာဖြစ်ဖြစ် မက်စ်လင်းလ်ဟာ လူသာမန်တစ်ယောက်လို ပြန်လည်နေထိုင်နိုင်ဖို့ မဖြစ်နိုင်တော့အတွက် ဒါဟာ ဟောလီးဝုဒ် ရိုက်ကွင်းပေါ်က ကြေကွဲဖွယ်ရာ ဖြစ်ရပ်များထဲ တစ်ခုပဲ ဖြစ်ပါတယ်။
နောက်ဆက်လက်ပြီး လူအသက်တွေ စတေးရတဲ့ထိ ဖြစ်ပျက်ခဲ့တဲ့ ဟောလီးဝုဒ် ရိုက်ကွင်းပေါ်က ကြေကွဲဖွယ်ရာ ဖြစ်ရပ်များကို ဆက်လက်ရေးသား သွားပါဦးမယ်ခင်ဗျာ…
ကိုကား 

1 comment:

  1. စိတ်မကောင်းစရာပဲ... သက်ပျင်းချမိတယ်... စတန့်သမားတွေက သနားဖို့ကောင်းတယ်... ၀ါသနာကြီးလွန်းလို့လုပ်နေကြတာထင်တယ်.... ပိုက်ဆံဘယ်လောက်ရရ ဒါမျိုးက ၀ါသနာမပါရင် မဖြစ်ဘူး...

    ReplyDelete