Monday, September 19, 2011

အသက် ၁၁၃နှစ် ပြည့်တော့မည့် မြင်းမူမြို့က အဖွားဒေါ်ဖွားကြီး

(Photo via မြန်မာ့အလင်း)
 အသက် ၁၁၃နှစ် ရှိပြီဖြစ်တဲ့ အဖွားဒေါ်ဖွားကြီး

စက်တင်ဘာ ၁၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ အသက် ၁၁၃နှစ်ပြည့်ရန် နှစ်လသာလိုတော့သည့် မြင်းမူမြို့နယ်က အဖွားဒေါ်ဖွားကြီး ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် တွေ့ရပါတယ်။

အဖွားဒေါ်ဖွားကြီးဟာ မြန်မာသက္ကရာဇ် ၁၂၆၀ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက်နေ့မှာ မြင်းမူမြို့နယ် ပုလဲတန်း ကျေးရွာတွင် မွေးဖွားခဲ့ပြီး မှတ်ပုံတင်နံပါတ်မှာ MMU- 016272 ဖြစ်တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၅ရက်နေ့က အဖွား နေနေတဲ့ သူ့ရဲ့မြေး ဦးလှဌေး-ဒေါ်မြင့်ကြည်တို့၏ နေအိမ်မှာ  မြန်မာ့အလင်း သတင်းစာက  သွားရောက်တွေဆုံခဲ့တာပါ။

အဘွားဒေါ်ဖွားကြီးဟာ အရွယ်ကောင်းစဉ်ကတည်းက ငါပါးသီလကို စောင့်ထိန်းခဲ့ကြောင်း၊ ယခုလည်း (မြေး) ဦးပဉ္စင်းက ဥပုသ်နေ့တိုင်း ကြွရောက်လာပြီး ငါပါးသီလ လာပေးကြောင်း၊ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဘုရားရှိခိုးကြောင်း... မနက်စာအဖြစ် ထပ်တရာမုန့်ကို လက္ဘရည်နဲ့ စားကြောင်း၊ အဲဒီနောက် နာရီဝက်၊ တစ်နာရီအတွင်း တခြားလူတွေ လာကျွေးတာကို စားနိုင်သေးကြောင်း၊ နေ့လည်စာနဲ့ ညနေစာထမင်း စားတဲ့အခါ နို့ဆီဘူးတစ်ဘူးလောက် ကုန်အောင် အသာလေးစားနိုင်ကြောင်း၊ အဘွားအတွက် သီးသန့်ချက်ပေးရတာ မရှိဘဲ၊ တခြား မြေးမြစ်တွေစားတဲ့အတိုင်း စားနိုင်ကြောင်း၊ ကလေးတွေ စားတဲ့ မုန့်ပဲသရေစာတောင် အဖွားက စားနိုင်ပြီး ကလေးတွေတောင် ချောင်းဆိုးရင်ကြပ် ဖြစ်ပေမယ့် အဖွားက ဘယ်သောအခါမှ မဖြစ်ကြောင်း၊ နေထိုင်မကောင်းဖြစ်လို့ ဆရာဝန်ပင့်ပေးရတာလည်း မရှိကြောင်းနဲ့ မူးမောသလို ဖြစ်ပါက လူပျံတော် ပတ္တမြားဆေးကိုသာ သောက်ပြီး အင်္ဂလိပ်ဆေးကို ဘယ်သောအခါမှ မသောက်ကြောင်းကို အဖွားရဲ့ အတူနေမြေးများက ပြောပြပါတယ်။ အဖွားကို လွန်ခဲ့တဲ့ ၃နှစ်က ခေါင်းတုံးပေးထားတာတောင် အဖြူအမဲဆံပင်တွေက ရောနှောပြီး ထွက်နေသေးကြောင်း ဆိုပါတယ်။

အဖွားကို ပုလဲတန်း ကျေးရွာ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီက ကျန်းမာရေး စောင့်ရှောက် ပေးလျှက်ရှိပါတယ်။

အဘွားဒေါ်ဖွားကြီးမှာ သားသမီးလေးဦး မွေးဖွားခဲ့ရာမှာ ယခုအချိန် မြေး ၂၇ယောက်၊ မြစ် ၆၁ယောက်၊ တီ ၁၁ယောက်၊ တွတ် ၁ယောက် ရရှိနေပြီး ဖြစ်တယ်လို့ သိရကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

သတင်းဖတ်ပြီး သတင်းက သိပ်မပြည့်စုံသလို ခံစားရပါတယ်။ အဓိက အဖွားရဲ့ ခင်ပွန်းဘယ်သူလဲဆိုတာ မပါဘူး... နောက် သားသမီးတွေကော ရှိသေးရဲ့လား.. အဘွား ဘယ်အချိန်မှာ အိမ်ထောင်ကျလဲ... ဘာအလုပ်တွေ လုပ်ခဲ့လဲ စတာတွေ သိချင်လာတယ်။ အဖွားရဲ့ မွေးသက္ကရာဇ်အရဆို အဖွားက ခရစ်နှစ် ၁၈၉၈မှာ မွေးတာဆိုတော့ မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်ပြီး ၁၀နှစ်တိတိအချိန် ပြီးတော့ အဖွားက ၁၉ရာစု၊ ၂၀ရာစုနဲ့ အခု ၂၁ရာစု .. ရာစုနှစ် သုံးခုကိုလည်း ဖြတ်သန်းခဲ့ဖူးတာပေါ့ .. ၂၀ရာစု ၀င်တဲ့အချိန် အဖွားက အသက် နှစ်နှစ်လောက် ရှိပြီ... အဲဒီလို ရာစုနှစ်တွေ ဖြတ်သန်းခဲ့တဲ့ အဖွားဆီက သူကြုံခဲ့ရတဲ့ အတိတ်က သမိုင်းကြောင်းတွေကို မေးမြန်းလေ့လာ ပြုစုနိုင်ရင်လည်း ကောင်းမယ်ထင်ပါတယ်။ အဖွားဓါတ်ပုံကို ကြည့်ရတာ ပြန်လည်း ပြောပြနိုင်ပုံပါပဲ...

နောက်တစ်ခုက ကမ္ဘာပေါ်အသက် ၁၁၀အထက်ရှိတဲ့လူတွေကို ကမ္ဘာ့အသက်ကြီးဆုံး လူတွေအနေနဲ့ စာရင်းပြုစုနေတဲ့ Gerontology Research Group (GRG) အဖွဲ့ရဲ့ စာရင်းဇယားအရ ယခု ကမ္ဘာပေါ်မှာ အသက်ရှင်လျှက်ရှိတဲ့ အသက်ကြီးဆုံးသူဟာ အမေရိကန်နိုင်ငံက အသက် ၁၁၅နှစ်အရွယ် 'ဘက်စီ ကူးပါ' (Besse Cooper) ဆိုတဲ့ အဖွား ပါ။ ဒါ့အပြင် သူတို့ရဲ့စာရင်းအရ ကမ္ဘာပေါ်မှာ အသက် ၁၁၀နဲ့ အထက်ရှိတဲ့သူဟာ ၇၈ယောက်တောင် ရှိပါတယ်။ အဲဒီအထဲ အငယ်ဆုံးက စပိန်နိုင်ငံမှ မတ်ဒါလင်း မီးဇ် (Madeleine Mièze) အသက် ၁၁၀နဲ့ ၁၄၄ရက် ရှိတဲ့ အဖွားပါပဲ။ ဒီစာရင်းဇယားထဲ ပါတဲ့သူ ၇၈ယောက်ဟာ GRG အဖွဲ့ တကယ် အဲလောက် အသက်ရှိကြောင်း အတည်ပြုချက် ပေးထားပြီးသား လူတွေဖြစ်ပြီး... တချို့ စာရင်းတွင်းထားဆဲ အတည်ပြုချက် မရသေးတဲ့ လူတွေလဲ ရှိပါတယ်။ ထူးဆန်းတာကတော့ အသက်ကြီးဆုံး လူတွေရဲ့ စာရင်းမှာ အမျိုးသား လေးယောက်သာပါပြီး၊ ကျန်တာ အမျိုးသမီးတွေချည်း ဖြစ်နေတာပါပဲ...

အခုတိုင်းဆိုရင် အဖွားဒေါ်ဖွားကြီးဟာ လူတစ်ရာတောင် မပြည့်တဲ့ ဒီကမ္ဘာ့အသက်ကြီးဆုံးလူစာရင်းထဲမှာ ပါနိုင်ပါတယ်။ ဒီစာရင်းထဲပါနိုင်ဖို့ကို GRG အဖွဲ့ကို ဆက်သွယ်ပြီး သူတို့ကို အသိပေးနိုင်ပါတယ်။ ပြီးတော့ သူတို့က လိုအပ်တဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး စာရင်းထဲထည့်ပေးပါတယ်။ အထောက်အထားတွေ စုပေးနိုင်ပြီး သူတို့ကို လိုအပ်သမျှ ဆက်သွယ် လုပ်ပေးနိုင်မယ့်သူ ရှိရင် တော်တော်ကောင်းမှာပါ။ ဒီစာရင်းထဲ အဖွားဒေါ်ဖွားကြီး ၀င်သွားခဲ့ရင် မြန်မာပြည်အတွက် ဂုဏ်ယူစရာ တစ်ခုတိုးလာမှာ အသေအချာပါပဲဆိုတာ တင်ပြလိုက်ရပါတယ် ခင်ဗျား။

ကိုးကား
စက်တင်ဘာ ၁၆ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာ၆
http://en.wikipedia.org/wiki/List_of_living_supercentenarians
http://en.wikipedia.org/wiki/Gerontology_Research_Group

5 comments:

  1. ကျွန်မတို့အဖေလည်း အသက် ၈၀ကျော်လို့ ၉၀နားနီးနေပြီ။ အဖေက အိမ်ထောင်ပြုတာ နောက်ကျတယ်။ ခုတော့ ရွာမှာအသက်အကြီးဆုံးတစ်ဦးထဲပါနေတာပေါ့။ ရှေ့မှီနောက်မှီမို့ ဓလေ့ထုံးစံတွေ ရွာရဲ့ ဟိုးတုန်းကအကြောင်းတွေဆို အဖေ့ကိုဘဲ မေးနေရတာ။ ခုပိုစ့်ထဲက အဖွားကိုတွေ့တော့ အဖေကို သတိရသွားမိတယ်။ အဖေလည်း ခုလို အသက်ရှည်ရင် သိပ်ကောင်းမှာဘဲ။

    ReplyDelete
  2. မချောတို့ အဖေ တကယ့်ကို အသက်ရှည်တာပဲ... ကျနော်တော့ အဲဒီအဖိုးအဖွားတွေကြား နေချင်တာ.. ရှေးရှေးတုန်းက အကြောင်းတွေ စပ်စုချင်လို့...

    ReplyDelete
  3. အသက်ရှည်ပြီးကျန်းမာတာလည်း ကုသိုလ်တမျိုးပါဘဲ
    ကျမဆိုရှေးခေတ်မှီတဲ့အဘိုးတွေအဘွားတွေတအားသဘောကျတယ်
    ကိုယ်မသိလိုက်တဲ့ ခေတ်ကအကြောင်းမမြင်လိုက်ရတဲ့
    ပုံရိပ်တွေကိုပြန်ပြောတာနားထောင်ချင်လို့လေ..
    သူငယ်ချင်းတယောက်အဖေဆို ဂျပန်ခေတ်စစ်ပြေးရတာကိုမှီတယ်လေ
    အဲသူငယ်ချင်းအဖေ 5နှစ်သားလောက်ရှိမယ် ဘတ်စ်ကားကြီးနဲ့ပစ္စည်းတွေတင်ပြီး
    နယ်ဘက်ပြေးကြတာတဲ့..အဲတုန်းကစစ်မပြေးခင်ပေါ့
    သူတို့အမျိုးတွေစုပြီးရိုက်ထားတဲ့ဓါတ်ပုံတောင်ရှိသေးတယ်..
    စစ်ပြေးတဲ့အခါတယောက်နဲ့တယောက်သွားတဲ့နေရာချင်းမတူဘူးလေ
    မိသားစုတွေတကွဲတပြားစီဖြစ်ကုန်ကြတော့မှာဆိုတော့
    အမျိုးတွေအားလုံးစုပြီးပုံရိုက်ထားတာလေ....
    ကျမတိုအဲသူငယ်ချင်းအိမ်ရောက်တိုင်းသှူုအဖေနဲ့အဲဒီခေတ်က
    အကြောင်းတွေမေးနေကြ..

    ခင်တဲ့ Blackroze

    မောင်သန့်အမအိမ်က မော်လမြိုင် ရွှေတောင်ရပ်မှာဘဲလား..

    ReplyDelete
  4. အသက်ရှည်တဲ့ အဖိုးအဖွားတွေ တွေ့ရင် စိတ်ချမ်းသာမိတယ်။ ကျွန်မအဖေက ၇၆နှစ်၊ အခုထိ ကျန်းမာနေတုန်း။ အဖွားဒေါ်ဖွားကြီးလည်း ကမ္ဘာ့အသက်ရှည်ဆုံး စံချိန်ဝင်ရင် ကောင်းမယ်နော်..။

    ReplyDelete
  5. blackroze - စစ်ပြေးတဲ့အကြောင်းတော့ အဖေပြောပြဖူးတာ ကြားဖူးတယ်၊ အဖေက အဲဒီတုန်း ၃နှစ်သားပဲ ရှိသေးတာ.. ဒါပေမယ့် သူ့ညီကို ကျောပိုးပြီး ပြေးရတယ်ဆိုပဲ...
    အမအိမ်က ရွှေတောင်မှာပဲ.. ၀တ်ကြီးဘုရားနဲ့ တော်တော်နီးတယ်... :)

    အမ မြသွေးနီ - အသက်လည်း ရှည် ကျန်းလဲ ကျန်းမာရင် ပိုကောင်းတယ်... ကျနော်အဖေလဲ ၇၀လောက်.. ကျန်းမာရေးတော့ အရမ်း ဒေါင်ဒေါင်မမြည်ဘူး...

    ReplyDelete