Wednesday, September 7, 2011

ကြမ်းကြုတ်တတ်တဲ့ ဂျူပီတာနတ်မင်းကြီးရဲ့ ပဟေဠိတွေကို ရှာဖွေမယ့် ဂျူနိုနတ်မိဖုရား



(Photo Via Wiki)
(ဂျူပီတာနဲ့ ဂျူနိုကို ဒီဇိုင်း သရုပ်ဖော်ထားပုံ)

၃. ၂၀၁၁ သြဂုတ်လ ၅ ရက်နေ့က ဂျူပီတာဂြိုလ်ကို အသေးစိတ်လေ့လာနိုင်ဖို့အတွက် နာဆာကနေ Juno လို့ အမည်ပေးထားတဲ့ အာကာသယဉ်လေးကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီယဉ်လေးဟာ ခုချိန်မှာ ကျနော်တို့ရဲ့ ကမ္ဘာမြေကနေ မိုင်သန်းပေါင်း ၆သန်းကျော် အကွာဝေးကို ရောက်နေပါပြီး…

(Photo via Wiki)
ဂျူနိုရဲ့ ခရီး

ဂျူနိုယာဉ်လေးဟာ ဂျူပီတာဂြိုလ်ကြီးရဲ့ အနားလေးကို ရောက်ဖို့ မိုင်သန်းပေါင်း ၁၇၄၀ခန့် ခရီးသွားရပါမယ်… ခရီးသွားချိန် ငါးနှစ်ခန့် ကြာမှာ ဖြစ်ပြီး ခန့်မှန်းခြေ ၂၀၁၆ခုနှစ် ဇူလိုင်လ ၄ရက်နေ့လောက်မှာ ရောက်မယ်လို့ နာဆာက ပညာရှင်တွေ တွက်ချက်ထားကြပါတယ်။ ရောက်တဲ့အခါ ဂျူပီတာဂြိုလ်ကို ကမ္ဘာမြေရဲ့ရက်ပေါင်း ၁နှစ်ခန့် အချိန်ယူပြီး အပတ်ပေါင်း ၃၃ပတ် ပတ်မှာ ဖြစ်ပါတယ်။ ပတ်တဲ့အခါမှာ ဂျူပီတာဂြိုလ်မျက်နှာပြင်အထက် မိုင်ပေါင်း ၂၆၇၂မိုင် အကွာအဝေးလောက်ကနေ ပတ်မှာပါ။ ဂျူနိုဟာ တခြား အာကာယာဉ်တွေလို နူးကလီးယား စွမ်းအင်မသုံးဘဲ နေရောင်ခြည်စွမ်းအင်ကိုသုံးတဲ့ ပထမဆုံး အာကာသသွား ယာဉ်လေးပါ။ 

ဂျူနိုယာဉ်ပေါ်မှာ ထူးခြားတဲ့ အရာလေး သုံးခုသယ်ဆောင်သွားပါတယ်။ အဲဒါကတော့ ဖြုတ်ဆက်တတ်လို့ရတဲ့ LEGO လို့ ခေါ်တဲ့ အရုပ်လေး သုံးရုပ်ပါ။ အဲဒီ အရုပ်လေး သုံးရုပ်ဟာ လူတစ်ယောက်နဲ့ ရိုမန် နတ်ဘုရားနှစ်ပါးကို ကိုယ်စားပြုတဲ့ အရုပ်လေးတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ကတော့ အာကာသဆိုင်ရာ လေ့လာရေး ဖခင်ကြီး ကယ်လီလီယိုရဲ့ ပုံတူအရုပ်ဖြစ်ပြီး သူက အာကာသကြည့်မှန်ပြောင်းကို ကိုင်ဆောင်ထားတဲ့ဟန် သရုပ်ဖော်ထားပါတယ်။ နတ်ဘုရား နှစ်ပါးကတော့ ရက်စက်ကြမ်းကြုတ်တတ်တဲ့ ဂျူပီတာ နတ်ဘုရားနဲ့ အမှန်တရားကို ရှာဖွေ ဖော်ထုတ်တတ်တဲ့ သူရဲ့ဇနီး ဂျူနိုတို့ပဲ ဖြစ်ပါတယ်။ ဂျူပီနတ်မင်းကြီးက မိုးကြိုးသွားကို တစ်ခုကို ကိုင်ဆောင်ထားတဲ့ ဟန်နဲ့ နတ်မိဖုရား ဂျူနိုကတော့ အမှန်တရားကို ရှာဖွေဖို့ မှန်ဘီးလူးတစ်ခု ကိုင်ဆောင်ထားတဲ့ဟန် သရုပ်ဖော်ထားပါတယ်..

(Photo via Wiki)
 ဂျူနိုယာဉ်ပေါ်က အရုပ်လေး သုံးရုပ်

ရိုမန် ဒဏ္ဍာရီထဲမှာ ဂျူပီတာနတ်မင်းကြီးဟာ သူ့ရဲ့မတရားတဲ့လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် တိမ်တောင်တစ်ခုဖန်ဆင်းပြီး ဖုံးကွယ်ထားပေမယ့်… ဂျူနိုဟာ အိုလံပတ်စ်တောင်ကနေ ဒါကို မြင်နိုင်စွမ်းရှိပြီး သူရဲ့ခင်ပွန်းရဲ့ ပင်ကိုသရုပ်အမှန်ကို ဖော်ထုတ်ခဲ့ကြောင်း ဆိုထားပါတယ်။ ဒါကြောင့် သူရဲ့အရုပ်ပုံကို အမှန်တရားကို ရှာဖွေနိုင်တဲ့ မှန်ဘီးလူးကြီးတစ်ခု ကိုင်ဆောင်ထားဟန် သရုပ်ဖော်ထားခြင်းဖြစ်ပြီး… ဂျူပီတာဂြိုလ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ့် အာကာသယာဉ်လေးကိုလည်း ဂျူနိုလို နာမည်ပေးထားခြင်း ဖြစ်ပါတယ်…

ဂျူနိုအကာသယာဉ်လေးဟာ ၂၀၁၇ အောက်တိုဘာလခန့်မှာ သူရဲ့ တာဝန်ကိုပြီးဆုံးဖို့ မျှော်မှန်းထားပြီး … ပြီးရင်တော့ ဂျူပီတာဂြိလ်ပေါ်ကို ထိုးဆင်းကာ သူ့ကိုသူ အဆုံးသတ်လိုက်မှာ ဖြစ်ပါတယ်။ ဒီပရောဂျက်အတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁ဘီလီလျံခန့်ရှိပါတယ်။

ဂျူပီတာဂြိုလ်ဟာ ကျနော်တို့ရဲ့ နေစကြာဝဠာထဲက ဂြိုလ် ၈လုံးထဲမှာ အကြီးဆုံး ဂြိုလ်ကြီးဖြစ်ပြီး အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ မုန်တိုင်းတွေ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ပြည့်နေတဲ့ ဂြိုလ်ကြီးဖြစ်ပါတယ်။ သူရဲ့အရွယ်အစားဟာ ကျနော်တို့ရဲ့ ကမ္ဘာဂြိုလ် အလုံးပေါင်း ၁၀၀၀ခန့် ၀င်ဆန့်နိုင်တဲ့ အရွယ်အစားရှိပါတယ်… ဂျူနိုအာကာသယာဉ်ဟာ ဂျူပီတာဂြိုလ်ကို ပထမဆုံးရောက်မယ့် ယာဉ်တော့မဟုတ်ပါဘူး … သူ့အရင် Pioneer, Voyager, the Galileo orbiter နဲ့ New Horizons အာကာသယာဉ်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရင်း ဂျူပီတာဂြိုလ်နားကနေ အနီးကပ် ဖြတ်သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျူနိုကတော့ ဂျူပီတာဂြိုလ်ကို လေ့လာဖို့သက်သက် သွားရောက်တဲ့ ပထမဆုံး အာကာယာဉ်ပါ ခင်ဗျာ…

Ref: http://en.wikipedia.org/wiki/Juno_(spacecraft)

2 comments:

  1. ဟုတ် . . .ကျေးဇူးပါပဲ။

    ReplyDelete
  2. ဟားဟား... ပျော်စရာကြီး.. ဆုပေးတဲ့နေရာတော့ သိပ်မကြိုက်ဘူး.. တကယ်လည်းပေးဘူး... အာဖ်ံကြီး .. :P :P :P

    ReplyDelete