Tuesday, October 11, 2011

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၎

 Top Gun (1986)
 (Poster via )

ဒါရိုက်တာ တိုနီစကော့ (Tony Scott) ရိုက်ကူးပြီး ဟောလီးဝုဒ်ရဲ့ နာမည်ကြီး မင်းသား တွန်ခရုစ် (Tom Cruise) သရုပ်ဆောင်ထားတဲ့ အမေရိကန် ရေတပ်နဲ့ တိုက်လေယာဉ် သင်တန်းကျောင်း အခြေခံ ရုပ်ရှင်ဇတ်ကား Top Gun ကို တော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်... ဒီဇတ်ကားက ၁၉၈၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက တော်တော်အောင်မြင်ခဲ့တဲ့ ဇတ်ကားလည်း ဖြစ်ပါတယ်...

ဒီဇတ်ကားဟာ Top Gun ဆိုတဲ့ ရေတပ်သင်တန်းကျောင်းနဲ့ အဲဒီသင်တန်းကျောင်းမှာ သင်ကြားနေတဲ့ သရုပ်ပြဆရာတွေနဲ့ အဲဒီမှာ တက်နေကြတဲ့ လေယာဉ်တင် သင်္ဘောပေါ်က တိုက်လေယာဉ်မှုးတွေ အကြောင်း အခြေခံထားတာပါ။ Top Gun သင်တန်းကျောင်းဟာ တကယ့်အပြင်က သင်တန်းကျောင်းတစ်ခုဖြစ်ပြီး ကယ်လီဖိုးနီးယားက Naval Air Station Miramar မှာ ရှိပါတယ်...

ဒီ ဇတ်ကားကို ရိုက်ကူးရာမှာ တကယ့် လေယာဉ်တင် သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ အသုံးပြု ရိုက်ကူးခဲ့ပြီး အမေရိကန် လေယာဉ်တင် သဘောင်္တွေဖြစ်တဲ့ USS Enterprise (CVN-65)၊ USS Ranger (CV-61)၊ တိုက်လေယာဉ်တွေ ဖြစ်တဲ့ F-14 စတာတွေကို အသုံးပြုခဲ့ပါတယ် ဒီလို ရိုက်ကူးနိုင်ဖို့ ဒီဇတ်ကားကို ထုတ်လုပ်တဲ့ ပါရာမောင့် (Paramount) ရုပ်ရှင် ကုမ္ပဏီက အမေရိကန်ရေတပ်ကို ကုန်ကျစရိတ်တွေအများအပြား ပေးခဲ့ရပါတယ်... ဒါ့အပြင် ဒီတိုက်လေယာဉ်တွေ မောင်းနှင်တဲ့ တကယ့် လေယာဉ်မှုးအများအပြား ကိုလည်း ခေါ်သုံးခဲ့ပါတယ်...

 အဲဒီထဲမှာ နာမည်ကြီး လေယာဉ် အလှပြ သရုပ်ပြ ပျံသန်းသူ၊ နည်းပြဆရာ၊ သင်တန်းဆရာ 'အတ်ရှိုးလ်' (Art Scholl) တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်... ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း တကယ့်အပြင်နဲ့ တူအောင် လေယာဉ် အတက်အဆင်းတွေ၊ လေယာဉ် လေပေါ် ပျံသန်းတာတွေ မစ်ဇင်းပစ်တာတွေကို မြေပြင်က ကင်မရာတွေနဲ့ရော လေယာဉ်ပေါ်တပ် ကင်မရာတွေနဲ့ရော အပြင်ကနဲ့ တူအောင် ရိုက်ကူးခဲ့ကြပါတယ်...

အဲလို ရိုက်ကူးကြတဲ့ ရိုက်ကွင်း တစ်ခုမှာတော့ 'အတ်ရှိုးလ်ဟာ' ဝေဟင်ပေါ်ရိုက်ကူးရေးတစ်ခုကို ပြုလုပ်ဖို့ ဒါရိုက်တာ စေခိုင်းတာခံခဲ့ရပါတယ်... လုပ်ရမှာကတော့ ကင်မရာတပ်ထားတဲ့ လေယာဉ်ကို အတည့်အတိုင်း ပတ်လည်လှည့်ပြီး (Flat Spin) ပြန်ပြီးတော့ ပြန်တက်ဖို့လုပ်နိုင်တဲ့ အမြင့်ထိ ဆင်းချဖို့ပါပဲ... (မျက်စိထဲ မြင်ဖို့ ဒီလင့်ခ်မှာ ဥပမာ အဖြစ်ကြည့်နိုင်ပါတယ်)။ အဲဒီမှာ 'အတ်ရှိုးလ်' အတွက် ကြေကွဲဖွယ်ရာ မတော်တဆမှု ဖြစ်ခဲ့ရတာပါပဲ... လေယာဉ်အဲလို လှည့်ပြီး ဆင်းရင် 'အတ်ရှိုးလ်' ဟာ ပြန်တက်ဖို့
ကြိုးစားတဲ့ အချိန်မှာ "I have a problem... I have a real problem" လို့ ဆက်သွယ်ရေး ရေဒီယိုကတဆင့် ပြောပြီး မကြာခင်ပဲ လေယာဉ်ဟာ ပစိဖိတ် သမုဒ္ဒရာထဲကို ထိုးကျသွားခဲ့ပါတယ်။ ၀မ်းနည်းစရာအကောင်းဆုံးကတော့ 'အတ်ရှိုးလ်' ရုပ်အလောင်းကိုရော သူရဲ့  Pitts S-2 လေယာဉ်ကိုပါ လုံးဝ ကို ရှာမတွေ့တော့တာပါပဲ...

အခုလို အသက်စွန့် သွားခဲ့ရတဲ့ 'အတ်ရှိုးလ်' ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဇတ်ကားရဲ့ အဆုံးပိုင်းမှာ "This movie is dedicated to the memory of Art Scholl." ဆိုပြီး စာတန်းလေး ထိုးခဲ့ပါတယ်... နာမည် အပြည့်အစုံ (Arthur Everett Scholl) လို့ ခေါ်တဲ့ 'အတ်ရှိုးလ်' ဟာ 24 December 1931 မှာ မွေးပြီး  သူဟာ တော်တဲ့ လေယာဉ် သရုပ်ပြ မောင်းနှင်သူ တစ်ယာက်ပါ။ လေယာဉ်ထုတ်လုပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Aviation Management) ပါရဂူဘွဲ့လည်း ရရှိထားသူ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတ၀ှမ်းက လေယာဉ်ပြပွဲတွေမှာ သရုပ်ပြမောင်းနှင်နေခဲ့သူ ဖြစ်သည့်အပြင် The Right Stuff, The Great Waldo Pepper, Blue Thunder, The A-Team, CHiPS စတဲ့ ရုပ်ရှင်နဲ့ တီဗွီဇတ်လမ်းတွဲတွေမှာလည်း သရုပ်ပြ လေယာဉ်မှုး အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်... သူကိုယ်ပိုင် ၀ယ်ယူပြီး ပြန်ပြင်ကာ Two Super Chipmunks လို့ နာမည်ပေးထားတဲ့ လေယာဉ်နှစ်စီးဟာ သူ့လက်စွဲတော် လေယာဉ်တွေဖြစ်ပါတယ်.. ထူးခြားပြီး သူ့ကို ပရိသတ်တွေ အားပေးနှစ်ခြိုက်တာကတော့ သူရဲ့ ခွေးလေး "Aileron" ကို Super Chipmunks လေယာဉ်နောက် ခုံထဲကိုထည့်ပြီး သရုပ်ပြ ပျံသန်းပြတာပဲ ဖြစ်ပါတယ်...

"Art Scholl in his Super Chipmunk N13Y at a 1984 California airshow"
(Photo via Wiki)

ဒီမတော်တဆမှု ဖြစ်ခဲ့တာ 16 September 1985 နေ့ ဖြစ်ပြီး အသက် ၅၄နှစ်မှာ 'အတ်ရှိုးလ်' ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်.. ထူးခြားတာ တစ်ခုအနေနဲ့ ဒီရုပ်ရှင်ဇတ်ကားပြသပြီး နောက်ပိုင်းမှာ အမေရိကန် ရေတပ်ကို ၀င်ဖို့ စာရင်းပေးသွင်းတဲ့ လူငယ်တွေဟာ အဆ ငါးရာကျော်ထိ အရေအတွက် တက်သွားခဲ့တာပါပဲ...

အခုလို အလွန်တော် လူတစ်ယောက် ဟောလီးဝုဒ်ရိုက်ကွင်းထဲမှာ အသက်ဆုံးရှုံး သွားခဲ့တာ ၀မ်းနည်းကြေကွဲဖို့ ကောင်းတာကြောင့် ဒီအကြောင်းအရာကို ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များထဲက တစ်ခုအနေဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ...

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃

Thanks to Musiz for correcting pronunciation of 'Art Scholl' name.

Ref: 
http://en.wikipedia.org/wiki/Top_Gun
http://en.wikipedia.org/wiki/Art_Scholl

3 comments:

  1. ကော်မန့်ကို ပြန်ဖတ်ချင်တယ်ဆိုတော့လည်း ပြန်ရေးရတာပေါ့လေး)
    ပြီးခဲ့တဲ့ အပတ်ကဘဲ Top Gun ကို ပြန်ကြည့်ဖြစ်သေးတယ်
    ဟိုးအရင်ကတော့ ကြည့်ဖူးတာ ကြာပါပြီ။ တွမ်ခရုစ်ခွေတွေ ပြန်ဝယ်လာဖြစ်တော့ အဲဒီဇာတ်ကားပါလာလို့ ပြန်ကြည့်ဖြစ်တာ။ အရင်ကလည်းကြိုက်တယ်
    ခုပြန်ကြည့်တော့လည်း ကြိုက်တယ်
    လေယာဉ်ကို အဆန်းထွင် စတန့်စီးတာတွေ
    အသည်းယားဖွယ် အပေါ်ကနေအောက်ကို ထိုးစိုက်ဆင်းပြတာတွေ သိပ်သဘောကျတာဘဲ
    ဘယ်လောက်ကြာကြာကြည့်ရတာ မရိုးနိုင်ဘူး။
    ဒါပေမဲ့ ဇာတ်ကားရဲ့ နောက်ကွယ်က ဆုံးရှုံးမှုကို တကယ် သတိမထားမိဘူး။ မသိလိုက်ဘူး။ အမှုမဲ့ အမှတ်မဲ့ဘဲကြည့်ခဲ့မိတာ။
    ဒီပိုစ့်လေးဖတ်တော့မှ ရုပ်ရှင်ဇာတ်ကားအတွက် အသက်ဆုံးရှုံးသွားတဲ့ လေသူရဲအကြောင်း သိရတော့တယ်
    တိုက်ပွဲမှာ မသေဘဲ ရုပ်ရှင်ရိုက်တော့မှ ဆုံးရှုံးရတာ တကယ်စိတ်မကောင်းစရာနော်။

    ReplyDelete
  2. ပြန်ရှာပြီး ၀ယ်ကြည့်အုံးမယ်ဗျ ။ ဖန်းတီးမှုတွေနောက်မှာ ကြိုးစားမှုနဲ့ ဆုံးရှုံးမှုတွေနဲ့ ကပ်ပါနေတော့တာပဲ စိတ်မကောင်းစရာ ။

    ReplyDelete
  3. အင်း အဲဒိကား မကြည့်ဖူးသေးဘူး... ဒီခေတ်သာဆို ခုလို ဖြစ်ချင်မှ ဖြစ်တော့မယ်... အားလုံးနီးပါးက Computerized လုပ်နေကြပြီဆိုတော့... စိတ်မကောင်းစရာပဲ... အခွင့်ရရင်တော့ ပြန်ကြည့်ဖြစ်ဖို့ကားလေးပါပဲ...

    ReplyDelete