Thursday, October 20, 2011

Christine Chubbuck - တိုက်ရိုက်ရုပ်သံလွှင့်ရင်း မိမိကိုယ်ကို သတ်သေသူ

၁၉၇၄ ဇူလိုင်လ ၁၅ရက်နေ့ Sarasota, Florida က WXLT-TV 40 (ယခု ABC Channel 7) ရဲ့ မနက်ပိုင်း ၉း၃၀မှာ ပုံမှန်ထုတ်လွှင့်နေကျ နာရီဝက်ကြာ စကားပြော ဆွေးနွေးခန်း "Suncoast Digest" အစီအစဉ် ကြည့်ရှုဖို့  ဒီအစီအစဉ်ကို စိတ်ဝင်စားတဲ့ တီဗွီပရိသတ်တွေဟာ ခါတိုင်းနေ့လိုပဲ တီဗွီရှေ့မှာ ထိုင်ပြီး အစီအစဉ်ကို စောင့်မျှော်နေကြပါတယ်။ ဒီအစီအစဉ်ကို ပုံမှန် တင်ဆက်ပေးနေတဲ့သူကတော့ အသက် ၂၉နှစ် အရွယ် တီဗွီသတင်းတင်ဆက်သူ Christine Chubbuck ဆိုတဲ့ အမျိုးသမီးလေးပါ။ ကိုးနာရီခွဲမှာ အဲဒီနေ့အတွက် ထုံးစံအတိုင်း အစီအစဉ် စတင်တော့ အစီအစဉ်အပြောင်းအလဲလေး ဖြစ်နေတာကြောင့် ပရိသတ်တွေ အနည်းငယ် အံ့သြပြီး တွေဝေသွားပါတယ်။ အဲဒါကတော့ ခရစ်စတင်း ဟာ ပုံမှန် စကားဝိုင်း ကုလားထိုင်မှာ ထိုင်မနေဘဲနဲ့ သတင်းကြော်ငြာတဲ့ စားပွဲကို ရောက်ကာ သတင်းတွေ စတင်ကြေငြာဖို့ လုပ်နေတာပါ။ ဆက်ပြီး ခရစ်စတင်းဟာ ဌါနေသတင်းသုံးခုလောက်ကို ကြေငြာပြီး၊ နောက်ထပ်သတင်းပုဒ် အနေနဲ့ စားသောက်ဆိုင်တစ်ခုက ပစ်ခတ်မှုဖြစ်တဲ့အကြောင်း ကြေငြာပါတယ်။ အဲဒီနောက် ပစ်ခတ်မှု ဗွီဒီယိုကို ပြမယ်လို့ ခရစ်စတင်းက ပြောပါတယ်... ဒါပေမယ့် အဲဒီအချိန် ဖလင်ဂျမ်းဖြစ်သွားတဲ့ ဗွီဒီယို မပြသနိုင်တော့ဘဲ ခရစ်စတင်းကပဲ ဆက်ပြီးတော့ သတင်းကြေငြာပါတယ်။ ဒါပေမယ့် အဲဒီမှာ သူမ ဆက်ပြောလိုက်တဲ့ စကားတွေက ပရိသတ်ကို ပိုပြီး ထူးဆန်းစရာ ဖြစ်သွားပါတယ်။ သူမပြောလိုက်တာက

"In keeping with Channel 40's policy of bringing you the latest in blood and guts, and in living color, you are going to see another first—attempted suicide."

"ချန်နယ် ၄၀ရဲ့ ထုံးစံအတိုင်း နောက်ဆုံးရတွေကို ထိတ်လန့်ဖွယ်ရာ သရုပ်မှန်စွာ တင်ဆက်ပေးမည် ဖြစ်သည့်အတွက်, ယခုဆက်လက်ပြီး နောက်ထပ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုသတ်သေဖို့ ကြံစည်ကြိုးစားမှုတစ်ခုကို မြင်တွေ့ ရပါတော့မယ်"

ထိုသို့ ပြောပြီးနောက် ခရစ်စတင်းဟာ စားပွဲအောက်က ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး သူမရဲ့ ညာဘက် 'နား' ရဲ့ အနောက်ကနေ ကိုယ့်ခေါင်းကို ပစ်ထည့်လိုက်ပါတော့တယ်...

ရုတ်တရက် ကင်မရာမန်းတွေ၊ ရိုက်ကူးရေး တာဝန်ခံတွေ၊ သူမနဲ့ စကားပြောခန်းတင်ဆက်ဖို့ ရောက်ရှိနေကြတဲ့ ဧည့်သည်တွေဟာ ဒါတကယ်ဖြစ်နေတာလား၊ တမင်ထွင်လုံးလားဆိုတာ ဝေခွဲလို့ ချက်ချင်းမရခဲ့ပါဘူး။ ခရစ်စတင်းကတော့ ခုံပေါ်မှာ မျက်နှာမှောက်လျက် သွေးအိုင်ထဲရောက်နေပါပြီး... အားလုံး သတိပြန်လည်တဲ့အချိန် ဒါတကယ်ဖြစ်နေတာပါဆိုတာ သတိရကြတဲ့အချိန်မှာ ကင်မရာမန်းက ကင်မရာကို ချက်ချင်းပိတ် ထုတ်လုပ်ရေး တာဝန်ခံတွေက အစီအစဉ်ကို ချက်ချင်းရပ်ပြီး ရုပ်ရှင်တစ်ကား အမြန်အစားထိုး ပြန်လွှင့်လိုက်ပါတယ်။ အဲဒီအချိန် အစီအစဉ်ကို ကြည့်နေတဲ့ ပရိတ်သတ်တစ်ချို့က ရုံးခန်းကို ဖုန်းခေါ်ပြီး တကယ်ဟုတ်မဟုတ် စုံးစမ်း၊ တစ်ချို့က ရဲစခန်းကို တိုက်ရိုက် ဖုန်းခေါ်ကြပါတယ်။

အဲဒီမှာ သတင်း ရိုက်ကူးရေး ဒါရိုက်တာ မိုက်ခ် (Mike Simmons) က သွေးတွေပေနေတဲ့ ခရစ်စတင်း လက်ထဲက သတင်းစာရွက်ကို ယူကြည့်လိုက်တဲ့အခါမှာ ခရစ်စတင်းကိုယ်တိုင် အောက်ပိုင်းအတိုင်း ရေးထားတာကို တွေ့လိုက်ရပါတယ်။

'TV 40 news personality Christine Chubbuck shot herself in a live broadcast this morning on a Channel 40 talk program. She was rushed to Sarasota Memorial Hospital, where she remains in critical condition.'

"တီဗွီ ၄၀ရဲ့ သတင်း ကြော်ငြာသူ 'ခရစ်စတင်း ချပ်ဘတ်ခ်' ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ချန်နယ် ၄၀ရဲ့ စကားပြောခန်း အစီအစဉ်အတွင်း သူမကိုယ်ကို သူမ ပစ်ပြီး သေကြောင်းကြံလိုက်ကြောင်း အခု သူမကို 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ဆီကို အမြန်သယ်ဆောင် သွားကြပြီး၊ သူမဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်"

ဆိုပြီး သူမနေရာကို ၀င်ယူပြီး သတင်းကြောငြာမယ့်သူအတွက် သူမတခါတည်း သတင်းတစ်ပုဒ် ကြိုတင်ရေးထားခဲ့တာတွေ့ရပါတယ်။


ခရစ်စတင်း ချပ်ဘတ်ခ် (Christine Chubbuck)

(Christine Chubbuck)

သူမဟာ ၀ါသနာပါတဲ့ တီဗွီထုတ်လွှင့်တဲ့ အလုပ်ကို ကြိုးစားလုပ်တတ်ပြီး ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ သာမန် မိန်းကလေးတစ်ယောက်ပါ။ သြဂုတ်လ ၂၄ရက်နေ့ ၁၉၄၄ခုနှစ် ဟတ်ဆန်၊ အိုဟိုင်းယိုး (Hudson, Ohio)မှာ မွေးဖွားခဲ့ပြီး အောက်စဖိုစ့်၊ အိုဟိုင်ယိုးက မီယာမီ တက္ကသိုလ်၊ ဘတ်ဗာလီ၊ မတ်ဆာချူးဆက် က အန်ဒီကော့ ကောလိပ်တွေမှာ တက်ခဲ့ပြီး နောက်ဆုံး ဘော့စတွန် တက္ကသိုလ်မှာ ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာ ဘာသာရပ်နဲ့ ၁၉၆၅မှာ ဘွဲ့ရခဲ့ပါတယ်။

 ခရစ်စတင်းတို့ မိဘတွေဟာ ကွဲနေကြပြီး ယခုဖြစ်ရပ်မတိုင်ခင်နှစ်များမှာ ဖလော်ရီဒါက သူမ အမေနဲ့ မောင်နှမများနဲ့ အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူမဟာ မိသားစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး သူမ အမေနဲ့ မောင်ငယ် ဂရက်(Greg)တို့ဟာ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမ လက်ရှိ အလုပ်လုပ်နေတဲ့ WXLT-TV 40 မှာ အလုပ်မ၀င်ခင် လေးနှစ်ခန့် တခြားနေရာတွေမှာ ရုပ်သံထုတ်လွှင့်မှုနဲ့ ပက်သက်တဲ့ အလုပ်တွေ လုပ်နေခဲ့ပါတယ်။ WXLT-TV ရဲ့ ပိုင်ရှင် ဘော့နဲလ်ဆင် ဟာ ခရစ်စတင်းကို စစချင်း သတင်းတင်ဆက်သူ တစ်ယောက် အနေနဲ့ပဲ ခန့်ခဲ့ပြီး နောက်တော့ သူမရဲ့ လုပ်ရည်ကိုင်ရည်ကြောင့် "Suncoast Digest" ဆိုတဲ့ စကားပြောဆွေးနွေးခန်းလေးကို သူမအတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီစကားပြောခန်းရဲ့ ရည်ရွယ်ချက်က ဌါနေရှိလူများအကြောင်း၊ အစည်းအရုံးများ အကြောင်း၊ အရက်၊ မူးယစ်ဆေး ကာကွယ်တာဆီးရေး အကြောင်းတွေ တင်ဆက်ဖို့ ဖြစ်ပါတယ်။ ခရစ်စတင်း ဟာ ဒီအစီအစဉ်ကို ကိုယ်တိုင်နှစ်သက်ပြီး သေချာစွာ လုပ်ကိုင်နေတတ်သူတစ်ယောက်ပါ။

ဒါပေမယ့် ဒီအရာတွေ အားလုံးထဲမှာမှ သူမ မိသားစုကလွဲပြီး လူတိုင်း သတိမထားမိတဲ့ အားနည်းချက်တစ်ခု ခရစ်စတင်းမှာ ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ လူမှုဆက်ဆံရေး၊ အချစ်ရေးနဲ့ ပက်သက်ပြီး ခရစ်စတင်း တစ်ယောက် စိတ်ဓါတ်ကျတဲ့ ရောဂါခံစားနေရတဲ့ အကြောင်းပါပဲ။ ဒီအကြောင်းကို သူမ အမေက ကောင်းစွာသိပေမယ့် သူမအလုပ်ကို ထိခိုက်မှာ စိုးလို့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပါဘူး။ ယခုဖြစ်မတိုင်မီ ရက်သတ္တပတ်ပေါင်းများစွာ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသနေခဲ့ဖူးတယ်လို့ သူမ မိခင်က နောက်ပိုင်းမှာ ပြန်ပြောပြပါတယ်။ သူမ လုပ်ကိုင်ဖော်ဖက်တွေကို သူမဟာ အသက်သုံးဆယ်ပြည့်မွေးနေ့ကို ကျော်ဖြတ်ခါနီး ဖြစ်ပေမယ့် ယောက်ျားလေးနှစ်ယောက်ထက် ပိုမတွဲဖူးဘဲ အခုချိန်ထိ အပျိုစင်ဖြစ်နေတုန်းပဲ လို့ ပြောပြတတ်ပါတယ်။ သူမရဲ့ မောင်က သူမ သူတို့ဆီ ပြောင်းမလာခင်က ယောက်ျားလေးတစ်ယောက်နဲ့ တွဲနေပေမယ့် ဘာလို့မှန်းမသိဘဲ အဆင်မပြေဖြစ်ခဲ့တယ် ဆိုပါတယ်။ သူမလုပ်ကိုင်ဖော်ဖက်တွေ သူမကို အရမ်းခင်ခင်မင်မင် ဆက်ဆံလာခဲ့ရင် သူမဟာ ဆိုးရွားစွာ ပြန်တုံ့ပြန်တတ်ပြီး၊ သူမကို ချီးမွန်းတာကိုလဲ လုံးဝမခံဘဲ အမြဲတမ်းလိုလို သူမကိုယ် သူမ အပြစ်တင်ပြောဆိုနေတတ်တယ်လို့လဲ သူမ အလုပ်ဖော်တွေက ဆိုပါတယ်။

အဲလိုကြားထဲမှာမှ သူမရဲ့ စိတ်ကျရောဂါကို ပိုပြီး အဆိုးရွားဆုံး အခြေအနေ ရောက်ရှိစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ သူမ တဖက်သတ် သဘောကျနေတဲ့ သူမ အလုပ်ဖော် ရွိင်ယန်ရဲ့ မွေးနေ့အတွက် ကိတ်မုန့်လေးဖုတ်ပြီး သူရဲ့ ဂရုစိုက်မှုကို ရဖို့ ကြိုစားခဲ့ချိန်မှာ ရွိင်ယန်ဟာ သူမရဲ့ သူငယ်ချင်း အားကစားသတင်းထုတ်လွှင့်သူ 'ကဒ်ဘီ' နဲ့ ဇတ်လမ်းဖြစ်နေပြီး ဆိုတာ တဆက်တည်း သဘောပေါက်လိုက်တဲ့ အချိန်ပါပဲ....

ခရစ်စတင်းဟာ သူမကိုယ်ကို မကြံစည်မီ သုံးပတ်အလိုခန့်က သူမရုံးက သတင်းများဆိုင်ရာ ဒါရိုက်တာကို ကိုယ့်ကိုယ်ကို သတ်သေမှုနဲ့ ပက်သက်ပြီး သတင်း အပိုင်းအစလေးတစ်ခု ပြုလုပ်ချင်ကြောင်း အဆိုပြုခဲ့ရာမှာ ဒါရိုက်တာက ဒါကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒါနဲ့ သူမဟာ ပထမဆုံး ဌါနေ ရဲစခန်းကို သွားပြီး ရဲအရာရှိတွေကို ကိုယ့်ကိုယ်ကို သတ်သေတဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေကို သတင်းပြုလုပ်ဖို့အတွက် ပြောပြီး မေးမြန်းခဲ့ပါတယ်။ အဲဒီမှာ ရဲ အရာရှိတစ်ယောက် ၃၅မမ ခြောက်လုံးပြူးနဲ့ သေနတ်ပစ်ပြိုင်ပွဲနဲ့ သေနတ်ပစ်သင်တန်းတွေမှာ သုံးတဲ့ ထိပ်ပြားကျည်ဆံကို သုံးပြီး နားထင်ကို မဟုတ်ပဲ နားရဲ့အနောက်ဖက် အခြမ်းကို ပစ်တာဟာ အကောင်းဆုံး နည်းလမ်းလို့ ပြောပြခဲ့ပါတယ်။ (ကျေးဇူးပြု၍ ကိုယ်တိုင် မစမ်းသပ်ပါနှင့်) အဲဒီနောက် သူမဟာ အဲဒီ သေနတ်ကို ၀ယ်ခဲ့ပြီး သူမ အလုပ်ဖော် သတင်း အယ်ဒီတာ စမစ်ကို သေနတ် ၀ယ်တဲ့အကြောင်း ပြောပြရင်း တိုက်ရိုက်ရုပ်သံလွှင့်နေချိန်မှာ ကိုယ့်ကိုယ်ကို ပစ်မယ်လို့ စနောက်ခဲ့ပါသေးတယ်။ ဒါဟာ နောက်လို့ကောင်းတဲ့ အရာမဟုတ်ဘူး သူမကိုပြန်ပြောခဲ့ကြောင်း .. နောက်ပိုင်းမှာ စမစ်က ပြန်ပြောပြခဲ့ပါတယ်။

ကြံစည်မှု ပြီးပြီးချင်း ခရစ်စတင်းကို သူမရဲ့ ကြိုတင်ရေးထားတဲ့ သတင်းစာရွက်ထဲကအတိုင်း 'ဆာရာဆိုတာ အောက်မေ့ဖွယ်ရာ ဆေးရုံ' ကို ပို့ဆောင်ခဲ့ပြီး နောက် ၁၄နာရီအကြာမှာ သူမချစ်တဲ့ မိသားစုနဲ့ ရုပ်သံလွှင့်တဲ့ အလုပ်တွေကို ခရစ်စတင်းတစ်ယောက် အပြီးအပိုင် စွန့်ခွာသွားခဲ့ပါတယ်။ သူမ ဆုံးပြီးတဲ့နောက် ရုပ်သံလွှင့်ရုံက ၀န်ထမ်းများဟာ သူမရေးထားတဲ့ သတင်းအတိုင်းပဲ တခြားသော ရုပ်သံလိုင်းတွေကို သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

သူမရဲ့ ကြံစည်မှုကို မှတ်တမ်းတင်လိုက်မိတဲ့ တိတ်ခွေကို မထုတ်လွှင့်၊ မဖြန့်ဖို့ သူမ မိသားစုက တရားရုံးကနေတဆင့် တရားဝင် တားမြစ်မိန့်ထုတ်ခဲ့ပြီး ရဲက တိတ်ခွေကို သိမ်းဆည်းခဲ့ပါတယ်။ အခုချိန်မှာတော့ တိတ်ခွေဟာ ရဲတွေလက်ထဲမှာပဲ ရှိနေသေးလား၊ သူမ မိသားစုဆီကိုပဲ ပြန်အပ်လိုက်သလားဆိုတာ ဘယ်သူမှ အတိအကျ မသိရပါဘူး....

သူမအကြောင်းဟာ လုံးဝတိမ်မြုပ်နေခဲ့ပြီး .. သူမ မိသားစုကလည်း ဒီအကြောင်းတွေကို မီဒီယာတွေကို လုံးဝပြန်အစဖော်မခံခဲ့ဘဲ... ၂၀၀၇ခုနှစ်ကျမှ သူမရဲ့ မောင် 'ဂရက်' က E! Entertainment ရဲ့ လောကဓံကို ခံခဲ့ကြရတဲ့ နာမည်ကြီးသူတွေ အကြောင်း ပြသတဲ့ မှတ်တမ်းရုပ်ရှင် Boulevard of Broken Dreams TV series မှာ သူမ အကြောင်းကို ပြန်အစဖော် ပြောပြခဲ့ကြောင်း...

ကမ္ဘာပေါ်မှာ ပထမဆုံး အထူးခြားဆုံး အဖြစ် မှတ်တမ်းတင်ခံရတဲ့ တိုက်ရိုက် ရုပ်သံလွှင့်ရင်း မိမိကိုယ်ကိုယ် သတ်သေမှု ကြံစည်ခဲ့သူ Christine Chubbuck အကြောင်းကို တင်ပြလိုက်ရပါတယ် ခင်ဗျာ...

Ref:
http://en.wikipedia.org/wiki/Christine_Chubbuck
http://news.google.com/newspapers?id=mT0gAAAAIBAJ&sjid=5mYEAAAAIBAJ&dq=christine%20chubbuck&pg=3508%2C10156

12 comments:

  1. အင်း.... လူ့ဘ၀ရဲ့ အနှစ်သာရကို ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့များ ဖြုန်းတီးပစ်သတဲ့ဗျာ.... နှမျောစရာ။ စိတ်ကျရောဂါရှိရင်လည်း စောစောစီးစီး ကုသသင့်ပါတယ်.... ထူးခြားတဲ့ သတင်းလေး ဖတ်လိုက်ရလို့ ကျေးဇူးပါ ကိုမောင်သန့်ရေ

    ReplyDelete
  2. ကိုမောင်သန့်ရေ...မျက်ဆိလည်လမ်းမှားပြီးသကာလ ပထမဆုံးအကြိမ်ရောက်
    လာပါတယ်...၊ဖတ်ကောင်းကောင်းနဲ့ အဟောင်းလေးတွေပါ ရှာဖတ်သွားပါ
    တယ်...ဂျူနိုလေးအကြောင်းပဟေဠိအပါအဝင် ခွေးအကြောင်း ကြောင်အကြောင်း...၊အစုံပါပဲဗျ...၊သိပ်ကောင်းတယ်...၊လင့်ချိတ်ထားလိုက်ပြီဗျိုးးးးးးးးးးးးးးးး၊
    နောင်လည်း အားပေးမယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  3. Come and read daily .Thanks for sharing.Go on.
    Gyidaw

    ReplyDelete
  4. အော်.. လူ့ဘဝကို အရှုံးပေးထွက်ခွာသွားချင်လောက်အောင် ဘယ်လိုစိတ်ဓာတ်ကျမှုမျိုး အဆင်မပြေမှုမျိုးတွေများ ရှိနေခဲ့ပါလိမ့်။ တကယ်တမ်းတော့ လူတစ်ယောက်ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာ တကယ်ကို မလွယ်ပါဘူး။ ဒါပေမဲ့ သိပ်ပြင်းထန်တဲ့ သေချင်စိတ် ရှိလို့သာလျှင် ခုလိုဖြစ်ရတာ။ ဘာဘဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်မိပါတယ်။

    ReplyDelete
  5. ရှောင်လွှဲလို့မရတဲ့ အတိတ်ဘဝရဲ့ ဝဋ်ကြွေးပဲလား။
    သေသင့်တဲ့အကြောင်းအရာ မဟုတ်ပါပဲ သေသွားရတဲ့လူသားတွေထဲမှာ တစ်ဦးအပါအဝင်ပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဒီတိုင်းသာ ဘ၀ကိုအရှုံးပေးကြစတမ်းဆိုရင်တော့ လောကကြီးမှာ လူတွေကျန်တော့မယ်မထင် တစ်ခါတလေ မသနာတတ်ဘူးပဲပြောပြော အဲ့လိုတွေကို ခံစားပေးလို့မရဘူးဗျ ။

    ReplyDelete
  7. ကိုညိန်းနိုင်ရေ အခုလို စိတ်ဝင်တစား စာတွေဖတ်သွားတာ ကျေးဇူးအများကြီးတင်ပါတယ်

    ဂျီးတော်လည်း အမြဲလာအားပေးတာ ကျေးဇူးပါ

    ကိုအားထိုင်၊ မချော၊ အန်တီတင့်၊ ကိုမောင်မျိုးတို့ကိုလည်း ကျေးဇူးပါ။ ကျနော်ကတော့ ကြံကြံဖန်ဖန် အဲလိုကြံစဉ်တာကို တော်တော်သွေးအေးတဲ့သူလို့ပဲ ထင်တယ်ဗျာ... တကယ်လို့ သတင်းကြေငြာနေတာ မဟုတ်ပဲ စကားပြောခန်း ဆွေးနွေးခန်းမှာ ဆိုရင် သူနဲ့ အတူ ပြောနေတဲ့ သူတွေကတော့ အိပ်မက်ဆိုးဖြစ်ပြီး ကျန်ခဲ့မှာပဲ... ဗျာ..

    ReplyDelete
  8. တိုတောင်းတဲ့ဘ၀ခရှးလမ်းကနေ စောစောစီးစီးထွက်ခွာသွားတာ နှမျောစရာ။ သူတို့ဆီမှာက ဖြစ်လိုက်ရင် အလွန်အကျွံတွေချည်းပါဘဲ။ ဆင်ခြင်သတိလေးနဲ့ နေသင့်တယ်။ လူ့ဘ၀ဆိုတာ ရခဲလှပါဘိတောင်း။

    ReplyDelete
  9. သူတို့တွေဘ၀ကို ဘယ်လိုတွေးလဲ စိတ်ဝင်စားမိတယ် အမရေ..

    ReplyDelete
  10. အင်း အနောက်နိုင်ငံတွေမှာကတော့ လူတွေဟာ စိတ်ကျရောဂါခံစားလာရ
    ယင်တော့ နောက်ဆုံးအဲဒီလို ထွက်ပေါက်ရှာကြတာပါပဲ။
    ဗဟုသုတအတွက်ကျေးဇူးပါ ကိုမောင်သန့်ရေ..

    ReplyDelete
  11. မျက်လုံးပေါင်း များစွာရဲ့ရှေ့မှာ ကိုယ့်ခေါင်းကို ကိုယ်သေနတ်နဲ့ တေ့ပစ်တဲ့ အပြုအမူကတော့ အင်မတန် သွေးအေးတာပဲဗျ၊ ၁၉၇၄ ခုနှစ်ဆိုတော့ စိတ်ကျရောဂါကို ပေါ့ပျက်ပျက် မလုပ်သင့်ကြောင်း လူတွေက အခုခေတ်လောက် မသိသေးဘူး လို့များ ပြောရမလားပဲ၊ စိတ်ဝင်စားဖို့ ကောင်းသလို စိတ်မကောင်းလည်း ဖြစ်စေတဲ့ သတင်းလေး ပါပဲဗျာ..။

    ReplyDelete
  12. ဒါကြောင့်မို့ ကိုယ့်အကြီးမားဆုံးရန်သူက ကိုယ့်စိတ်ပဲလို့ပြောတာ... လူတွေက ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မိသားစုမှာတော့ မဖြစ်လောက်ပါဘူးဆိုပြီး အေးအေးနေကြတာ... စိတ်ကျရောဂါဖြစ်နေတဲ့သူတွေက မသိသာဘူး... ဒါပေမဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ဂရုစိုက်မှုလိုတယ်... တစ်ယောက်ယောက် မူမမှန်ဘူးဆိုရင် ဂရုစိုက်ပေးရတယ်...
    ကိုယ့်ကိုကိုယ်သတ်သေသမျှထဲမှာ relationship ကိစ္စကြောင့်ဆိုတာကတော့ အဆိုးဆုံးပဲ... မဖြစ်သင့်ဘူး... အဓိပ္ပါယ်လဲမရှိဘူး... ဘာပဲပြောပြော ဝေငှတဲ့အတွက် ကိုမောင်သန့်ကို ကျေးဇူးပါ...

    ReplyDelete