Saturday, October 29, 2011

စတိဂျော့ပ် (Steve Jobs) ရဲ့ အထုပ္ပတ္တိနှင့် သူ၏ လေးစားဖွယ် စိတ်ဓါတ်လေး တစ်ခု

လွန်ခဲ့တဲ့ အောက်တိုဘာ ၅ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ သူတစ်ယောက်လို့ တင်စားခံခဲ့ရတဲ့ စတိဂျော့ပ်ကို လူတော်တော်များကပဲ ခုချိန်ထိ သူ့အကြောင်း ပြောမဆုံး ရှိနေဦးမှာပါ။ အခုလိုချိန်မှာပဲ သူကိုယ်တိုင် တရားဝင် ခွင့်ပြုထားတဲ့ သူရဲ့အထုပ္ပတ္တိစာအုပ်ဟာ အောက်တိုဘာလ ၂၄ရက်နေ့က ထွက်ရှိလာပါတယ်။ အစတုန်းက ဒီစာအုပ်ကို ၂၀၁၂မှာမှ ဖြန့်ချိဖို့ ရည်ရွယ်ထားခဲ့ကြပေမယ့် အခုလို မမျှော်လင့်ဘဲ စတိဂျော့ပ် ဆုံးသွားတာကြောင့် စာအုပ်ကို ရှေ့တိုးပြီး ဖြန့်ချီလိုက်တာပါ။ စာအုပ်ရဲ့ အမည်က "Steve Jobs" ပဲ ဖြစ်ပြီး ရေသားသူကတော့ 'အဲဗတ် အိုင်စတိုင်း' (Albert Einstein) အကြောင်းကို ရေးသားဖူးခဲ့သူ 'ဝေါလ်တာ အိုက်စပ်ဆန်' (Walter Isaacson) ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မဖြန့်ချီခင် ရက်အနည်းငယ်အလိုမှာ သတင်းဌါန တော်တော်များများက ဒီစာအုပ်ကို ရရှိလိုက်ကြပြီး စာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေကို ကောက်နှုတ်ပြီး သတင်းတွေထဲမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီထဲမှာ စတိဂျော့ရဲ့ လက်ရှိ ဆီလီကွန်တောင်ကြားက အကြောင်းတွေ၊ အဲဒီက လူတွေနဲ့ ပက်သက်ပြီး သူရဲ့အမြင်တော်တော်များများကို ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထားတာတွေ ပါရှိပါတယ်။ ဥပမာ ဘီလ်ဂိတ်ကို စိတ်ကူးစိတ်သန်း နည်းပါးသူ၊ ဘာမှ တကယ် မတီထွင်ခဲ့တဲ့သူ... သူများရဲ့ စိတ်ကူးကို အရှက်မဲ့စွာ ကူးချတဲ့သူလို့ ဝေဖန်ထားတာ ပါ ပါတယ်။

အဲဒါတွေထဲမှာမှ မသေခင် သူမြင်သွားချင်၊ လုပ်သွားချင်တဲ့ ထူးခြားတဲ့ သူ့ရဲ့အပြင်းထန်ဆုံး ဆန္ဒတစ်ခုကတော့ ဂူးဂဲလ်ရဲ့ မိုဘိုင်းဖုန်း OS Android ကို ဖျက်ဆီးပစ်ချင်တဲ့ ဆန္ဒပါပဲ... ဂူးဂဲလ်ရဲ့ အန့်ဒရိုက်ဟာလည်း ကော်ပီတစ်ခုပဲလို့ သူကစွပ်စွဲထားပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး သူစိတ်အဆိုးဆုံး လူတစ်ယောက်ကတော့ အရင်က ဂူးဂဲလ်ရဲ့ စီအီးအို၊ အခုလက်ရှိ ဂူးဂဲလ်မှာ ဥက္ကဌနေရာ ယူထားတဲ့ 'အဲရစ် စမစ်တ်' (Eric Schmidt) ပါပဲ... စမစ်တ်ဟာ ၂၀၀၉ခုနှစ်ထိ အက်ပဲလ် (Apple) ကုမ္ပဏီ ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ လူတစ်ယောက်ပါ။ ဘယ်လောက်ထိ သူစိတ်ဆန္ဒပြင်းထန်သလဲဆို အက်ပဲလ် ကုမ္ပဏီရဲ့ ရှိတဲ့ ဘီလီယံ ၄၀ပိုက်ဆံကိုသုံးပြီးတော့ကိုပဲ အန့်ဒရိုက်ကို ပျက်ဆီးအောင်လုပ်မယ်လို့ ပြောထားပါတယ်။

ဂူးဂဲလ်နဲ့ အက်ပဲလ်ဟာ ဒီပြဿနာမဖြစ်ခင်က တော်တော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ အိုင်ဖုန်းပေါ်က ဂူးဂဲလ်ရဲ့ မြေပုံနဲ့ ယူကျု စတာတွေကို အိုင်ဖုန်းသုံးထားပါတယ်။ ပြဿနာစတာကတော့ အိုင်ဖုန်းပေါ်လာပြီး နောင် ၁၀လအကြာ နိုဝင်ဘာ ၂၀၀၇မှာ ဂူးဂဲလ်က အန့်ဒရိုက်ကို ထုတ်မယ့်အကြောင်း စတင်ကြေငြာလိုက်တဲ့အချိန်ပါပဲ... အဲဒီတုန်းက စတိဂျော့ပ်ဟာ ဂူးဂဲလ်ရဲ့ ရုံးခန်းထိ သွားပြီး ကန့်ကွက်ခဲ့ဖူးတယ်လို့ တစ်ချို့ကဆိုပါတယ်။ စတိဂျော့ပ်ဟာ အက်ပဲလ်ဘုတ်အဖွဲ့ထဲမှာ ပါနေတဲ့ 'စမစ်တ်' ကို (အဲဒီတုန်းက ဂူးဂဲရဲ့ စီအီးအိုလည်းဖြစ်) သစ္စာဖောက်တဲ့သူလို့လဲ စွပ်စွဲခဲ့ပါတယ်။ အန့်ဒရိုက်ဟာ အက်ပဲလ်ရဲ့ အိုင်အိုအက်စ် (iOS) ကို ခိုးကူးထားတဲ့ဟာတစ်ခုပဲလို့ စတိဂျော့ပ်က ပြောပါတယ်။ .

အဲဒီနောက်ပိုင်းက စပြီး အက်ပဲလ်ဟာ အန့်ဒရိုက်သုံးထားတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကို တစ်ခုပြီးတစ်ခု စတရားစွဲတော့တာပါပဲ.. ပထမဆုံး ဓားစာခံဖြစ်တဲ့ကုမ္ပဏီကတော့ မော်တော်ရိုလာ (Motorola) ဖြစ်ပြီး၊ နောက် အခုလက်ရှိ အက်ပဲလ်နဲ့ အကြီးအကျယ် တရားရင်ဆိုင်နေတဲ့ ကုမ္ပဏီကတော့ ဆမ်ဆောင်း (Samsung) ပါပဲ။ စတိဂျော့ပ်ရဲ့ အပြင်းထန်ဆုံး ဆန္ဒထဲက စတင်အောင်မြင်မှုတစ်ခုကတော့ ဆမ်ဆောင်းရဲ့ ဂလက်ဆီ တပ် (Galaxy Tab 10.1 Tablet) ကို သြစတေးလျနဲ့ ဂျာမနီမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တရားစွဲဆိုမှုမှာ အနိုင်ရလိုက်တာပါပဲ... ဆမ်ဆောင်းကလည်း အိုင်ပတ်ကို တစ်ချို့နိုင်ငံတွေမှာ ရောင်းခွင့်ပိတ်ပင်ဖို့ တန်ပြန် တရားပြန်စွဲထားတာ ရှိပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဆုံးသတ် အနိုင်အရှုံးတွေကို စတိဂျော့ပ်တစ်ယောက် မြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

အခုလို စိတ်ကြီးတတ်တဲ့ မဟုတ်မခံတတ်တဲ့ စတိဂျော့ပ်ဟာ တခြားဘက်မှာ အင်မတန်လေးစားစရာ စိတ်ဓါတ်လေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေထဲက ကျွန်တော်နှစ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကတော့ ... ဒီနှစ်ထဲမှာ ဂူးဂဲလ် ထိပ်ပိုင်းရထူးတွေ အပြောင်းအလဲဖြစ် အပြီး စီအီးအိုနေရာကို ရောက်လာတဲ့ ဂူးဂဲလ်ကို ပူးတွဲ တည်ထောင်သူ လယ်ရီပေ့ (Larry Page) က စီအီးအိုရာထူးယူအပြီးမှာ စီအီးအိုတစ်ယောက်အနေနဲ့ ကုမ္ပဏီကို အုပ်ချူပ်မှုဆိုင်ရာ အကြံညဏ်တွေတောင်းခံဖို့ စတိဂျော့ပ်ကိုတွေ့ခွင့် တောင်းခဲ့ပါတယ်။ ဒီလိုတောင်းဆိုတာကို သိသိချင်း စတိဂျော့ပ်ဟာ လယ်ရီကို ဂူးဂဲလ်ကို မကြေတဲ့စိတ်နဲ့ ချက်ချင်းပဲ  ငြင်းဆန်ဖို့ အရင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ သူစပြီးတော့ ကုမ္ပဏီထောင်ခါစတုန်းက ဆီလီကွန်တောင်ကြားက အကြီးပိုင်းတွေဖြစ်တဲ့ HP ကုမ္ပဏီ ပူးတွဲတည်ထောင်သူ '၀ီလီလျံ ဟီးလ်လက်' (William Hewlett) ဆီက အကြံညဏ်တွေ ရယူခဲ့တာကို ပြန်တွေးမိပြီး သူကိုယ်တိုင်လည်း လက်ရှိ အကြီးတစ်ယောက်အနေနဲ့ ဒီလိုမလုပ်သင့်ဘူးတွေးပြီး လယ်ရီကို လက်ခံတွေဆုံမယ်ဆိုပြီး သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။ ဒါနဲ့ လယ်ရီဟာ စတိဂျော့ပ်ကို သူရဲ့ ဧည့်ခန်းမှာ သွားရောက်တွေ့ခွင့်ရခဲ့ပြီး စတိဂျော့ပ်ဆီက အကြံညဏ်တွေ သင်ယူခွင့် ရခဲ့ပါတယ်။

စတိဂျော့ပ်က ပေးခဲ့တဲ့ အကြံညဏ်တွေထဲမှာ ဂူးဂဲလ်ရဲ့ ၀န်ဆောင်မှုတွေ ထုတ်ကုန်တွေ တော်တော်များနေတာကို လျှော့ချဖို့နဲ့ တကယ်လုပ်နိုင်တဲ့ ၀န်ဆောင်မှုအနည်းငယ်နဲ့ ထုတ်ကုန်အနည်းငယ်ကိုသာ လုပ်ဖို့ ပြီးတော့ ဒါတွေတစ်ခုချင်းဆီမှာ တသတ်မတ်ထဲ တကယ်အလုပ်လုပ်မယ့် လက်ရွေးစင်အသင်းလေးတွေ ထားရှိဖို့ကို သူ အက်ပဲလ်ကို ပြန်စရောက်ခါစ အက်ပဲလ်ရဲ့ ထုတ်ကုန်ရာကျော်ကို ဆယ်ဂဏန်းထိ လျှော့ချလိုက်ပြီး အောင်မြင်အောင် ပြန်လုပ်ဆောင်နိုင်တာကို ဥပမာပြ ပြောပြပေးခဲ့ပါတယ်။ ဒီလိုမှ မလုပ်ရင် မိုက်ခရိုဆော့တ် (Microsoft) လို ဖြစ်သွားမယ်လို့လဲ ပြောပြခဲ့ပါသေးတယ်။ စတိဂျော့ပ်ရဲ့ အကြံညဏ်တွေဟာ ချက်ချင်းပဲ လယ်ရီကို လွှမ်းမိုးနိုင်ခဲ့လို့ လယ်ရီ စီအီးအိုဖြစ်ပြီး မကြာမီမှာပဲ ဂူးဂဲလ်ဟာ သူ့ရဲ့ Google Wave, Google Health စတဲ့ မှေးမှိန်နေတဲ့ ၀န်ဆောင်မှု အချို့တော်တော်များကို ပိတ်ပစ်ခဲ့တာ တွေ့ရပါတယ်။ အခုလိုမျိုးပဲ စတိဂျော့ပ်ဟာ ဖေ့ဘွတ် (Facebook) တည်ထောင်သူနဲ့ စီအီးအို 'မက်ခ် ဇက်ကာဘတ်' (Mark Zackerberg) ကိုလည်း အကြံညဏ်တွေ ပေးခဲ့ဖူးပါတယ်။

အခုလို ကိုယ်ရဲ့အငယ်တွေက အကူအညီ အကြံညဏ် အကူအညီတွေ တောင်းချိန်တွေ ရန်သူရယ် မိတ်ဆွေရယ် ပြိုင်ဘက် ကုမ္ပဏီရယ် သဘောမထားဘဲ စေတနာအပြည့် စိတ်သဘောထားအပြည့်နဲ့ ကူညီတတ်တဲ့ စတိဂျော့ပ်ရဲ့ စိတ်ထားကို လေးစားရင်း ဒီပိုစ့်လေးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။

Ref:

3 comments:

  1. လေးစားဖွယ် ရာစုနှစ်တစ်ခုမှာ ထွန်းပေါက်ခဲ့တဲ့ ကြယ်ပွင့်တစ်ခုရဲ့ ဘ၀အစိတ်အပိုင်း တစ်စွန်းတစ်စကို သိခွင့်ရတဲ့ အတွက် ကျေးဇူးပါ ကိုမောင်သန့် ခင်ဗျား

    ReplyDelete
  2. မသိသေးတဲ့ သူ့အကြောင်းတွေ သေချာဖော်ပြပေးတာ ကျေးဇူးတင်စွာနဲ့ ဖတ်သွားပါတယ်။။ စတိဂျော့ပ် ဟာလည်း လူသားပီပီ လောဘ၊ ဒေါသ ရှိသူဖြစ်ပေမဲ့.. လူကြီးလူကောင်းဆန်တယ်လို့ ပြောရမယ်ထင်ပါရဲ့.. ကိုယ့်ပြိုင်ဘက်ကုမ္ပဏီကလူကို သဘောရိုးနဲ့ အကြံကောင်းပေးနိုင်တဲ့ စိတ်က လေးစားစရာကောင်းပါတယ်..

    ReplyDelete
  3. စတိဗ်ဂျော့ရဲ့ စံနမူနာထားလောက်တဲ့ စိတ်ဓာတ်ကို သိခွင့်ရတဲ့အတွက် ကျေးဇူးပါ။ သူလို စွန့်ဦးတီထွင်လူစားမျိုး နောက်တစ်ယောက်ပေါ်ထွက်လာဖို့ရာ မလွယ်ပါဘူး...။

    ReplyDelete