Thursday, November 17, 2011

ကယ်ပါဦး ဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်

ကျွန်တော့်ရဲ့ လက်ရှိ အသက်မွေးကြောင်း အလုပ်ကို စလုပ်ချိန်တုန်းက အလုပ်သင် အဖြစ်နဲ့ပေါ့လေ၊ ကျနော့်ကို ဒီပညာတွေ သင်ပေးခဲ့တဲ့ ဆရာဆီမှာ ပြန်အလုပ်လုပ်တာ... ကျတော်တို့ အလုပ်ကတော့ ဆရာ့ သင်တန်းမှာ ၀ိုင်းကူ ပြီးတော့ သင်တန်းနဲ့ တွဲဖွင့်ထားတဲ့ ကွန်ပြူတာ ဆားဗစ်လေးမှာ စီနီယာတွေကို စကူလေးကျပ် ဖုန်လေးသုတ် ၀ိုင်းကူရင် စလုပ်ခဲ့ကြတာပေါ့။

အဲဒီမှာ ကျွန်တော်တို့ဆားဗစ်ပက်သက်ပြီး လုပ်တဲ့အခါမှာ End User လို့ ခေါ်ကြတဲ့ ကွန်ပြူတာကို သာမန်အသုံးပြုတတ်ရုံ အသုံးပြုတတ်သူတွေ အများဆုံး ဆက်ဆံရတာပေါ့ (End User ကို ဒီလိုပဲ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ်)။ သူတို့တွေ ကွန်ပြူတာလာပြင်ရင် တခါတလေ ဘာမှမဖြစ်တာ မဟုတ်တာလေးကိုဘဲ ကြီးကြီးကျယ်ကျယ်ထင်ပြီး လာပြင်ကြ၊ ပြီးတော့ အဲလိုပေါ့ ကွန်ပြူတာမှာ ဟိုအရုပ်လေး တင်ပေးပါ... ဒီအရုပ်လေးထည့်ပေးပါ။ သူများစက်မှာတော့ အဲဒါပါလို့ သူ့မှာ မပါလို့ စသည်ဖြင့်ပေါ့ အဲလို ရီစရာလေးတွေ တောင်းဆိုတတ်တာလည်း ကြုံရတယ်။

အဲဒါတွေထဲကမှ မှတ်မှတ်ရရ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်။ တခါ အစိုးရရုံးက အရာရှိ အန်တီတစ်ယောက် သူ့ကွန်ပြူတာ လာပြင်ပါတယ်။ သူ့က စာစီစာရိုက်အတွက်ပဲ ကွန်ပြူတာကို တပတ်ရစ်ကလေး ၀ယ်ထားတာ။ အဲဒီတုန်းက အတိအကျ ဘာဖြစ်လို့ လာပြင်တယ်တော့ မမှတ်မိဘူး... ကျွန်တော်တို့မှာ ထုံးစံက ကွန်ပြူတာက ဘာဖြစ်ပြီးတော့ပဲ လာပြင်ပြင်၊ ဖြစ်တဲ့ဟာအပြင် ကွန်ပြူတာမှာ လိုအပ်သမျှ အကုန်ပြင်ပေးလိုက်တယ်။ ဟာဒ်ဝဲရော၊ ဆော့ဝဲလ်ရော.. အဆုံးစွန်ဆုံးဆို ကွန်ပြူတာထဲက ဖုန်တွေသုတ်၊ ဖုန်တွေစုပ်၊ ပစ္စည်းလေးတွေ နေရာမကျနေတာ ကျအောင်ပြင်ပေး၊ ၀ိုင်ယာတွေလွတ်နေတာ၊ ရှုပ်နေတာ၊ ပြန်တပ် စနစ်တကျ ပြန်စီးပေး၊ နောက်ဆုံး Cleaner အရည်တွေနဲ့ သုတ်ပြီး တောက်ပြောင်သွားအောင် ပေါ့လစ်ပါ တိုက်ပေးလိုက်တယ်ဗျ။ ဆော့ဝဲလ်ပိုင်းမှာဆို ဗိုင်းရပ်စ်တွေရှင်း၊ ပိုနေတဲ့ ဟာတွေရှင်းပေး စက်ကို ပေါ့သွားအောာင် လုပ်ပေးလိုက်တယ်။ အဲဒီတော့ စက်လာပြင်တဲ့ သာမာန်သုံးတဲ့ သူတွေ စက်လာယူတဲ့အခါ စက်အသစ်ရသလို ခံစားရပြီး စိတ်ချမ်းသာသွားကြတာပေါ့၊ ကျွန်တော်တို့ အနေနဲ့ကလည်း ဒီလိုလုပ်ပေးလိုက်မှ စိတ်ချမ်းသာသလို ခံစားရတယ်။ ကွန်ပြူတာပြင်တဲ့လူတွေဆိုတော့ ကွန်ပြူစုတ်နေတာတွေ့ရင် မနေတတ်တာလည်း ပါတာပါ့။ ဒါတွေက ကျွန်တော့်ရဲ့ ကျေးဇူးရှိတဲ့ စီနီယာတစ်ယောက်ကြောင့် ဒီလို ကောင်းတဲ့အကျင့်လေး ရသွားတာ။ ဒါပေမယ့် ဒီအကျင့်က ကောင်းတိုင်းလည်း နေရာတိုင်းအတွက်တော့ မကောင်းဘူးဆိုတာလည်း ဒီဇတ်လမ်း သင်ခန်းစာ ပေးတာပဲ။

စကားကရှည်နေတာနဲ့ လိုရင်းမရောက်ဘူး။ ဒါနဲ့ အဲလိုပေါ့ အဲဒီအန်တီ့စက်ကိုလည်း အဲအတိုင်းပဲ လုပ်ပေးလိုက်တယ်၊ စက်ကိုပြင်ပြီးတော့ သူ့ကိုဖုန်းဆက် စက်ကိုယ်တိုင်လာယူခိုင်း ပြီးတော့ သူ့ကိုစိတ်ကျေနပ်အောင်ထိ စမ်းပြတာပေါ့၊ နောက်ဆုံး အိုကေဆိုပြီး စက်ကိုပြန်ယူသွားတယ်။ အဲနောက်နေ့လည်း ကျရော ဇတ်လမ်းက အဲမှာစတယ်။ အဲဒီအန်တီ ရေကြီးသုတ်ပျာနဲ့  ဖုန်းဆက်လာပါတယ်။ အချိန်က မနက်အစောကြီး အိပ်ရာတောင် မထသေးဘူး၊ (ကျနော်တို့က အဲမှာပဲ အိပ်တာ)  အိပ်ချင်မူးတူးထပြီး ဖုန်းလာကိုင်တော့ အဲဒီအန်တီ စပြောလိုက်တာက

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဟိုက်... ဟမ်.. ရုတ်တရက် လန့်သွားတယ်... လူကလည်း အိပ်ချင်စိတ်တောင် ပျောက်သွားတယ်။ ရုတ်တရက် မီးလောင်နေတယ်လို့ ပြောတာလားတောင် ထင်သွားတယ်။ ကွန်ပြူတာ မီးလောင်တာ မီးသတ်ကို မခေါ်ဘဲ ငါတို့ကို ခေါ်တာလားပေါ့လေ....

ပြီးမှ သတိပြန်ဝင်ပြီ ဘယ်မီးတုန်း ပြန်မေးမှ

'ကွန်ပြူတာအလယ်နားမှာ ဆရာ မီးစိမ်းတလုံးက တခါတည်းလင်းနေပြီး၊ မီးနီးတလုံးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ် ဆရာ၊ ကွန်ပြူတာ တခုခု ဖြစ်တော့မလား မသိဘူး'

ဆိုပြီး ထိတ်ကာလန့်ကာနဲ့ ပြောလာပါတယ်။ အဲဒီအချိန် ကျွန်တော်လည်း ချက်ချင်းသဘောပေါက်လိုက်ပါတယ်။ အဲဒီမှာ သူပြောတဲ့ မီစိမ်းက ကွန်ပြူတာ ပါဝါမီးဖြစ်ပြီး၊ မီးနီးက စက်အလုပ်ရှုပ်ရင် ရှုပ်သလို (တကယ်တမ်း ဟဒ်ဒစ်) မှိတ်တုတ်မှိတ်တုတ် ပြတဲ့ မီးပါ။ သူ့စက်မှာ အရင်က အဲဒီမီးတွေရဲ့ ကြိုးတွေ ပြုတ်နေပါတယ်။ အဲဒါ ကျွန်တော်တို့က ပြန်တပ်ပေးလိုက်တာပါ။ အဲဒီမှာ စက်စ၀ယ်ကတည်းက မမြင်ဖူးထားဘဲ စက်ပြင်ပြီးတော့မှ အဲလိုဖြစ်တော့ သူ့စိတ်ထဲမှာ ပြင်တာမသေချာလို့ စက်က တစ်ခုခုဖြစ်တော့မှာမို့ မီအချက်ပြတာ ထင်မိသွားပုံရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သေသေချာချာ ပြန်ရှင်းပြလိုက်ရပါတယ်။ အဲဒီတော့မှ သြော်အဲလိုလား ဆိုပြီး မယုံရဲ ယုံရဲနဲ့ ဖုန်းချသွားတယ်။

ဖုန်းချပြီးပြီးချင်း ကျနော်လည်း ပြုံးဖြီးဖြီးနဲ့ ပါးစပ်မပိတ်နိုင်တော့ဘဲ ကျန်တဲ့လူတွေကို နှိုးပြီးတော့

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဇတ်လမ်းကို ပြောပြလိုက်တာမှာ သူတို့လည်း မရယ်ဘဲ ၀ါးလုံးကွဲလေတော့တယ်။ နောက်ပိုင်း ကျတော်တို့တွေ အဲဒီမီးကြိုးကို တပ်ဖို့ကြုံတိုင်း အချင်းချင်း

'ကယ်ပါဦးဆရာ ကျမ ကွန်ပြူတာ မီးလင်းနေတယ်'

ဆိုပြီး အမြဲတမ်း ပြောဖြစ်နေပါတော့တယ်။

14 comments:

  1. ဖြစ်မှ ထွက်ရလေ သွားတိုက်ဆေး အဲလေ ကိုမောင်သန့်ရယ်.... ရယ်ရသဗျို့... :)

    ReplyDelete
  2. ကိုနိုင်တို့ရော... ဆရာဆီမှာပဲလား...

    ဒါနဲ့ ဆရာ့သင်တန်းက ဘယ်နေရာမှ ပြောင်းဖွင့်ထားသေးလဲ။ အဆက်ပြတ်နေတာ ကြာလှပြီဆိုတော့ မသိတော့ဘူး ဖြစ်နေတယ်။

    ReplyDelete
  3. ကိုနိုင်ကတော့ ဆရာ့ဆီမှာပဲ.. ဒါပေမယ့် မိန်းမရသွားလို့ ဆရာ့ဆီမှာတော့ မနေတော့ဘူး။ ဆရာ့သင်တန်းက အခုရေကျော်မှာပါ ကိုဂျူလိုင်။ :)

    ကိုအားထိုင်ရဲ့ ဖြစ်မှ ထွက်တဲ့ သွားတိုက်ဆေးက ဘာကြီးတုန်း :P

    ReplyDelete
  4. ကျွှန်မ ကွန်ပျူတာနဲ့တွဲထားတဲ့ မောက်စ်ကြီးက မြှောက်လိုက်တိုင်း မီးလင်းလင်းနေလို့ လျှပ်စစ်များ ရှော့နေတာလား မသိဖူး :P :P

    ReplyDelete
  5. တီတင့်လည်း မမြင်ဘူးတဲ့မီးတွေလင်းရင် မပေါ်ဘူးတဲ့ သတိပေးစာတမ်းတွေ ပေါ်လာတိုင်း Technician ကိုဖုန်းဆက်မေးရတာ အမောပဲမို့ မရယ်ရဲဘူး မောင်သန့်ရေး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဟီးဟီး ရယ်ရတယ်။ ကယ်ပါဦးဆရာ...း)

    ReplyDelete
  7. ကွန်ပျူတာ ရှေ့ မီးလင်းနေတယ် လို့ မပြောဘူးလား

    ReplyDelete
  8. ရယ်ရတယ်နော်ဖြစ်မှ ဖြစ်ရလေခြင်း
    လှောင်ပြောင်ရယ်တာမဟုတ်ဘူးနော်
    စာရေးကောင်းလို့ရယ်ရတာကိုပြောတာပါ

    ReplyDelete
  9. ဆရာရေ...ကျွန်တော့်ကွန်ပြုတာကတော့ မီးတွေကိုမလင်းတော့တာ....:)))

    ReplyDelete
  10. ဖစ်မှ.ဖစ်ရလေဆာရယ်း)
    တော်သေးရဲ့..
    ကွန်ပျူတာမို့လို့ :P
    လေးစားလျှက်
    မိစံ

    ReplyDelete
  11. ကောမန့်ပေးတဲ့အတွက်ရော စာလာဖတ်တဲ့အတွက်ရော အားလုံးကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။ :)
    ဘ၀ထဲက အတွေ့အကြုံနဲ့ အားလုံးကို ပြုံးစေနိုင်လို့ ၀မ်းသာရပါ၏ :)

    ReplyDelete
  12. ဆရာရေ
    ကျမကွန်ပြူတာ ဖွင့်လိုက်တိုင်း
    ပါဝါမီးလင်း...လင်းလားတယ် ဆရာရယ်
    ကယ်ပါဦးနော်

    ReplyDelete
  13. ဟား...လို့ ရီချင်ပါဘူး။
    တို့ များလည်းဘာမှနားမလည်လို့ ပါ။
    ဆရာရေ...
    ကွန်ပြူတာဆိုင်ကဘယ်မှာလဲ၊
    လာချင်တယ်။
    တကယ်ပြောတာနော်

    ReplyDelete