Monday, December 26, 2011

ထူးထူးခြားခြား ခရစ်စမတ်ဆုတောင်းတွေ ပြည့်သွားသူ စန်တာဆီ စာရေးတဲ့ ကောင်မလေး

အမေရိကန်၊ ဆီတဲလ်က အသက် ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက် သူမလိုချင်တဲ့ ခရစ်စမတ်လက်ဆောင်လေးတွေ စာရင်းကို စပိန်လို စာတစ်စောင်ရေးပြီး မိုးပျံပူပေါင်းနဲ့ တွဲကာ စန်တာဂလော့စ်ဆီကို ပို့လိုက်ပါတယ်။ သူမ လိုချင်တာတွေက အရုပ်လေးတစ်ရုပ်၊ ရှုးဖိနပ်တစ်စုံ၊ ဘောင်းဘီနဲ့ လက္ဘရည် ပန်းကန် တစ်စုံတို့ပါ။ ဒါပေမယ့် သူမရဲ့ အမေဟာ လတ်တလောမှာ အလုပ်မရှိတဲ့အတွက် ဒါတွေ သူမကို မ၀ယ်ပေးနိုင်လို့ စန်တာဆီ စာရေးဖို့ သမီးလေးကို အကြံပေးလိုက်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ဒီလို စိတ်ကူးယဉ်ဆန်ဆန် လုပ်လိုက်တဲ့ဟာ တကယ်ဆန္ဒတွေပြည့်စုံ လာလိမ့်မယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။ တကယ်တော့ ကောင်မလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့သူက သူမစိတ်ကူးယဉ်တဲ့ စန်တော့ဂလော့စ် ဘိုးဘိုးမဟုတ်ဘဲ သူမတို့ နေထိုင်တဲ့နေရာနဲ့ မိုင် ၇၀၀ဝေးတဲ့ အရပ်က စားကျက်မြေ ဧက တစ်သောင်းကျော် ပိုင်ဆိုင်တဲ့ မိသားစု တစ်စုဖြစ်နေတာပါ။

ကောင်မလေး လွှတ်လိုက်တဲ့ မိုးပျံပူပေါင်းလေးနဲ့ စာဟာ မိုင် ၇၀၀ကျော်ကို ဖြတ်သန်းပြီး ကယ်လီဖိုးနီးယား မြောက်ပိုင်းက အဲဒီမိသားစုပိုင်တဲ့ စားကျက်မြေပေါ်ကျခဲ့ကာမှာ မိသားစုရဲ့ သားက ကောက်ယူတွေ့ရှိခဲ့ပါတယ်။ ပထမတော့ အမှိုက်စက္ကူလို့ သူကထင်လိုက်ပြီး၊ နောက်တော့မှ ကောက်ယူဖတ်ကြည့်လိုက်တဲ့အခါ စပိန်လိုရေးထားတဲ့ ခရစ်စမတ်ဆုတောင်းစာ ဖြစ်နေတာ တွေ့ရတာပါ။ စပိန်လိုရေးထားတာကို မဖတ်နိုင်ပေမယ့် ခရစ်စမတ်ဆုတောင်းစာဖြစ်မယ်မှန်းတော့ သူတို့ရိပ်မိခဲ့ပြီး နောက်တော့ စာကို ဘာသာပြန် ဖတ်ကြည့်လိုက်တဲ့အခါမှာ တကယ်လိုအပ်နေတဲ့ မိသားစုက ကလေးလေးရဲ့စာမှန်း သူတို့ သဘောပေါက်ခဲ့ကြပါတယ်။ အဲဒီနောက် သူတို့ဟာ ကလေးလေးရဲ့ မိသားစုဆီ ဖုန်းဆက်ပြီး ကောင်မလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကတိပေးခဲ့ကြပါတယ်။

ကောင်မလေးရဲ့ အမေက 'ကျမ အခုအလုပ်မရှိတဲ့အတွက်ကြောင့် သူလိုချင်တာလေးတွေ မ၀ယ်ပေးနိုင်ခဲ့ပါဘူး... အဲဒါကြောင့် ကျမတို့ ငယ်ငယ်တုန်းက လုပ်လေ့ရှိတဲ့ ပုံစံအတိုင်း သူ့ကို စန်တာဆီ စာရေးဖို့ တိုက်တွန်းလိုက်တာပါ' လို့ပြောပါတယ်။

'ကလေးမလေးရဲ့စာကို ဖတ်ပြီး ကျမတို့ သူလိုချင်နေတဲ့ အရာတွေဟာ အပိုတွေ မဟုတ်မှန်း ပြီးတော့ တကယ်လိုအပ်နေတဲ့ မိသားစုက ကလေးလေးရဲ့ ဆုတောင်းလေးမှန်း ခံစားမိလို့ ကျမတို့ သူမဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်တာပါ' လို့ မြေပိုင်ရှင် အမျိုးသမီးက ပြောတာတွေကို သတင်များမှာ ဖော်ပြထားကြပါတယ်။

ကောင်မလေးကတော့ သူမရဲ့ ခရစ်စမတ် လက်ဆောင်တွေကို ခရစ်စမတ်မတိုင်ခင်ကတည်းက ပို့ပေးမှာမို့ အခုဆိုရင် သူလိုချင်တဲ့ အရုပ်ကလေးနဲ့ ဖက်အိပ်နေနိုင်လောက်ပြီးလို့ ခန့်မှန်းရပါတယ် ခင်ဗျာ။

Ref:
http://www.dailymail.co.uk/news/article-2078283/Christmas-magic-little-girls-balloon-message-finds-secret-Santa.html
http://www.google.com/hostednews/ap/article/ALeqM5jb3DtRpBgIPPuvmYc4k_7K_Toi-Q?docId=907a415dea0e40f4b3f8c835438bd34b

4 comments:

  1. ဒီပို့စ်လေးကိုဖတ်ပြီး တီတင့်တို့ငယ်စဉ်ဘဝလေးကို
    ပြန်လည်လို့သတိရမိတယ် မောင်သန့်ရေ။
    တီတင့်တို့မောင်နှမတစ်တွေလည်း ခရစ်စမတ်ကို
    ရောက်တိုင်း စင်တာကလော့ဆီကို ကိုယ်လိုချင်တာ
    တစ်ခုခုကို စာရေးတောင်းပြီး ခရစ်စမတ်ပင်ရဲ့
    အောက်မှာထားရတယ်လေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဘာပဲပြောပြော ကြည်နူးစရာလေးပါပဲ....
    ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့..

    ReplyDelete
  3. ကြည်နူးစရာ ပိုစ့် လေး ပါဘဲ ကျေးဇူး

    ReplyDelete
  4. ကလေးလေးအတွက် ထူးခြားတဲ့၊ မမေ့နိုင်တဲ့ ခရစ်စမတ် ဖြစ်စေမှာပါ

    ReplyDelete