Friday, December 30, 2011

မောင်သန့်နှင့် ခရစ်စမတ် - ၂

မနေ့ကတည်းက ဆက်ရေးချင်ပေမယ့် စိတ်မကောင်းဖြစ်နေလို့ ဘာမှကို သိပ်ထွေထူး မလုပ်ချင်ဘူး ဖြစ်နေခဲ့တယ်

ခရစ်စမတ်တဲ့...

မောင်သန့် စင်ကာပူကို ရောက်တဲ့အချိန်ဟာ ခရစ်စမတ်နဲ့ သိပ်မဝေးတဲ့အချိန်ပါ။ အဲဒီမှာ အလုပ်ရသွားတော့ စင်ကာပူက ခရစ်စမတ်ကို တိုက်တိုက်ဆိုင်ဆိုင် ကြုံရတာပါပဲ။ တကယ်တမ်း ပြောရရင် ခရစ်စမတ်မတိုင်ခင် ဘယ်မှလည်း မရောက်ဖြစ်ဘူး။ မီးထွန်းတာတွေလည်း မသိပါဘူး။ တကယ့် ခရစ်စမတ်ညရောက်တော့မှ အိမ်မှာနေရတာ ပျင်းလို့ဆိုပြီး သူငယ်ချင်းကိုခေါ်ကာ နာမည်ကျော် အော်ချက်လမ်းမဆီကို ချီတက်သွားကြပါတယ်။

အဲမှာ ရထားဘူတာကနေ စစထွက်ချင်း တွေ့လိုက်ရတာက လူအုပ်ကြီးပါ။ နည်းတဲ့ လူအုပ်ကြီးမဟုတ်ပါဘူး။ အဲဒီလူအုပ်ကြီးက အားလုံးတပြိုင်တည်း တစ်နေရာရာကို တရွေ့ရွေ့ချီတက်နေတာ ကျနော်တို့လည်း ရောယောင်ကာ ဘာမှမလုပ်ရသေးဘဲ လူအုပ်ထဲ ပါသွားပါတယ်။ အဲဒါနဲ့ ကျနော်က ရှေ့မှာတခုခုရှိလို့ ဖျော်ဖြေရေးရှိလို့ အဲဒီကို လူတွေ သွားနေတယ်ထင်တာ။ အဲလိုကြည့်ရမလားဆိုပြီး စိတ်ကလှုပ်ရှားနေတယ်။ သာမန်ဆို လူအုပ်ကြီးနဲ့ လူတွေအများကြီး ရှိတဲ့နေရာတွေကို မကြိုက်ပါဘူး။ လုံခြုံရေး တာဝန်ယူတဲ့ ရဲတွေက စင်အမြင့်ကြီးဆောက်ပြီး အဲအပေါ်ကနေ အားလုံး လှမ်းရှိုးနေတာ စင်က တလျှောက်လုံး လေး ငါး ခြောက်ခုလောက် ရှိမယ်။

အဲလိုနဲ့ ကျနော်တို့လဲ ရှေ့ဘာရှိမလဲ လည်ပင်းဆန့် မျှော်ရင်း လူအုပ်ထဲ လမ်းလျှောက်စရာမလိုဘဲ ပါသွားရင်းနဲ့ တော်တော်ကြာသွားနေမိတာ သတိထားမိတယ်။ တောသား မြို့တက်ဆိုတော့လည်း ရှေ့မှာ ဘာရှိလို့ လူတွေ ဒီလောက်သွားနေတာလည်း စိတ်က၀င်စားတော့ တောက်လျှောက်လိုက်တာပဲ။ ကိုယ့်နောက်မှာလဲ လူတွေက အများကြီးကိုး။ သူငယ်ချင်းတွေကလည်း ဒီလိုအချိန် ဘယ်သူမှ မလာဖူးတော့ သူတို့လည်း မသိဘူး။ အဲလိုတော်တော်ကြာ လျှောက်တာ ဘာမှ မတွေ့ရဘူး နောက်ဆုံး ပြန်သတိထားမိတော့ ကိုယ်စလျှောက်တဲ့နေရာ ကိုယ်ပြန်ရောက်နေတာ သိရတယ်။ လမ်းလည်း ဘယ်အချိန်က ပြန်ဖြတ်ကူးပြီး ကိုယ့်နေရာ ပြန်ရောက်မှန်း မသိဘူး။ အဲမှာ တော်တော် စိတ်ပျက်သွားတယ်။

ဘယ်နှယ့် ဘာမှမရှိဘဲနဲ့ လူတွေက ဒီလိုပဲ လှည့်လျှောက်နေတာလားဆိုပြီး။ ဒါနဲ့မကျေနပ်သေးဘူး အနားက ခပ်မြင့်မြင့် ရှိမယ့် ရှော့ပင်မော တစ်ခုပေါ်တက်ပြီး အပေါ်စီးကနေ လှမ်းကြည့်လိုက်တယ်။ အဟုတ်ဗျာ ဘာမှ ထွေးထူးမရှိဘူး။ ဒီလိုပဲ လှည့်လျှောက်နေတာ။ လူငယ်တွေကကျတော့ ဘာလုပ်လဲဆို ဖျန်းလိုက်ရင် ဟို ကြိုးရှည်ရှည်လိုထွက်တဲ့ဟာမျိုးတွေ တစ်ယောက်ကို တစ်ယောက် အဲဒါနဲ့လုပ်နေတာ တွေ့ရတယ်။ ဒီလိုပဲ နောက်လိုက်ပြောင်လိုက် အဲဒီမှာ စီတန်းလှည့်လည်နေတာ။ အဲဒါနဲ့ တော်တော်မောသွားတယ်။ ဟင်း ဘာမှ မဟုတ်ဘဲနဲ့ ဆိုပြီး။ အဲဒီအချိန် မီးတွေဘာတွေလှတယ်လည်း သတိမထားမိဘူး။ ဒါနဲ့ပဲ တင်းသွားပြီး အိမ်ပြန်လာကြတယ်။ လမ်းမှာ တချို့လွှတ်ပစ်လိုက်တဲ့ ဖျန်းတဲ့ဘူးတွေကို တွေ့တော့ ကောက်ပြီး အချင်းချင်း ဖျန်းပြီး လမ်းမှာ နောက်လာကြတယ်။ အမယ်အဲတော့မှ နည်းနည်းပျော်စရာ ကောင်းလာတယ်။ ဒါပေမယ့် ရထားဘူတာရောက်တော့ အဲဒါအကုန်လွှတ်ပစ်ခဲ့ရတယ်။

ဒါနဲ့ပဲ အိမ်ပြန်ရောက်လာပြီး ဟတ်ခ်မထိတဲ့ စင်ကာပူက ပထမဆုံး ခရစ်စမတ်ညကို ဖြတ်သန်းခဲ့ရတယ်။

သို့သော်လည်းပဲ နောက်နှစ်များမှာ ဖြတ်သန်းခဲ့တဲ့ စင်ကာပူက ခရစ်စမတ်ညများကတော့ ရိုးရိုးရှင်းရှင်းနဲ့ လှလှပပ ရှိခဲ့ပါတယ်။ ခရစ်စမတ်ကာလ ခရစ်စမတ်ရောက်ခါနီး တစ်လအလိုဆိုရင် စင်ကာပူမှာ တစ်နိုင်ငံလုံးအနှံ့ ရှော့ပင်မောတွေ အထင်ကရ နေရာတွေမှာ မီးရောင်စုံနဲ့ အလှဆင်ကာ ထွန်းထားပြီး အောချတ်(Orchard)၊ ဗီဗိုးစီးတီး(Vivo City)၊ မာရီနာဘေ(Marina Bay) စတဲ့နေရာတွေမှာ စတိတ်စင် ဖျော်ဖြေရေးတွေ ပါဖောင့်မန့်ဖျော်ဖြေရေးတွေ ရှိကြပါတယ်။ အဲဒီတော့ ခရစ်စမတ်နီးလာပြီ ဆိုရင် အဲဒီနေရာတွေကိုသွား ဓါတ်ပုံရိုက် ခရစ်စမတ်နေ့တွေဘာတွေဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်တစ်နေရာရာ ညစာစား လုပ်တတ်လာပါတယ်။

စင်ကာပူရဲ့ ခရစ်စမတ် ဒုတိယနှစ်ကတော့ အိမ်ပြန်တာရယ် အဲဒီနှစ်က စွန့်စွန့်စားစား နယူးရီးယားပွဲအတွက် ပြင်ဆင်နေတာနဲ့ သိပ်ပြီး ဘာမှမလုပ်လိုက်ရဘူး။ တတိယနှစ်မှာ မှတ်မှတ်ရရ ခရစ်စမတ်အတွက် ရုံးက မလေးရှားကမ်းခြေတစ်ခုကို လိုက်ပို့ပေးတယ်။ ရုံးမှာ ခရစ်စမတ်လက်ဆောင်တွေလဲ ကြပါတယ်။ ပြီးတော့ ခရီးသွားတုန်းက အဖွဲ့လိုက်လုပ်တဲ့ ပြိုင်ပွဲမှာ တတိယရလို့ ဆုတော်ငွေလဲရလိုက်တယ်။ ငှဲငှဲ အခုလက်ရှိထိ လုပ်နေတဲ့အလုပ်ပေါ့... အဲနှစ်ကမှ အလုပ်စ၀င်တာ... မောင်သန့်တို့ ကံကောင်းတာလို့ မထင်ပါနဲ့... နောက်တစ်နှစ် မနှစ်ကကျတော့ ဘာခရီးမှာ မလာတော့ဘူး ရုံးမှာ လက်ဆောင်လဲတာရယ် ဒင်နာရယ်နဲ့ ရုံးမှာ အလှဆင်ပြီး ဟိုဆော့ဒီဆော့ လုပ်တာရယ်နဲ့ပဲ ပြီးသွားတယ်။ အဲ ဒီနှစ်ကျတော့ အဟင့်.. ရုံးမှာ ဘာမှ အလှမဆင်နိုင်ဘူး... ပြီးတော့ ကြားရက်ကြီးကို ခေါ်ပြီး ဘူးဖေးဒင်နာတော့ ကျွေးတယ်။ ဒီနှစ်ကံဆိုးပုံများ တရုံးလုံး အချင်းချင်းလက်ဆောင်လဲတာ မောင်သန့်ကို လက်ဆောင်ပေးဖို့ မဲကျတဲ့သူက ခွင့်ယူထားတယ်... တရုံးလုံး သူတစ်ယောက်ထဲ ခွင့်ယူထားတာဆိုတော့ မောင်သန့်တစ်ယောက်ပဲ ခရစ်စမတ်လက်ဆောင် မရဘဲ ဖြစ်သွားတယ်။ အဟင့်... ရုံးကအဲလို တိုးတက်လာတာ...

အဲကလို အဲကလိုနဲ့ မောင်သန့်ဟာ ခရစ်စမတ်တွေကို ဖြတ်သန်းလာခဲ့တယ်။ ကဗျာလည်း မဆန် စာလည်း မဆန်ပါဘူး။ ဟိုလိုလို ဒီလိုလိုနဲ့။ ဒါပေမယ့် အခုလို ဟောလီးဒေးရာသီမှာတော့ ဘယ်မှ ခရီးထွက်ဖို့ အပန်းဖြေဖို့ ဆန္ဒမရှိပါ။ ဘယ်တုန်းကမှလည်း မလုပ်ဘူး။ လူများတာကို မကြိုက်လို့။ မနှစ်ကခရစ်စမတ်နေ့တုန်းက လူတွေသိပ်မသွားတဲ့ နေရာတစ်ခုကို သူငယ်ချင်းတစ်ချို့နဲ့ သွားပြီး ဓါတ်ပုံရိုက် ညစာစားတယ်။ ဒါပေမယ့် စင်ကာပူမိုးက ဖျက်တယ်လေ။ မနှစ်ကလည်း ရွာတယ်။ ဒီနှစ်လည်း ရွာတယ်။ ဒီနှစ်ကျတော့ ခရစ်စမတ်နေ့မှာ ရုပ်ရှင်ကြည့်ဖြစ်တယ်။ စင်ကာပူမှာ တခါမှ ရုပ်ရှင်မကြည့်ဖူးတဲ့ ညီဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်ကို ရုပ်ရှင်အလှူပြုတယ်။ ဇတ်ကားက အရင်တပတ်က မကြည့်ဖြစ်ခဲ့တဲ့ ရှာ့လော့ဟုမ်းပါ။ ကောင်းပါတယ်။ ပြီးတော့ အိမ်ပြန်တယ်။ အိပ်တယ် မိုးအေးအေးနဲ့။

ဆိုတော့ ခရစ်စမတ်နေ့ကို ဘာမှထွေထူး ရည်ရွယ်ချက်တစ်ခုအနေနဲ့ ဆင်နွှဲဖြစ်တာမရှိခဲ့ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ နောင်များတော့ ဘယ်လိုလာမလဲ မသိဘူး။ ဒါပေမယ့် နှစ်သစ်ကူးကိုတော့ သေချာစီစဉ်ပြီး အပျော်အပါးတွေနဲ့ ဖြတ်သန်းတာတော့ ရှိတယ်။ နှစ်သစ်ကူးအကြောင်းကတော့ နှစ်သစ်ကူးပြီးမှ ရေးမယ်လေ။ အခုတော့ လာမယ့်နှစ်သစ်ကူးကိုလည်း သူငယ်ချင်းတွေ အများကြီးနဲ့ နွှဲဖို့ ရှိတယ်။ ဒီညနေကတည်း စပြီး ကိုယ်ကဘာလုပ်ရမယ်ဆိုတဲ့ စာရင်းရောက်လာမယ်ထင်တယ်။ မနက်ဖြန်မှာ အလုပ်ရှုပ်တော့မယ်။ နှစ်ကူးပြီးမှ ဘလော့ ပြန်ရေးနိုင်တော့မယ်ဆိုတော့ အားလုံးကို တခါတည်း နှုတ်ဆက်ပါတယ်။

ဒေါ်ကန်ဒီ (ခေါ်) မချိုချဉ်ရဲ့ တဂ်ပိုစ့်ကို ရေးခြင်း တဖြစ်လဲ... ပိုစ့်ရဲ့ တတိယပိုင်းအဖြစ် ဓါတ်ပုံများကို ရှာဖွေပြီး တင်ပါဦးမယ် :D

မောင်သန့်နှင့် ခရစ်စမတ်

~~~Happy New Year 2012~~~


3 comments:

  1. watch movie in christmas day is great. :)

    ReplyDelete
  2. နယူးရီးယားပြီးရင်လဲ ပို့ စ်တွေ တင်ပါဦး မောင်သန့် ရေ

    ReplyDelete
  3. ကောင်းပ.. အကြံပိုင်ချက်ကတော့ ခရစ်စမတ်ပြီးမှ ရေးတယ်.. အဲ့တော့ သူအများကြီးရေးလို့ရတာပေါ့.. ဟဟ ကောင်း၏ ပုံတွေမျှော်နေတယ် ဒါဘဲ ဟိုဟာကြက် :P :P

    ReplyDelete