Wednesday, January 11, 2012

တစ်နေ့နေ့ နေ့စဉ်နေ့စဉ်

ဒင်း... ဒေါင်.... ဒင်း... ဒေါင်... ဒင်း ဒေါင်

အဆက်မပြတ်ထွက်ပေါ်လာတဲ့ ဒီအသံကို နေ့စဉ် ကြားရသည်ကာ မထူးဆန်းလှချေတော့... ဒါပေမယ့် ထူးသည်ကာ ဒီအသံမှာ နေ့တစ်နေ့၏အစ မနက်တိုင်းမှာ ပထမဆုံး ကြားရသည့် အသံ ဖြစ်နေသည်။ အသံကြားကြားချင်း လက်ညှိုး တစ်ချောင်းထောင်လိုက်သည် ထို့နောက် အနီးရှိ စားပွဲက ဖန်သားပြင်သေးသေးပေါ်ကို အထက်အောက် ထိုလက်ညှိုးဖြင့် ပွတ်သပ်ချလိုက်သည်.... အခုမှ ကမ္ဘာမြေကြီးမှာ ငြိမ်းချမ်းသွားတော့သည်။ အသံတွေ တိတ်ဆိတ်သွားသည်။ ထို့နောက် ပြတင်းပေါက်မှ ၀င်လာသည့် လေအေးအေးလေးကို တ၀ကြီး ရှုလိုက်သည်။ ထိုအချိန်ထိ မျက်လုံးတွေကို မဖွင့်မိသေး ဆက်ကာမှိန်းနေသည်။ ထိုသို့မှိန်းနေချိန်ကာ ခဏလေးသာ ထင်ရပေမယ့် နာရီလက်တံမှာ ၁၀မိနစ်ခန့် ရွေ့သွားသည်။ ဖူးးးး သက်ပြင်းရှည်ကြီးတစ်ခုချကာ မျက်လုံးကိုဖွင့်လိုက်သည်။ စောင်များကို ဖယ်ကာ ကုတင်ပေါ်ကဆင်းလိုက်သည်။

အခန်းတံခါးဖွင့်ကာ ယိုင်တိယိုင်တိုင်ဖြင့် အိမ်ရှေ့ခန်းကို လျှောက်သွားပြီး တိုင်ကပ်နာရီကို ကြည့်လိုက်သည့်အချိန်မှာ မနက် ၈နာရီ ၁၅ခန့် ရှိနေပြီး .... ဖူးးးးး နောက်တခါ သက်ပြင်းချသည်။ ရေခဲသေတ္တာကို ဖွင့်ကာ ရေတွေခဲနေသည့်ကို ဘူးများကို ထုတ်ကာ မီးဖိုနဘေးမှာ တင်လိုက်သည်။ ညကတည်းက ဆေးထားသည့် ထမင်းအိုးကို ယူကာ ဆန်ထည့်သည်။ ထိုဆန်ကို ဆေးသည်။ ထို့နောက် ထမင်းအိုး တည်လိုက်သည်။ ဂက်စ်မီးဖိုကို ဖွင့်လိုက်သည်။ မီဖိုဘေးက အိုးပြားလေး တစ်အိုးကို ယူကာ မီးဖိုပေါ်တင်လိုက်သည်။ ခုနက ရေခဲနေသည့် ဘူးထဲက ကျက်ပြီးသား အသားတစ်ချို့ကို အိုးပေါ်သို့ ဇွန်းဖြင့် ခြစ်ထုတ်ကလော်ချလိုက်သည်။ ဘူးကိုပြန်ပိတ်ကာ ရေခဲသေတ္တာထဲ ပြန်ထည့်လိုက်သည်။ မျက်လုံးကား မပွင့်တပွင့်.... ထို့နောက် ရေအိမ်ဝင်ကာ လေးထားသမျှ ပေါ့ပါးသွားအောင် အပေါ့အပါးသွားလိုက်သည်။

အဲဒီနောက် ဘေစင်ဘက်သွားကာ သွားတိုက်ဆေးထည့် သွားတိုက် မျက်နှာသစ်လိုက်သည်။ အခုမှ မျက်လုံးတွေ သေချာပွင့်တော့သည်။ လောကကြီးကို ကောင်းကောင်းစမြင်ရသည်။ အသံတွေကောင်းကောင်း ကြားရသည်။ ဒီ့နောက် အိမ်မှာ ဘယ်သူမရှိတော့တာ သတိထားမိသည်။ အိုးပေါ်က ရှဲရှဲ... အသံတွေမြည်နေသည်။ မီးဖိုဘက်သွားကာ ဇွန်းဖြင့် အိုးပေါ်က ဟာတွေကို ဟိုလှန်ဒီလှန်လုပ်လိုက်သည်။ အခန်းထဲပြန်ဝင်ကာ မျက်နှာသုတ်လိုက်သည်။ အခန်းထဲက ပြန်ထွက်ကာ နောက်တစ်ခါ အိုးပေါ်ကဟာတွေကို ဟိုလှန်ဒီလှန် နောက်တခါလုပ်ပြီး မီးပိတ်လိုက်သည်။ အိုဗန်(Oven)လေးတစ်ခုရှိရင် ကောင်းမည်ဟု စိတ်ကူးမိသည်။ ထိုသို့ဆိုလျှင် အခုလို သိပ်လုပ်စရာမလို အိုးလည်း ဆေးရသက်သာသွားမည်။ အခုက ပြီးရင် ထိုအိုးကို ဆေးရဦးမည်။ သို့သော် အိမ်ကကျဉ်းသည်မှာ အိုဗန်ဝယ်ပြီးပင် ထားစရာမရှိ... မယုံရင် ပုံပြင်လို့သာမှတ်ချေ...

ဟင်းတော့ နွှေးပြီးပေမယ့် ထမင်းတော့ မကျက်သေး... ဟင်းက စနေ့ တနဂ်နွေပိတ်ရက်မှ ချက်ထားပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားခြင်းဖြစ်သည်။ အခုလို လုပ်နေရသည်မှာ ရုံးမှာ နေ့လည်စာအတွက် ထမင်းချိုင့်ထည့်ဖို့ ပြင်ဆင်နေတာ ဖြစ်သည်။ တချိန်တည်းမှာ မြန်မာပြည်က အမေပြင်ထားပေးတတ်သည့် နှစ်ဆင့်ချိုင့် ထမင်းဘူးလေးကို တခါတလေ သတိရမိတတ်သည်။ အမြဲတမ်းတော့မဟုတ်... အဲဒီနောက် ပန်းကန်တစ်ချပ်၊ ဇွန်းတစ်ချောင်းယူကာ ပေါင်မုန့်ထည့်သည်။ ရေခဲသေတ္တာထဲက စတော်ဘဲရီ ဂျမ်ဘူးကို ထုတ်သည်။ ရေနွေးအိုး တည်သည်။ ပေါင်မုန့်ကို ဂျမ်သုတ်ကာ ပန်းကန်ထဲထည့်ထားသည်။

အခန်းထဲ ပြန်ဝင်ကာ ရေလဲလုံချည်လဲလိုက်ပြီး ရေချိုးခန်းထဲဝင် ရေချိုးသည်။ ရေချိုးခန်းထဲက ပြန်ထွက်လာသည့် အချိန် ဖူးးးး ဟု သက်ပြင်းချမိပြန်သည်။ လူကပိုကြည်လင်လာလေ အလုပ်သွားရမည် အလုပ်လုပ်ရမည် လုပ်ရမည့် အလုပ်တွေ ခေါင်းထဲရောက်လာပြီး တွေးမိကာ သက်ပြင်းချမိခြင်းဖြစ်သည်။ ထို့နောက် အတိုချုံးပြောရလျှင် အလုပ်သွားဖို့ အ၀တ်အစားလဲ ပြင်ဆင်ဖီးသသည်။ အမြဲတမ်းဆောင်ယူသည့် ဖုန်း၊ ပိုက်ဆံအိတ်၊ အိမ်သော့၊ စာတိုက်ပုံးသော့ စတာတွေကို ဘောင်းဘီအိတ် အရှေ့အနောက် သူ့နေရာသူ ထည့်လိုက်သည်။ ခြေအိတ်ကိုယူကာ အခန်းထဲထွက်လိုက်သည်။ ခြေအိတ်ကို အိမ်တံခါးပေါက်နား ချကာ အထဲပြန်ဝင် လက်ဆေးလိုက်သည်။

ထို့နောက် ကော်ဖီခွက်ကိုယူ ကော်ဖီမစ်ထုတ်ကို ဖောက်ထည့် ခုနက တည်ထားသည့် ရေနွေးအိုးထဲက ရေပူပူကို ထည့်ကာ ကော်ဖီဖျော်လိုက်သည်။ ထို့နောက် ပေါင်မုန့်ပန်းကန်နှင့်အတူ အိမ်ရှေ့ဧည့်ခန်းမှာ နေရာယူကာ တီဗွီကိုဖွင့်သည်။ သတင်းချန်နယ်ကို ပြောင်းဖွင့်လိုက်သည်။ ထို့နောက် ကော်ဖီသောက်ယင်း ပေါင်မုန့်စားယင်း ကမ္ဘာပေါ်က ဖြစ်သမျှအကြောင်း သူနဲ့ဆိုင်သလို ထင်တဲ့ အမေရိကန် သမ္မတလို စုတ်တသပ်သပ်လုပ်လုပ်ရင်း သတင်းတွေကို ကြည့်သည်။ ထိုအချိန်တွင်တော့ နှာခေါင်းမှာ မုန့်ဟင်းခါးအနံ့၊ ကျစိမ့်လက္ဘရည် အနံ့တွေရတတ်သည်။ လက္ဘရည်ဆိုင်ထိုင်ရင်း ဖတ်တတ်သည့် အလဲဗင်းဂျာနယ်ကိုလည်း သတိရတတ်သည်။ စားနေသည့် မုန့်ကော်ဖီကုန်တော့ ကျက်နေပြီ ဖြစ်တဲ့ ထမင်းနဲ့ ခုနင်က နွှေးထားတဲ့ ဟင်းနဲ့ အတူ ထမင်းဘူးထည့်သည်။ ရေဆေးစရာရှိတာဆေး ရေစိမ်စရာရှိတာ စိမ်ထားသည်။ ထို့နောက် ရေအိမ်ထဲဝင်ကာ အပေါ့အပါးသွားသည်။ တခါတလေ အလေးအထူပါ သွားသည်။

အဲဒီနောက် ကျောပိုးအိတ်ထဲ ထမင်းချိုင့်ထည့် အိမ်မှာဖွင့်ထားသမျှ မီးများကို စစ်ဆေးပိတ်ရှုသည်။ ဘုရားရှိခိုးသည်။ စိုက်တုန်းက စိုက်ပြီး စိုက်သည့် ပိုင်ရှင်က ပြန်လှည့်ကြည့်ခြင်း မခံရသည့် ပန်းအိုးလေးကို ရေလောင်းရေဖျန်းပေးသည်။ (အတင်းတုတ်ခံရသည့် အပင်ပိုင်ရှင် မကျေနပ် ပဒတ် :D ) ခြေအိတ်ဝတ်ဖိနပ်ဝတ်ပြီး အခန်းတံခါးသော့ပိတ်လိုက်သည်။ ဖူး သက်ပျင်းချပြန်သည်... ဓါတ်လှေကား ခေါ်လိုက်သည်။ ဓါတ်လှေခါး စောင့်နေရင်း.... ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကာ နာရီကို ကြည့်လိုက်သည်...

ဆက်လက်ရေးသား ပါဦးမည် :D

10 comments:

  1. အော်----နေ့စဉ်နေ့တိုင်း အဲဒီအလုပ်ဆိုတာရှိနေတော့လဲ
    ?????

    ReplyDelete
  2. အလုပ်မသွားခင် တော်တော်အချိန်ရတယ်နော်...
    လုပ်တာကို စုံနေတာပဲ..
    ဒါနဲ့အစက မျက်လုံးမဖွင့်ဘဲ ဘယ်လိုတွေလုပ်နေတုန်း.. အံသြစရာ :O

    အခန်းဆက်ရေးရတာ တော်တော်ဝါသနာပါတယ်ထင်တယ် ဟွန့်

    ReplyDelete
  3. ဆက်ရေးပါ
    ဖတ်ဖို့စောင့်နေပါတယ်

    ReplyDelete
  4. အော် သူများတွေများ ၈း၁၅ မှ ထပြီးတော့တောင် အများကြီး လုပ်ဖို့ အချိန်ရရှာတယ်... ငါ့ဘွကြီး သနားစရာ ကောင်းလိုက်တာ.... ကျွတ် ကျွတ် ကျွတ်....း)

    ReplyDelete
  5. ကျွန်တော်ဆို ရေချိုးခန်းထဲကို ဒိုင်ဗင်ထိုးပြီး ၁၀ မိနစ်အတွင်း အကျီလဲအပြီး၊ တံခါးတွေဘာတွေ ပိတ်ပြီးတော့မှ မျက်လုံးဖွင့်တော့တာ...... :)

    ReplyDelete
  6. ၈း၁၅ နာရီ alarm ကြောင့်နိုး. ၁၀မိနစ်လောက်မှိန်းသေးတယ်ဆိုတော့ ..မနက်ဆို ၈း၂၅ မှ ထတယ်ပြောရမယ်..
    ...
    ...
    ...
    ဒါတွေပြီးမှ အလုပ်သွားတယ်ဆိုတောကား..
    ဘယ်အချိန် အိမ်ကထွက်လို ဘယ်အချိန် အလုပ်ရောက်တယ်ဆိုတာကို သိပ်ပြီး သိချင်သွားတယ်..

    ReplyDelete
  7. မဗေဒါနဲ့တူတယ်... သက်ပြင်းချတဲ့နေရာမှာ... အလုပ်သွားရမှာတွေးပြီး သက်ပြင်းချတာ...
    မောင်သန့်က စည်းကမ်းလဲရှိတယ် ဇွဲလဲပိုရှိတယ်ပြောရမယ်... မဗေဒါသာ အိမ်မှာ အဖေတို့ အမေတို့မရှိရင် ထမင်းဘူးလုံးဝယူဖြစ်မှာမဟုတ်ဘူး... ထမင်းဘူးယူတဲ့လူချင်းဆိုတော့ သိတယ်... အလုပ်မှာရော လုပ်ဖော်ကိုင်ဖက်တွေက ဘာပြောကြလဲ...

    ReplyDelete
  8. နေ့စဉ်လှုပ်ရှားမှုလေးတွေ
    မျက်စိထဲကွင်းကွင်းကွက်ကွက်ပါပဲ မောင်သန့်ရေ။
    ဆက်ရေးပါအုံးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. MRT စီးမှာလား၊ ကားစီးမှာလား၊ လမ်းလျှောက်မှာလား ဟင်

    ReplyDelete
  10. ကျနော်ဖြင့် မိုးလင်းရင် မထချင်လွန်းလို့ အိမ်ကထွက်သင့်ချိန် ၁၅ မိနစ်အလိုလောက်မှ ထပြီး ဝုန်းဒိုင်းကျဲရတော့တာပဲ။ မနက်ခင်းကို သေသေချာချာ ပြင်ဆင်မယ်တွေးလည်း အိပ်ယာထချိန်ဆို မရပါဘူးဗျာ။ ပြန်ပြန်မှေးချင်စိတ်က များလွန်းနေတာ။
    ရေးထားတာလေးဖတ်ပြီး အဲဒီလို အချိန်နဲနဲပိုယူပြီး လုပ်ကြည့်ချင်စိတ်တောင် ဖြစ်မိတယ်။

    ReplyDelete