Monday, August 20, 2012

ကားတိုက်မှုထဲပါပြီး ၈ရက်ကြာ မေ့မြောနေတဲ့ ကလေးငယ်ကို သီချင်းဆိုပြီး အသက်ကယ်ခဲ့သူ ဗြိတိသျှ အဆိုတော် 'ဂျက်ဆီ ဂျေး' (Jessie J)

လန်ဒန်မြို့ ဂရိတ်အောမွန့်လမ်း ဆေးရုံ (London’s Great Ormond Street Hospital) က ဆရာဝန်တွေဟာ လွန်ခဲ့တဲ့ ဧပြီလတုန်းက ကားငယ်လေးကို ကုန်တင်ကားတစ်စီး ၀င်တိုက်တဲ့ မတော်တဆမှုကနေ ဒဏ်ရာရပြီး ၈ရက်ကြာ မေ့မျောနေတဲ့ အသက် ၆နှစ်အရွယ် ”တိုင်လာ အက်ကင်” (Tyla Atkin) ဆိုတဲ့ ကလေးငယ် ကို နောင်မှာ သာမာန် ကလေးတစ်ယောက်လို ပြန်လည်ပြီး လမ်းလျှောက်နိုင်၊ စကားပြောနိုင်၊ ပြန်ပြီး ပြုံးရယ် နိုင်လိမ့်တော့မယ်လို့ မထင်ခဲ့ကြတော့တာ အမှန်ပါပဲ။

ဒါပေမယ့် 'တိုင်လာ' ဟာ မတော်တဆမှုဖြစ်ပြီး မေ့မျောနေရာကနေ ၈ရက်ကြာမှာ ပြန်လည်သတိရလာပြီး နောက်ရက်အနည်းငယ်အတွင်းမှာပဲ ပုံမှန်ကလေးငယ်တစ်ယောက်လို ပြန်လည် စကားပြောလာနိုင်၊ ပြေးလွှားဆော့ကစား နိုင်လာတာ အံ့သြစရာပါ။

ဆရာဝန်တွေတောင် လက်လျှော့တဲ့အထိ ဖြစ်သွားတဲ့ 'တိုင်လာ' ကို အခုလို ပြန်လည် ကျန်းမာအောင် ပြုလုပ်ပေးခဲ့တဲ့ သူဟာ ဆေးပညာကျွမ်းကျင်တဲ့ သမားတော် တစ်ယောက်မဟုတ်ဘဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်နေတာဟာ ပိုပြီး အံ့သြစရာ ကောင်းနေပါတယ်။ အဲဒီအဆိုတော်ကတော့ မကြာသေးမှီကတင် ကျင်းပ ပြီးစီးသွားတဲ့ လန်ဒန် အိုလံပစ် ၂၀၁၂ ရဲ့ ပိတ်ပွဲအခမ်းအနားမှာ ခပ်ဟော့ဟော့ ဖျော်ဖြေသွားတဲ့ ဗြိတိသျှ အဆိုတော် 'ဂျက်ဆီ ဂျေး' (Jessie J) ပဲ ဖြစ်ပါတယ်။ "Price tag", "Who you are" သီချင်းတွေနဲ့ ကမ္ဘာပေါ်က ဂီတ ပရိတ်သတ် အများအပြား အားပေးမှုကို ခံရတဲ့ ”ဂျက်ဆီ ဂျေး” ဟာ ”တိုင်လာ” ရဲ့ အနှစ်ခြိုက်ဆုံး အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး။


”တိုင်လာ” ရဲ့ မိခင် ”မစ်ချဲလ် ဟတ်” (Michelle Hrt) ဟာ သမီးလေး ရက်အတန်ကြာ မေ့မျောနေစဉ်မှာ ကိုမာ (Coma) ရှိတဲ့သူတွေကို အာရုံတွေ ပြန်စုစည်းမိပြီး အပြင်ဘက်ကို ပြန်ချိတ်ဆက်မိလာနိုင်အောင် လူနာကို စကားတွေအများကြီး ဆက်တိုက် ပြောပေးနေရမယ့်လို့ ဆရာဝန်တွေ အကြံပေးတဲ့အတိုင်း နေ့စဉ်ရက်ဆက် ပြုလုပ်နေခဲ့ပါတယ်။ အဲဒီလို ပြုလုပ်နေစဉ် ၈ရက်အကြာမှာ သူမ သူငယ်ချင်းတစ်ယောက်က အဆိုတော် ”ဂျက်ဆီ ဂျေး” ဟာ ”မစ်ချဲလ်” တို့ ရှိတဲ့ ဆေးရုံကို လာလည်နေကြောင်း ဖုန်း မက်ဆေ့နဲ့ အသိပေးမှု ရလိုက်ပါတယ်။ ချက်ချင်း ဆိုသလိုပဲ ”မစ်ချဲလ်” ဟာ ”ဂျက်ဆီ” ကို ဆေးရုံထဲ အသည်းအသန် လိုက်ရှာပါတော့တယ်။ တွေ့သမျှ လူတိုင်းကိုလည်း သူမ ”ဂျက်ဆီ” ကို လိုက်ရှာနေကြောင်း အသိပေးလိုက်ပါတယ်။ မကြာခင်မှာပဲ လူတွေဆီက သတင်းကောင်းတစ်ခု ”မစ်ချဲလ်” ဆီ ရောက်လာပါတယ်။ အဲဒါကတော့ အဆိုတော် ”ဂျက်ဆီ ဂျေး” ဟာ သူမတို့ ဆေးရုံခန်းကို လာနေပြီ ဆိုတာပါပဲ။

(Credit - TheSun)

”ဂျက်ဆီ ဂျေး” ဟာ ခြောက်နှစ် သမီးလေး ”တိုင်လာ” ရဲ့ အကြိုက်ဆုံး သီချင်း တစ်ပုဒ်ဖြစ်တဲ့ 'Rainbow' ဆိုတဲ့ သီချင်းကို မေ့မျောနေတဲ့ ”တိုင်လာ” ရဲ့ ကုတင်ဘေး ကနေ သီဆိုပေးပြီးလို့ မကြာခင်မှာပဲ ”တိုင်လာ”ဟာ ထူးခြားစွာ စတင် သတိရလာပါတော့တယ်။ 

 (Credit - TheSun)

”တိုင်လာ” သတိရလာပြီးတဲ့နောက်မှာ အားလုံးက ”ဂျက်ဆီ ဂျေး” ကို ”ဂျက်ဆီ ဂျေး” ဆိုတဲ့ နာမည်ကို မခေါ်တော့ဘဲ ”ဂျက်ဆီ ဂျွိင်း” (Jessie Joy) ဆိုပြီ ပြောင်းခေါ်ကြပါတော့တယ်။ ”မစ်ချဲလ်” ကတော့ သူမရဲ့ သမီး အသက်ကို ကယ်တင်ပေးတဲ့အတွက် ”ဂျက်ဆီ” ကို အထူးကျေးဇူးတင်နေပြီး သမီးလေး ”တိုင်လာ” အတွက်ကတော့ ”ဂျက်ဆီ” သူမရဲ့ အသက်တခင် ကျေးဇူးရှင် အနေနဲ့ရော သူရဲကောင်း (Hero) အနေနဲ့ပါ သတ်မှတ်လိုက်ပြီလို့ ”ဂျက်ဆီ” ရဲ့ ဓါတ်ပုံကို ကိုင်ပြီး ပြောလိုက်ပါတယ်။

ကိုးကား (Ref)
http://www.thesun.co.uk/sol/homepage/news/4495006/Jessie-joy-Crash-girl-wakes-from-a-coma-after-star-sings-to-her-by-hospital-bed-side.html

1 comment:

  1. တတ်ထားတဲ့ အနုပညာနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်တာ သိပ်မွန်မြတ်တာပဲနော်။

    ReplyDelete