Monday, August 20, 2012

နာမည်ကြီး 'Top Gun' ရုပ်ရှင်ရိုက်ကူးသူ ဟောလီးဝုဒ် ရုပ်ရှင် ဒါရိုက်တာ 'တိုနီ စကော့' မိမိကိုယ်ကို သတ်သေ

(Credit - Gus Ruelas/AP) 

ဟောလီးဝုဒ် အကျော်အမော် 'တွမ်ခရုစ်' (Tom Cruise) ကို စတင် နာမည်ကြီးစေခဲ့တဲ့ 'Top Gun' ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ 'တိုနီ စကော့' ဟာ အမေရိကန် ပစိဖိတ် စံတော်ချိန် (PDT) သြဂုတ် ၁၉ရက် တနဂ်နွေနေ့ နေ့လည် ၁၂ခွဲ ခန့်မှာ 'လော့အိန်ဂျလိစ်' (Los Angeles) 'ဆန် ပတ်ဒရို' (San Pedro) နဲ့ 'တာမင်နယ် ကျွန်း' (Terminal Island) ဘက်ကို ဆက်သွယ်ထားတဲ့ 'ဗင်ဆန့် သောမတ်စ်' (Vicent Thomas) တံတားပေါ်ကနေ ခုန်ချပြီး မိမိ ကိုယ်ကို သတ်သေသွားပါတယ်။

သူခုန်ချသွားတာကို မြင်တွေ့ခဲ့တဲ့ မျက်မြင်သက်သေ တစ်ဦး ရှိခဲ့ပြီး အဲဒီသူကပဲ ၉၉၁ ကို ဖုန်းခေါ်က ရဲကို အကြောင်းကြားခဲ့ပါတယ်။ ကားပေါ်ကနေဆင်းပြီး လုံးဝတွန့်ဆုတ်ခြင်း မရှိဘဲ ခုန်ချသွားတဲ့ သူဟာ ဒါရိုက်တာ တိုနီစကော့မှန်း မျက်မြင်ကိုယ်တိုင်မသိခဲ့ဘဲ သူရဲ့ ဇနီးနဲ့ မိသားစုကို ဆက်သွယ်ဖို့ ချန်ထားခဲ့တဲ့ မှတ်စုလေးကို သူစီးလာတဲ့ ကားပေါ်ကနေ ရဲတွေက တွေ့တော့မှ 'တိုနီစကော့' မှန်း သိခဲ့ကြပါတယ်။ သူရဲ့ သေတမ်းစာကို သူ့ရုံးခန်းထဲမှာ တွေ့ရှိခဲ့တယ်လို့ သတင်းတွေက ဆိုကြပြီး သေတမ်းစာမှာပါတဲ့ အကြောင်းအရာတွေကိုတော့ ရဲတွေက အပြင်ကို ထုတ်ဖော်ခြင်း မပြုပါဘူး။

အခု သူသေဆုံးချိန်မှာတော့ အသက် ၆၈နှစ် ရှိပြီး သူ့ရဲ့ တတိယဇနီးနဲ့ အမွှား သား နှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဒါရိုက်တာ တိုနီ စကော့ ဟာ "Gladiator", "Black Hawk Down" တို့ကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဒါရိုက်တာ ရိုက်တလီ စကော့ (Ridley Scoot) ရဲ့ ညီငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

မင်းသား "Denzel Washington" နဲ့ အတွဲညီညီ သူရိုက်ခဲ့တဲ့ ဇတ်ကားတွေဖြစ်တဲ့ "De Jevu", "Unstoppable", "The Taking of Pelham 123" ဇတ်ကားတွေဟာ ကျနော် မရိုးနိုင်အောင် ထပ်ခါတလဲလဲ ပြန်ကြည့်ခဲ့ရတဲ့ ဇတ်ကားတွေပါပဲ။

အခုလို မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ အကြောင်းကို ကြားသိရတဲ့အတွက် ဒါရိုက်တာ 'တိုနီစကော့' ရဲ့ မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြောင်း ကျနော့် ဘလော့မှာ မှတ်တမ်းတင်အပ်ပါတယ်။

'တိုနီစကော့' တစ်ယောက် ကောင်းရာ သုဂတိကို လားပါစေ။

ဆက်စပ်ဖတ်ရှုရန်
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၎

ကိုးကား (Ref)
http://latimesblogs.latimes.com/lanow/2012/08/tony-scott-autopsy-planned-after-director-leaps-from-bridge.html
http://en.wikipedia.org/wiki/Tony_Scott

No comments:

Post a Comment