Wednesday, September 5, 2012

အတိတ်နိမိတ်တွေနဲ့ ဖိတ်လိုက်တဲ့ အက်ပဲလ်ရဲ့ အိုင်ဖုန်း ၅ (iPhone 5) မိတ်ဆက်ပွဲလား

 

ချဲဂဏန်းပေးတာလိုလို ဘာလိုလိုနဲ့ ဖြစ်နေတဲ့ အပေါ်ကပုံက လူတိုင်းရဲ့ အသည်းကို ကိုင်လှုပ်နေတဲ့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ အက်ပဲလ်(Apple) ရဲ့ အခမ်းအနားတစ်ခုအတွက် မီဒီယာတွေကို ဖိတ်တဲ့ ဖိတ်စာတစ်ခုဆိုရင် အားလုံး အံ့သြနေမလား။ အက်ပဲလ်ကတော့ သူရဲ့ထုံးစံအတိုင်း လျှို့ဝှက် စိတ်လှုပ်ရှားဖွယ်ရာနဲ့ လူတိုင်းကို ရင်ခုန်အောင် လုပ်လိုက်ပြန်ပါပြီ။

စက်တင်ဘာ ၁၂ရက်နေ့ ဆန်ဖရန်စစ္စကိုမှာ လုပ်မယ့် ဒီပွဲဟာ ဘာအတွက် လုပ်မယ့်ပွဲလည်းဆိုတာ ဖိတ်စာထဲမှာ ထည့်မရေးထားပေးမယ့် အားလုံးကတော့ အိုင်ဖုန်း ၅ (iPhone 5) ကို ကြေငြာမယ့်ပွဲလို့ အသေအချာပဲ ခန့်မှန်းနေကြပါတယ်။ ဘာလို့ အသေအချာ ခန့်မှန်းနေသလဲဆိုတော့ ဖိတ်စာထဲမှာ ထည့်ထားတဲ့ လျှိုဝှက်သင်္ကေတလေးကြောင့်ပါ။ အပေါ်ကပုံကို သေချာ ပြန်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၁၂ကို ရည်ရွယ်တဲ့ ၁၂ ဂဏန်းရဲ့ အရိပ်ဟာ ထူးထူးခြားခြား ၅ ဂဏန်းပုံစံ ဖြစ်နေလို့ပါပဲ။ ပြီးတော့ "It's almost here" တဲ့။ ဒါကလည်း အားလုံး မျှော်လင့်နေကြတဲ့အတိုင်း ရောက်လာတော့မည်ပေါ့။ ကောလဟလတွေ အမျိုးအမျိုးထွက် အိုင်ဖုန်း ၅ လို့ ယူဆရတဲ့ ပုံတွေ အမျိုးအမျိုးထွက်ပြီး ထင်ကြေးပေးခံနေရတဲ့ အဲဒီ အိုင်ဖုန်း ၅ က မကြာမှီရောက်လာတော့မည် ဆိုတဲ့သဘောလား ဆိုပြီး လူတွေက အတိတ်နိမိတ် ကောက်နေကြပါတယ်။

အိုင်ဖုန်း ၅ လို့ပဲ ခေါ်ခေါ် ဟိုတခါလို အိုင်ဖုန်း ၅ ထင်ပြီးတော့မှ အိုင်ဖုန်း ၄အက်စ် (iPhone 4S) ဆိုတဲ့ နာမည်နဲ့ ထွက်လာလာ သေချာတာကတော့ နောက်ထွက်လာမယ့် အိုင်ဖုန်း၊ အက်ပဲလ်က သေချာပေါက် ကြေငြာမယ်လို့ ယုံကြတဲ့ အိုင်ဖုန်းဟာ မျက်နှာပြင် ကြီးကြီး ဖြစ်မယ်၊ ပိုမြန်တဲ့ ပရိုဆက်စာ (Processor) ဖြစ်မယ်၊ ပိုခံတဲ့ ဘက်ထရီ ပါလာမယ်၊ 4G ကွန်ယက်ချိတ်ဆက်နိုင်မယ့် စနစ်ပါမယ်၊ မကြာသေးခင်ကမှ ထုတ်လိုက်တဲ့ iOS6 နဲ့ လာမယ်၊ မသေချာ ပေမယ့် ဖြစ်နိုင်ချေ ရှိလာနိုင်မယ့် ဖုန်းနဲ့ ငွေချေလို့ ရတဲ့ NFC (Near Field Communication) စနစ် စတာတွေ ပါလာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းနေပါတယ်။

နောက်တစ်ခုကတော့ အခုလက်ရှိ လူတွေ အ၀ယ်လိုက်နေကြတဲ့ Google Nexus 7 လို ၇လက်မ မျက်နှာပြင် ရှိတဲ့ တက်ဘလက်(Tablet) တွေကို ယှဉ်ဖို့ အိုင်ပက်ကို အရွယ်လျှော့ထားတဲ့၊ ၇လက်မ ၀န်းကျင်လောက်ရှိတဲ့ iPad mini ဆိုတာလည်း ထွက်လာနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အိုင် ချစ်သူတွေ တခြမ်းပဲ့ ပန်းသီး ပရိသတ်တွေ အတွက်ကတော့ စက်တင်ဘာ ၁၂ရက် အမေရိကန် ပစိဖိတ် စံတော်ချိန် မနက် ၁၀နာရီ၊ ကျနော်တို့ရဲ့ မြန်မာ စံတော်ချိန် ည ၈နာရီခွဲ၊ စင်ကာပူ စံတော်ချိန် ည ၁၀နာရီမှာ စပြီး ရင်ခုန် ကြရတော့မှာ ဖြစ်ပါတယ်။

ကျနော်လည်း အကြီးအကျယ် ရင်တုန် အဲလေ ရင်ခုန် ရပါမယ်။ ဘာလို့ဆို ရှိရှိသမျှ အိုင်တွေ၊ မက်စ်တွေ၊ ပန်းသီးတခြမ်းပဲ့ ကုမ္ပဏီက ထုတ်သမျှ စားသုံးနေတဲ့ စားသုံးသူကြီး တစ်ယောက် ရှိနေလို့ပါပဲ။ သက်ပြင်းအနည်းငယ်ချ အဲလေ နည်းနည်း ရင်ခုန်နှုန်းလျော့စေတဲ့ အချက်ကတော့ သူမရဲ့ ဖုန်း စာချူပ် နှစ်ပြည့်တော့မှာ မို့လို့ နောက်ထွက်မယ့် အိုင်ဖုန်းကို ဈေးသက်သာစွာနဲ့ ၀ယ်နိုင်မှာမို့ တော်သေးတယ်လို့ပဲ... အဲငှယ်....

1 comment:

  1. The best casino games - DrmCD
    Play at all the 동두천 출장샵 best online 익산 출장샵 casino games 광주광역 출장안마 - Slots, Blackjack, Roulette and Video Poker. With 하남 출장샵 a 성남 출장샵 focus on the most innovative aspects of online gaming, Dr.

    ReplyDelete