Sunday, January 6, 2013

စပွန်ဆာနဲ့ ကမ္ဘာတ၀ှမ်းမှာ မဂ်လာဆောင်မယ်

အဂ်လန်မှာ နေထိုင်ကြတဲ့ လီဆာ ဂမ့်န် (Lisa Gant) နဲ့ အဲလက်စ် ပဲလ်လင်းန် (Alex Pelling) တို့နှစ်ယောက် လွန်ခဲ့သော ဆယ်နှစ်ကျော်က စတင်တွေ့ဆုံခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာ သူတို့နှစ်ယောက်မှာ ဆိုင်သူကိုယ်စီ ရှိနေကြတော့ ဆုံစည်းဖို့ အခွင့်မသာခဲ့ကြပါဘူး။ နောက်တော့ သူတို့နှစ်ယောက် အဆက်အသွယ် ပြတ်သွားကြတယ်။ နဖူးစာ ရွာလည်ချင်တော့ နောက်သုံးနှစ် အကြာမှာ သူတို့နှစ်ယောက် ပြန်ဆုံတွေ့ပြီး ခွဲမရတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဒီလို သာမာန် ချစ်သူနှစ်ဦးဟာ သူတို့ချစ်ခရီးလမ်းမှာ စိတ်တူကိုယ်တူ အကြံအစည်တစ်ခုကို ကြံစည်ခဲ့ပါတယ်။ အဲတုန်းကတော့ ဒီအကြံအစည်ဟာ အင်တာနက်ခေတ် ကမ္ဘာကြီးမှာ သူတို့ကို နာမည်ကျော်သွားစေမယ်လို့ တွက်မထားခဲ့ကြပါဘူး။ အဲဒီ အကြံအစည်ကတော့ သူတို့နှစ်ယောက်ဟာ ကမ္ဘာပတ်ပြီး သူတို့ရဲ့ မဂ်လာပွဲကို ကျင်းပဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရောက်တိုင်းမှာ အဲဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအတိုင်း သူတို့ မဂ်လာဆောင်ကြပါမယ်။

 မက္ကဆီကို ရိုးရာဓလေ့နဲ့ မဂ်လာပွဲ ကျင်းပစဉ်
(Photo via 2people1life)

သူတို့အကြံအစည်ကို အကောင်ထည်ဖို့ သူတို့ရဲ့ လက်ရှိအလုပ်တွေကနေထွက် သူတို့ပိုင်ဆိုင်သမျှကို ရောင်းချပြီး သူတို့ခရီးသွားဖို့ အတွက် ၂၅နှစ်သက်တမ်းရှိ "ပက်ကီ" (Peggy) လို့ခေါ်တဲ့ "ကမ့်ဘာ ဗင်" (Camper Van) ကားလေး တစ်စီးနဲ့ အသုံးအဆောင် အချို့ပဲ ယူဆောင်ပါတယ်။ ကားလေး ကိုလည်း တစ်နေ့ ဓါတ်ဆီဖို့ ဒေါ်လာ ၆၀ထက် ပိုမကုန်အောင် သုံးပါတယ်။ စားရိတ်စက သက်သာအောင် ဟိုတယ်တွေမှာ မနေပါဘူး။ ကမ့်(Camp) ထိုးလို့ရမယ့် နေရာတွေမှာပဲ နေကြပြီး အစားအသောက်ကို ကိုယ်တိုင် ချက်စားကြပါတယ်။

ကဲ ဒါဆို သူတို့ မဂ်လာဆောင် စားရိတ်ကရော... သူတို့နှစ်ယောက် မြန်မာပြည်က စပွန်ဆာနဲ့ မဂ်လာဆောင်တဲ့ သတင်းကို ကြားသွားတာပဲ ဖြစ်ရပါမယ်။ သူတို့နှစ်ယောက်ကတော့ သူတို့ရောက်တဲ့ နိုင်ငံ၊ မြို့နဲ့ မဂ်လာပွဲ ကျင်းပချင်တဲ့နေရာတွေက မဂ်လာဝတ်စုံ ရောင်းငှားတဲ့ဆိုင်တွေ၊ ဓါတ်ပုံဆရာတွေ၊ ခရီးသွားလုပ်ငန်းတွေဆီကနေ စပွန်ဆာ ယူပါတယ်။ စပွန်ဆာပေးတဲ့ လုပ်ငန်းရှင်တွေက  သူတို့နှစ်ယောက်စာ ၀တ်စုံ ဆင်ပေး ဓါတ်ပုံရိုက်ပေး နေရာဆင်ပေး (အကျွေးအမွေး မပါပေါ့နော်) စတာတွေ အကုန်ခံရုံနဲ့ မော်ဒယ် မင်းသား မင်းသမီး ရှာစရာ ငှားစရာမလိုဘဲ သူတို့ လုပ်ငန်းကို ကမ္ဘာတ၀ှမ်းကို အင်တာနက်ကနေ ကြော်ငြာ ပြီးသား ဖြစ်သွားတာကြောင့် နှစ်ဦး နှစ်ဖက် အကျိုးရှိသွားတာပါပဲ....

အခုဆိုရင် ဂမ့်န် နဲ့ ပဲလ်လင်းန် တို့နှစ်ယောက် ၂၀၁၁ နိုဝင်ဘာလ ကတည်းကနေ အဂ်လန်နိုင်ငံ မန်ချက်စတာ ကနေ အစ ဘီလဇ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း သုံးဆယ်ကျော်ခန့်ကို သွားရောက်ပြီး မဂ်လာပွဲတွေ ကျင်းပပြီးခဲ့ပါပြီး။ ဒါပေမယ့် သူတို့နှစ်ယောက် အခုချိန်ထိ တရားဝင် လက်ထပ်ထားတာ မရှိသေးပါဘူး။ တကယ်တော့ သူတို့ အကြံအစည်က သူတို့ရည်မှန်းထားတဲ့ နိုင်ငံအစုံကို သွားရောက်ပြီး အဲဒီနိုင်ငံတွေရဲ့ ဓလေ့ထုံတမ်းအတိုင်း အစမ်းသဘော မဂ်လာဆောင်ပြီးမှသာ သူတို့ စိတ်အတိုင်းအကျဆုံး ပုံစံနဲ့ နေရာကို ရွေးချယ်ပြီး တကယ့် မဂ်လာဆောင်ကို ကျင်းပမှာ ဖြစ်ပါတယ်။ သူတို့ခရီးကို ၂၀၁၄ ခုနှစ်ထဲမှာ အဆုံးသတ်မယ်လို့ စီစဉ်ထားပါတယ်တဲ့

သတင်းဌါနကြီးတွေဆီက အင်တာဗျူးကြောင့် သူတို့နှစ်ယောက်ကို လူသိများလာပြီး စပွန်ဆာ ကမ်းလှမ်းချင်တဲ့ လူတွေလည်း များလာပါတယ်။ အခုဆိုရင် ယူနီဆက် (UNICEF)ကလည်း သူတို့နှစ်ယောက်ကို သံတမန်ခန့်ကာ သူတို့နှစ်ယောက်ကနေ တဆင့် အလှူခံလျက် ရှိပါတယ်။ အင်တာဗျူးတွေမှာ ပြောတာက သူတို့နှစ်ယောက် ဒီအကြံအစည်ကို စခဲ့တာ ဒီလောက်ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ သလို နာမည်ကြီးအောင်ဆိုပြီ တမင်လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ကဲ ... စိတ်ကူးလေးကို အားမကျ ကျဘူးလား...

သူတို့ရဲ့ ဘလော့လေးကို သွားမယ် - http://2people1life.com/blog/

ကိုးကားရာ - http://www.dailymail.co.uk/news/article-2238100/Lisa-Gant-Alex-Pelling-Couple-tie-knot-29th-time--20-MORE-weddings-go.html

No comments:

Post a Comment