မနှစ် အောက်တိုဘာလက ကွယ်လွန်သွားတဲ့ အက်ပဲလ် ကုမ္ပဏီ တည်ထောင်သူ စတိပ်ဂျော့ အိမ်ကို မကြာသေးမီကပဲ သူခိုးဝင်ခိုးသွားတဲ့ သတင်းကို ဖတ်မိကြမယ် ထင်ပါတယ်။ အခုတော့ ဒီသူခိုးကို ရဲတွေက အပူတပြင်းကို လိုက်ရှာစရာ မလိုဘဲ ဖမ်းမိသွားခဲ့ပါတယ်။ သူခိုးကတော့ အသက် ၃၅နှစ် အရွယ်ရှိ 'ကာရီယမ် မက်စ်ဖာလင်' (Kariem McFarlin) ဆိုတဲ့ မလည်ရှုပ် သူခိုးတစ်ယောက်ပါပဲ။
စတိပ်ဂျော့အိမ်က သူခိုးသွားတဲ့ ပစ္စည်းတွေကတော့ စတိပ်ဂျော့ ကိုယ်တိုင် တီထွင်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပတ်နဲ့ အက်ပဲလ် တီဗွီ အပါအ၀င် ခရက်ဒစ်ကတ်တွေ၊ စိန်ဆွဲကြိုး နဲ့ စတိပ်ဂျော့ရဲ့ ပိုက်ဆံအိတ်တောင် ပါ ပါတယ်တဲ့။ ဒီထဲမှာ ထူးခြားတာက စတိပ်ဂျော့ဆီ ရေးထားတဲ့ စာတစ်စောင်တောင် ပါ ပါသေးတယ်။ အစတုန်းကတော့ သူ့ဝင်ခိုးမိတဲ့ အိမ်ဟာ စတိပ်ဂျော့ ရဲ့ အိမ်မှန်း မသိပါဘူး။ သူက အဲဒီစာကို ဖတ်မိပြီးနောက်မှာ စတိပ်ဂျော့ ရဲ့ အိမ်မှန်း သိသွားပါတယ်။ အဲ့ဒီအတွက် စတိပ်ဂျော့ မိသားစုကို တောင်းပန်တဲ့ စာတစ်စောင် ထုတ်ပြန်ဖို့ ဆန္ဒရှိတယ်လို့ သူ့ကို ဖမ်းပြီး တရားစွဲဖို့ ပြင်နေတဲ့ ရဲ တွေက ပြောပါတယ်။ စတိပ်ဂျော့ ရဲ့အိမ်ဟာ လက်ရှိအချိန်မှာ ပြန်ပြင်နေပြီ သူ့မိန်းမက တခြားအိမ်တစ်ခုမှာ သွားနေ နေပါတယ်။ 'မက်စ်ဖာလင်' ဟာ အိမ်ထဲကို ၀င်ဖို့သော့ကို အိမ်အပြင်ဘက် ဗီဒိုတစ်ခုကနေ ရသွားပြီး အိမ်ထဲကို အလွယ်တကူ ၀င်ကာ ပစ္စည်းတွေကို ခိုးယူဆောင်နိုင်ခဲ့ပါတယ်လို့ ရဲ တွေက ပြောပါတယ်။
သူခိုးလာတဲ့ အထဲက 64GB iPad နှစ်လုံးကို သူ့ သမီးကို တစ်လုံး၊ သူ့ သူငယ်ချင်းကို တစ်လုံး ပေးလိုက်ပါတယ်။ သူကတော့ စတိပ်ဂျော့ရဲ့ အိုင်မက်စ် (iMac) ကွန်ပြူတာကို အပိုင်စားယူပြီး သူ့ရဲ့ အိုင်ကျူးန် (iTune) အကောင့်နဲ့ သုံးလိုက်တာမှာ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင့် စွပ်သလို သူ့ကို ကံဆိုးမိုးမှောင် ကျသွားစေခဲ့တာပါပဲ။ စတိပ်ဂျော့ရဲ့ ကွန်ပြူတာဟာ တစ်ခြားလူ တစ်ယောက်ရဲ့ အကောင့်နဲ့ အက်ပဲလ် ဆာဗာကို ဆက်သွယ် လိုက်တဲ့အချိန်မှာပဲ အက်ပဲလ် နည်းပညာ ၀န်ထမ်းတွေနဲ့ ထောက်လှမ်းရေးတွေက သတိပြုလိုက်မိပြီး ရဲကို အကြောင်းကြားလိုက်တာမှာ ရဲက သူခိုးကို ခြေရာခံဖို့ လမ်းစ အလွယ်တကူပဲ ရသွားပါတယ်။ အဲဒီနောက် ချက်ချင်းပဲ ရဲတွေက 'မက်စ်ဖာလင်' အိမ်ကို ၀ရမ်းနဲ့ ၀င်စီး လိုက်တဲ့အခါမှာ ခိုးရာပါ ပစ္စည်းတွေနဲ့ တခါတည်းနဲ့ လက်ပူးလက်ကြပ် မိသွားပါတော့တယ်။ ဒါဟာ စတိပ်ဂျော့ ဖန်းတီးထားတဲ့ နည်းပညာ တစ်ခုပါပဲ၊ အရင်တခါကလည်း မက်စ်ဘွတ်ခ် ပရို (MacBook Pro) ခိုးသွားတဲ့ သူခိုးကို ဒီလိုနည်းနဲ့ပဲ ဖမ်းမိခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူခိုးရဲ့ ပုံကိုတောင် မက်စ်ဘွတ်က သူ့ ၀က်ဘ်ကမ်(WebCam)နဲ့ ရိုက်ယူထားလိုက်နိုင်ခဲ့ပါတယ်။
အခုတော့ 'မက်စ်ဖာလင်' ကို Silicon Valley, Palo Alto ရဲ တွေက ဖောက်ထွင်းမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
'မက်စ်ဖာလင်' တကယ့် အမှားက နည်းပညာကို အသုံးပြုမိတာ ဖြစ်ပြီး၊ ဒီလိုတာ သူမသုံးခဲ့ရင် သူ အဖမ်းခံရချင်မှ အဖမ်းခံရမယ်လို့ သတင်းတွေက ဆိုကြပါတယ်တဲ့။
Ref;
http://news.cnet.com/8301-13579_3-57493512-37/police-burglar-nabbed-after-turning-on-steve-jobs-stolen-macs/
http://www.thedaily.com/page/2012/08/14/081412-news-steve-jobs-burglary/
"The true value of a human being is determined primarily by the measure and the sense in which he has attained to liberation from the self" ― Albert Einstein
Thursday, August 16, 2012
Wednesday, August 15, 2012
ဘီလာရုစ်က ထိပ်တန်း စစ်ဗိုလ်ချူပ် နှစ်ဦးကို ထုတ်ပယ်ခံရစေခဲ့တဲ့ Teddy Bear စစ်ဆင်ရေး
ဆိုဗီယက် ပြည်ထောင်စုကနေ ပဲ့ထွက်လာခဲ့တဲ့ ဘီလာရုစ်နိုင်ငံဆိုတာ ဥရောပမှာ နောက်ဆုံး ကျန်ရှိနေသေးတဲ့ အာဏာရှင် နိုင်ငံတစ်နိုင်ငံလို့ တင်စားခံရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ လက်ရှိအုပ်ချူပ်နေတဲ့ သမ္မတ 'အလက်ဇန်ဒါး လက်ခ်ကာရှန်ကို' (Alexadar Lukashenko) ဟာ ၁၉၉၄ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံကို အုပ်ချူပ်နေခဲ့တာ အခု ၁၈နှစ်တောင် ရှိနေပြီပေမယ့်လည်း ဆင်းမယ့်ပုံ မပေါ်သေးပါဘူး။ ၂၂ နှစ်မှ မပြည့်သေးတာကိုး... နော်...
အာဏာရှင်နိုင်ငံ ဆိုတဲ့အတိုင်း ဖိနှိပ်ချူပ်ချူယ်မှုတွေကတော့ အထူးပြောနေစရာမလိုပါဘူး။ ဒီလို နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ထိပ်တန်း နိုင်ငံခေါင်းဆောင် အချို့ဟာ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ခံရပြီးတော့ လူအခွင့်အရေးသမားတွေ မျက်စောင်းထိုး တို့ထိမှုတွေကို မကြာခဏခံရလေ့ရှိပါတယ်။ ဆက်ပြီးတော့ ထုံးစံအတိုင်း သူတို့ ပြည်တွင်းက တက်ကြွသူတွေကတော့ တက်ကြွတာနဲ့ ထောင်ထဲကို တန်းခနဲနေအောင် ရောက်သွားအောင် ပို့လိုက်တာပါပဲ....
ဒီလောက်ရက်စက်တဲ့ ဘီလာရုစ်က အာဏာရှင်ခေါင်းဆောင်တွေဟာ မကြားသေးမီကပဲ ပြင်ပက လူအခွင့်အရေးသမားတစ်ချို့ရဲ့ ရိုးရှင်း စစ်ဆင်မှုတစ်ခုကို မကာကွယ်နိုင်ခဲ့လို့ အရှက်ရစရာတစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို သူတို့ နာမည်ပေးထားတာကတော့ "Teddybear Airdrop Minsk 2012" ပါတဲ့။ 'Minsk' ဆိုတာ ဘီလာရုစ်နိုင်ငံရဲ့ မြို့တော် နာမည်ပါ။
၂၀၁၂ ဇူလိုင်လ ၄ရက်နေ့မှ ဆွီဒင်နိုင်ငံအခြေစိုက် Studio C ကြော်ငြာ အေဂျင်စီက "သောမတ်စ် မက်ဇက်တီ" နှင့် "ဟာနဟ် ဖရေး" (Tomas Mazetti and Hannah Frey) တို့ နှစ်ယောက်ဟာ လေထီးငယ်လေးတွေ ဆင်ထားပေးတဲ့ တက်ဒီ ၀က်ဝံ အရုပ် ရာချီတင်ဆောင်ထားတဲ့ လေယာဉ်ငယ်လေးကို မောင်းပြီး လီသူယေးနီးယာနိုင်ငံ နယ်စပ်မှ တဆင့် ဘီလာရုစ်နိုင်ငံရဲ့ လေပိုင်နက်ထဲကို တရားမ၀င် တိတ်တဆိတ် ၀င်ရောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်က ဘီလာရုစ်မှာ လွတ်လပ်စွာ ပြောဆို ရေသားခွင့်နဲ့ ဖမ်းဆီးထားတဲ့ တက်ကြွသူတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီ ကျင့်သုံးဖို့ စတာတွေ တောင်းဆိုထားတဲ့ စာတွေကို ၀က်ဝံရုပ်နဲ့ ကပ်ထားပြီးတော့ ဘီလာရုစ်နိုင်ငံတွင်းကို အရုပ်တွေကို လေယာဉ်ကနေတဆင့် ဖြန့်ချထားဖို့ပါ။ အစကတော့ သူတို့ဟာ ၀က်ဝံရုပ်ကလေးတွေကို ဘီလာရုစ် မြို့တော် 'မင့်စ်' (Minsk) မြို့က အစိုးရ အဆောက်အဦးတွေအပေါ်ချဖို့ စီစဉ်ထားခဲ့ပေမယ့် လေယာဉ်ဆီ လုံလောက်မှု မရှိမှာကို စိုးရိမ်တာက တစ်ကြောင်း သူတို့ လေယာဉ်ဆီကို ဘီလာရုစ်လေတပ်က ဆက်သွယ်သွားမိတာက တစ်ကြောင်းကြောင့် 'မင့်စ်' မြို့အနီးက 'အိုက်ပီရ်အနက်စ်' (Ivyanets) မြို့လေးပေါ်ပဲ ကျဲချနိုင်ခဲ့ပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒါတောင်မှ လေယာဉ်ငယ်ဟာ ဘီလာရုစ်နိုင်ငံထဲမှာ ၁နာရီခွဲခန့် ကြာ မြေပြင်ကနေ အမြင့်ပေ ၁၅၀ခန့် ပျံသန်းနိုင်ခဲ့ပြီး ဘယ်လို အတားအဆီးမျိုးမှ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။ အဲလို ကျဲချတဲ့ အချိန်မှာ Studio C ကို တည်ထောင်သူ 'ပါ ခရုမ်ဝဲလ်' (Per Cromwell) ဟာ 'အိုက်ပီရ်အနက်' မြို့ရဲ့ မြေပြင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ သူတို့ကျဲချခဲ့တဲ့ ၀က်ဝံအရုပ်ကလေးတွေဟာ အခုပေါင်း ၈၀၀ခန့်တောင် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။
သူတို့ အခုလိုလုပ်ခဲ့တာကို ဗွီဒီယို ရိုက်ကူးမှုတွေနဲ့ သေချာ မှတ်တမ်းတင်ခဲ့ပြီး အစပိုင်းမှာ ဗွီဒီယိုကလစ်တွေ တစချင်းစီ ထုတ်ပြီး သူတို့လုပ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ ဒါကို ဘီလာရုစ် ခေါင်းဆောင်တွေက ဒီဗွီဒီယိုကလစ်တွေ တမင် အထူးပြုလုပ်မှုတွေနဲ့ ဖန်တီးထားပြီး တကယ် အမှန်မဟုတ်ဘူးလို့ လိမ်ညာ ငြင်းခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ Studio C က သူတို့ရဲ့ လှုပ်ရှားမှုတွေ အပြည့်ပါပြီး လုံးဝ ပြင်ဆင်တည်းဖြတ်မှု မလုပ်ရသေးတဲ့ မိနစ် ၉၀ကြာ ဗွီဒီယိုကလစ်ကို ယူကျူပေါ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လူတွေ တော်တော်များများ သတိထားမိသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၀က်ဝံရုပ် စစ်ဆင်ရေး ဖြစ်ပွားခဲ့အပြီး နောက်သုံးအပတ်ကြာမှာ ဘီလာရုစ် တာဝန်ရှိသူတွေကို ဒီအဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တာကို လက်ခံလိုက်ပြီး ဒါကို တုံ့ပြန်ပါတော့တယ်။ သမ္မတ 'လက်ခ်ကာရှန်ကို' ကတော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး တော်တော့ကို စိတ်ဆိုး ဒေါသထွက်ကာ 'ကြွက်မနိုင် ကျီမီးရှို့' ဆိုသလို နယ်စပ်ကာကွယ်ရေးကို တာဝန်ယူထားတဲ့ ဗိုလ်ချူပ်နဲ့ လေတပ် ဗိုလ်ချူပ်တို့ နှစ်ဦးကို တာဝန်လစ်ဟင်းတယ်ဆိုပြီး ရာထူး ထုတ်ပယ်လိုက်ပါတော့တယ်။ နောက်ပြီး ဆွီဒင်နိုင်ငံနဲ့ သံတမန် အဆက်အသွယ် ဖြတ်မယ်ဆိုကာ နိုင်ငံတွင်း ဆွီဒင် သံအမတ်နဲ့ သံဝန်ထမ်း မိသားစု အားလုံး ကို သြဂုတ် ၃၀ရက် နောက်ဆုံးထားပြီး နိုင်ငံက ထွက်ခွါဖို့ အမိန့်ထုတ်ခဲ့ပြီး ဆွီဒင်နိုင်ငံက ဘီလာရုစ် သံအမတ်နဲ့ သံဝန်ထမ်း အားလုံးကို ပြန်ခေါ်လိုက်ပါတော့တယ်။ ဒါနဲ့ မပြီးသေးဘဲ ဒီလုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ Studio C အဖွဲ့သားတွေ နိုင်ငံတွင်းကို လာပြီး ၁၀ရက်အတွင်း ဖြေရှင်းချက်ပေးဖို့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေး ၀ဘ်ဆိုဒ်ကနေရော အီးမေးလ်ပို့ပြီးတော့ပါ ဆင့်ခေါ်ထားပါတယ်။ တကယ်လို့ ၁၀ရက်အတွင်း မလာခဲ့ရင် ၂နှစ်ထိ အကျင့်မှန် ပြန်ပြင်ပေးဖို့ လုပ်ဆောင်ခံရနိုင်ပြီး ဒါမှမဟုတ်ရင်လည်း ထောင်ဒဏ် ၆လ အထိ ကျခဲ့ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကပဲ လစ်သူရေးနီးယားနိုင်ငံက တာဝန် ရှိသူတွေကိုလည်း သမ္မတကြီး အခုလို ပြောဆို လိုက်ပါသေး တယ်။
"Lithuania should not be sitting like mice under a broom. They must answer to us why they provided their territory for national border violation. If there is anyone who won't find it funny, it is Lithuania"
'လစ်သူယေးနီးယား က တံမြက်အောက်က ကြွက်လို ထိုင်မနေသင့်ပါဘူး။ ဒီလို တရားမ၀င် နိုင်ငံဖြတ်ကျော်မှု လုပ်တဲ့ဟာမှာ ဘာလို့ ကိုယ့်နိုင်ငံ ပိုင်နက်ကို အသုံးပြုခွင့်ပေးလဲဆိုတာ ကျူပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်။ ဒီဟာကို ဘယ်သူကမှ ဟာသ မလုပ်နေဘူးဆိုရင်တောင် လုပ်နေတဲ့သူကတော့ လစ်သူရေးနီးယား ပဲ ဖြစ်ရမယ်'
လို့ သမ္မကြီး 'လက်ခကာရှန်ကို' က ဒေါသတကြီး ပြောဆိုလိုက်ပါတယ်။
Studio C အဖွဲ့သားတွေကတော့ သူတို့ဆင့်ခေါ်ထားတာကို သွားဖို့မရှိဘဲ တကယ်လို့ သမ္မတကြီးက ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးပြောဆိုချင်တယ်ဆိုရင် သူတို့ ဆွီဒင်နိုင်ငံကို လာလည်တဲ့အခါမှာ ပြောကြဆိုကြလို့ ရပါတယ် ဆိုပြီး ပြန်ပြောထားပါတယ်။
နောက်ဆက်တွဲ အဖြစ်အပျက် အနေနဲ့ကတော့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေးတွေဟာ ပြည်တွင်းက လူငယ် ဂျာနယ်လစ်တစ်ယောက်ကို သူ့ဝက်ဘ်ဆိုဒ်မှာ ဒီအကြောင်း သတင်းဓါတ်ပုံ တင်မှုနဲ့ ဖမ်းပြီး၊ ဒီလူငယ်ကို ဓါတ်ပုံပို့ပေးခဲ့တဲ့ အိမ်ခြံမြေ အေးဂျင့်တစ်ယောက်ကိုလည်း ဖမ်းလိုက်ကာ နှစ်ယောက်လုံးကို ထောင်ထဲထည့်လိုက်ပါတယ်။ Studio C အဖွဲ့သားတွေကတော့ ဒီနှစ်ယောက်ဟာ ဒီကိစ္စနဲ့ ဘာမှ ပက်သက်တာ ရှိတာ မဟုတ်လို့ ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက လူအခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းမှု အဖွဲ့တို့နဲ့ အတူ တောင်းဆိုလိုက်ပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေကလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ကာ ဆွီဒင်နိုင်ငံဘက်ကို ထောက်ခံကြောင်း ကြေငြာခဲ့ပြီး ဘီလာရုစ်နိုင်ငံကိုတော့ တစ်ခုခု တုံ့ပြန်ဖို့ ကြေငြာချက်ထဲ မပါပေမယ့် တစ်ချို့သတင်းတွေမှာတော့ ဘီလာရုစ် နိုင်ငံမှာ ရှိနေတဲ့ အီးယူးနိုင်ငံက သံတမန်တွေကို ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလိုလုပ်တဲ့နေရာမှာ ဘာလို့ တက်ဒီ ၀က်ဝံ အရုပ်ကလေးတွေကို ရွေးလဲဆိုတော့ ဘီလာရုစ်နိုင်ငံက ထောင်ကို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ တက်ကြွသူတွေဟာ ဆန္ဒပြကြတဲ့ အခါတိုင်း တက်ဒီဝက်ဝံ အရုပ်လေးတွေကို ကိုင်ဆောင်နေကျမို့ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့လဲ ပါတယ်လို့ ဆိုပါတယ်။ Studio C အဖွဲ့သားတွေဟာ ဒီလို တက်ဒီ ၀က်ဝံရုပ် စစ်ဆင်ရေးလုပ်ဖို့ သုံးယောက်ထိုင် လေယာဉ်ငယ် ၀ယ်တာ အပါအ၀င်၊ လောယာဉ်ကို မောင်းသင်ကျင့်တာပါ တစ်နှစ်လောက် အချိန်ယူခဲ့ပြီး ဘီလာရုစ် အာဏာရှင် အစိုးရကို အရှက်ကွဲစေမယ့် "Teddybear Airdrop Minsk 2012" အတွက် စားရိတ်အားလုံးပေါင်း ဒေါ်လာ ၁၈၄၅၀၀ ခန့်တောင် ကုန်ကျခဲ့ပါတယ်တဲ့ဗျာ။
PS:
Youtube မှာ Teddy Bear Minsk ဆိုပြီး ရှာကြည့်နိုင်ပါတယ်။
Ref;
http://en.wikipedia.org/wiki/Teddybear_Airdrop_Minsk_2012

(Credit - CBS News)

Tuesday, July 17, 2012
ကြောင် ရုပ်ရှင်ပွဲတော် ကျင်းပမည်
ယနေ့ခေတ် အင်တာနက်ခေတ် လူတိုင်း လူတိုင်း လိုလို ကိုယ့်မှာ ရှိတဲ့ စွမ်းရည် တစ်မျိုးမျိုးကို အင်တာနက်ပေါ်မှာ တင်လိုက်ရုံနဲ့ လူကြိုက်များသွားရင် တခါတည်းနဲ့ ပေါ်ပြူလာ ဖြစ်ဖြစ်သွားကြပါတယ်။ အဲဒီအထဲမှာ လူတွေတင် မဟုတ်ဘဲ ကြောင်တွေလည်း ပါပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ နေထိုင်လှုပ်ရှား ဆော့ကစားမှုတွေကို သူတို့ သခင်တွေက ဗွီဒီယိုရိုက်ယူပြီး ယူကျုပေါ်မှာ တင်လိုက်တာကနေ တစ်ချို့ကြောင်လေးတွေဟာ ချစ်စရာ ကောင်းလွန်းတော့ ကြည့်ရှုမှုအကြိမ်ရေပေါင်း သန်းဂဏန်းကျော် ရပြီး ပေါ်ပြူလာ ဖြစ်သွားကြပါတယ်။ တစ်ချို့ဆို စာအုပ်တွေဘာတွေ ထုတ်တဲ့အထိ အောင်မြင်သွားကြပါတယ်။
ကဲ အခု အဲလို ပေါ်ပြူဖြစ်သွားကြတဲ့ ဆလစ်ဘရစ်တီ ကြောင်တွေ အတွက် ကြောင် ရုပ်ရှင် ပွဲတော် တစ်ခုကို အမေရိကန်နိုင်ငံ၊ မင်နီယာပိုလစ်စ် က Walker Art Center, Open Field မှာ ကျင်းပပေးဖို့ စီစဉ်ထားပါတယ်တဲ့။ အခုဆိုရင် ယူကျူပေါ်က နာမည်ကျော် ဆလစ်ဘရစ်တီ ကြောင်တွေဟာ သူတို့ကိုယ်ပိုင် ဗွီဒီယို ရုပ်ရှင်ပွဲတော် တစ်ခု ရရှိဖို့ အခွင့်အလမ်း ရှိသွားတယ်။
'ကွန်ပြူတာ မျက်နှာပြင် သေးသေးလေးပေါ်မှာ ညည ယူကျူပေါ်က ချစ်စရာကြောင် ဗွီဒီယိုကလစ်လေးတွေကို တစ်ယောက်ထဲ ကြည့်ပြီး ခိုးခိုးခစ်ခစ် ရီနေမယ့်အစား အခု Live Screen ကြီးမှာ ပါဝင် ပြသကြည့်ရှုဖို့ အချိန်ကောင်းပါပဲလို့'
ဒီပွဲကို စီစဉ်တဲ့သူ ထဲက တစ်ယောက်ဖြစ်တဲ့ Katie Czarniecki Hill က သူရဲ့ ဘလော့ မှာ ရေးထားပါတယ်။
ဒီပွဲကို သြဂုတ်လ ၃၀ ကြသပတေးနေ့ ညနေခင်းမှာ ကျင်းပမှာ ဖြစ်ပြီး၊ စာရင်းတင်သွင်း ဗွီဒီယိုတွေ ပေးပို့ရမယ့် နောက်ဆုံးရက်ကတော့ လာမယ့် ဇူလိုင်လ ၃၀ရက် ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဒီလင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားလုံး စိတ်ဝင်စားနေတာကတော့ အင်တာနက်မှာ အင်မတန်မှာ ပေါ်ပြူလာ ဖြစ်နေပြီးသား ကြောင်တွေဖြစ်တဲ့ "I am Maru", Surprised Kitten, Keyboard Cat နဲ့ Stalking Cat တို့တွေ လာရောက် ပြသကြမှာလား ဆိုတာပါပဲ။
ကဲ စိတ်ဝင်စားသူများ ကြုံတောင့် ကြုံခဲ ရုပ်ရှင် ပွဲတော်မှာ အမည်စာရင်းတင်သွင်း ဗွီဒီယိုဖိုင်ပို့ကာ ၀င်ရောက်ပြသနိုင်ပါပြီး။ လူကို ပြောတာ မဟုတ်ဘူးနော်.... ကြောင် ကြောင်....
ကြောင် ရုပ်ရှင်ပွဲတော် မကြည့်ခင် ကျနော် ကြည့်နေကျ Funny Cat ဗွီဒီယိုလေးကို ကြည့်လိုက်ကြပါဦး။

Wednesday, July 11, 2012
Sunday, July 1, 2012
ကံကောင်းတဲ့ ဖုန်းပိုင်ရှင်နဲ့ ထူးခြားတဲ့ တက္ကစီမောင်းသမား
တစ်နေ့က အိမ်ကနေ စင်ကာပူအရှေ့ခြမ်း အလွန်ဝေးတဲ့ Customer ဆိုဒ်တစ်ခုကို ရထားတဆင့် တက္ကစီတဆင့်နဲ့ သွားရပါတယ်။ အမှန်တော့ အလုပ် သွားလုပ်ရမယ့် နေရာနဲ့ အနီးဆုံး ရထားဘူတာကို ရထားစီး ပြီးမှ တက္ကစီနဲ့ သွားရမှာ ဖြစ်ပေမယ့် အဲဒီနေ့က ခရီးက ဝေးလွန်းတာကြောင့် အချိန်မမှီမှာစိုးလို့ တက္ကစီစီးဖို့ သင့်တော်တဲ့ ရထားဘူတာမှာ ဆင်းလိုက်ပါတယ်.
အဲဒီမှာ အထင်နဲ့ အမြင်လွဲသွားတယ်။ တက္ကစီစီးဖို့ လွယ်မယ်ထင်တဲ့ Bedok ဘူတာမှာ ဆင်းလိုက်တာမှာ သူကအရင်ကလို မဟုတ်ဘဲ စည်းကမ်းတကျကိုယ်တွေလို မရပ်ရနေရာတွေ တက္ကစီတားမှာစိုးလို့ ဖလက်ဖောင်းတွေမှာ အကာတွေ တောက်လျှောက်ကာထားတယ်။ အဲဒါနဲ့ အကာတွေလွတ်တဲ့ နေရာရောက်အောင် တကွေ့တပတ်ကြီး လမ်းလျှောက်ပြီးမှ လမ်းသွယ်လေးနဲ့ လမ်းမကြီးထောင့်နေရာတစ်ခုမှာ ရပ်ပြီး ကားတားဖို့ ပြင်လိုက်ပါတယ်။
တကယ်တမ်း အဲဒီနေရာလဲ တက္ကစီတွေ ရပ်လို့မရတဲ့အတွက် တားသော်ငြားလည်း တက္ကစီတွေက မရပ်ပေးပါဘူး... တက္ကစီအလွတ် သုံးစီးလောက် မရပ်ပေးတဲ့ အပြီးမှာ တက္ကစီတစ်စီးကတော့ ရပ်ပေးမယ် မြန်မြန်တက် အထာနဲ့ လာရပ်တော့ ကိုယ်လည်း ရပ်ရပ်ခြင်း ကားတံခါးဖွင့် စွပ်ခနဲ ကားထဲ ခုန်ဝင်လိုက်ပါတယ်။ သွားမယ့်နေရာ ပြောလို့အပြီးမှာ Customer ကို ဖုန်းလှမ်းခေါ်ပြီး နည်းနည်း နောက်ကျမယ့်အကြောင်း ပြောထားလိုက်ပါတယ်။
အဲဒီတော့မှပဲ လမ်းလျှောက်လိုက်ရလို့ ချွေးတလုံးလုံးနဲ့ ဖြစ်နေတာကို တက္ကစီ အဲကွန်းအေးအေးနဲ့ အမောဖြေနိုင်တော့တယ်။ ဒါတောင် ချက်ချင်း အအေးထဲ ၀င်လိုက်တော့ လူက နှာ တရှုပ်ရှုပ်ဖြစ်နေသေးတယ်။ အဲဒီမှာ ထူးခြားချက်က စပါတယ်။ တက္ကစီဆရာက အဲကွန်း အေးလို့လား လျှော့ပေးရမလားဆိုပြီး မေးပါတယ်။ နည်းနည်းတော့ အံ့သြမိတယ်။ တက္ကစီ စီးဖူးတဲ့ သက်တမ်းတလျှောက် တခါမှ ဒီလိုမမေးခံရဖူးဘူး။ ရပါတယ် မလိုပါဘူး ကျေးဇူးတင်ပါတယ်လို့ပဲ ဖြေလိုက်ပါတယ်။
ခဏနေတော့ တက္ကစီဆရာက နောက်ကြည့်မှန်ကနေ ကိုယ့်ကို သေချာကြည့်နေတာ သတိထားမိတယ်။ ပြီးတော့ မင်းက မြန်မာလားလို့ မေးပါတယ်။ ဟုတ်ပါတယ်လို့... အဲဒါနဲ့ သူက သူ့ဘေးခုံမှာ တင်ထားတဲ့ မိုဘိုင်းဖုန်းလေး တစ်လုံး ထုတ်ပြပါတယ်။ မနက်က သူ့ကားကို ငှားစီးတဲ့ လူငယ်လေး နှစ်ယောက် ဒီဖုန်းကို တက္ကစီပေါ်မှာ ကျန်ခဲ့ကြောင်း အဲဒီလူငယ်လေးဟာ မြန်မာတွေ ဖြစ်နိုင်ကြောင်း သူအရင် အလုပ်လုပ်ခဲ့တုန်းက မြန်မာတွေအများကြီးနဲ့ လုပ်ခဲ့ရဖူးကြောင်း ဒါကြောင့် မြန်မာတွေရဲ့ အသံကို သိကြောင်း ဒီဖုန်းကို မင်းကို ပေးလိုက်မယ် မင်းက ပိုင်ရှင်ကို ဆက်သွယ်ပြီး ပြန်ပေး ပေးဖို့ သူက ပြောပါတယ်။
အဲဒီမှာ ကျွန်တော်က မဟုတ်တာ... နင်ကားပေါ်မှာ ကျန်ခဲ့တာ နင်ပဲ ပြန်ပေးသင့်တာပေါ့... ငါ့ကို ပေးတော့ ငါက ပိုင်ရှင်ကို ပြန်မပေးဘဲ ယူထားရင် ဘယ်လိုလုပ်မလဲ ဆိုတော့ သူက မင်းကို ငါယုံတယ် အခုလောလောဆယ် ဖုန်းက ဘက်ထရီကုန်နေတာ... မနက်က ငါ့မဖွင့်တတ်လို့ ငါ့မိန်းမကိ့ ဖွင့်ခိုင်းကြည့်သေးတယ်... ခဏပဲရလို့... ဖုန်းကို အားပြန်သွင်းပြီးရင် ဖုန်းဝင်လာရင် နင်က ခေါ်တဲ့သူကို ပြောပြလိုက်ပေါ့လို့ သူက ပြောပါတယ်...
အဲဒါနဲ့ ကျနော်က ဖုန်းကို ယူလိုက်တယ်။ ပြီးတော့ သူ့ကို ဒီလို လုပ်ရအောင် နင်နဲ့ငါ ဖုန်းနံပါတ် လဲယူထားကြမယ် ဖုန်းကို ပြန်ပေးဖြစ် မပေးဖြစ် နင့်ကို ငါပြန်ပြောမယ် မပေးဖြစ်ဘူးဆိုရင်လည်း ငါနင့်ကို ဒီဖုန်းကို ပြန်ပေးမယ် ဆိုပြီး ကျွန်တော်တို့ နှစ်ယောက် ဖုန်းနံပါတ် လဲလိုက်ကြတယ်။ အဲဒါနဲ့ ကျွန်တော် အလုပ်လုပ်ရမယ့် နေရာရောက်ပြီးတော့ သူ့ကို နှုတ်ဆက်ပြီး ပိုင်ရှင်တွေ့အောင် ရှာပြီး ပြန်ပေး ပေးမယ့် အကြောင်း ပြောလိုက်ပါတယ်။ ဖုန်းကတော့ SONY Xperia Android ဖုန်းလေးပါ...
အလုပ်ထဲရောက်တော့ ကျွန်တော့ လက်ပ်တော့လေးနဲ့ အားသွင်း ထားလိုက်ပါတယ်။ ကံကောင်းတာက ကျနော့် ဖုန်းကြိုးနဲ့ ဖုန်းက အတော်ဖြစ်နေတာပဲ။ အလုပ်လုပ်ထဲ အာရုံရောက်နေရင်း ဖုန်းကို ခဏမေ့သွားတယ်။ နေ့လည်ထမင်းစား ခါနီးကျတော့ ဖုန်းကို သတိရပြီး ဖွင့်လိုက်ပါတယ်။ ဖွင့်ပြီးပြီးချင်းပဲ ဖုန်းကိုခေါ်ထားတဲ့ နောက်ဆုံး Missed call (voice mail call) နံပါတ်လေးကို ခေါ်လိုက်ပါတယ်။ တဖက် မိန်းကလေးတစ်ယောက်က ပြန်ဖြေတော့ အကျိုးအကြောင်း ပြောလိုက်တာမှာ မိန်းကလေးက ဖုန်းပိုင်ရှင်ရဲ့ ကျောင်းတက်ဖော် သူငယ်ချင်း ဖြစ်နေပါတယ်။ အဲဒါနဲ့ မိန်းကလေးကို ဖုန်းပိုင်ရှင်နဲ့ ပြောချင်ကြောင်း ဒီဖုန်းကို ပြီးရင် ပြန်ပိတ်ထားမှာမို့ ကျနော့်ဖုန်းကို Message ပို့ပေးလိုက်မယ်လို့ ပြောလိုက်ပါတယ်။
နေ့လည် ထမင်းစားချိန်ကြတော့ message ပို့ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျနော်လည်း ဖုန်းကို ပိတ်ထားဖို့ မေ့ပြီး အိတ်ထဲကို ဒီအတိုင်းပဲ ထည့်ထားလိုက်မိပြီး အလုပ်ထဲ ပြန်အာရုံ ရောက်သွားတယ်။ ညနေတော့ ပြန်ခါနီး ဖုန်းကို အိတ်ထဲ ထုတ်လိုက်တော့ ခေါ်ထားတဲ့ Missed calls တွေ အများကြီး Message တွေလည်း ပို့ထား ကြတယ်။ ကျနော့်ကို တကယ်တမ်း ဖုန်းပိုင်ရှင်ရဲ့ သူငယ်ချင်းတွေ ညီမရယ်က ခေါ်ထားကြ မက်စိပို့ထားကြတယ်လို့ နောက်တော့ ပြန်သိရတယ်။ ကျနော့်က တွေးမိတယ် ငါ့ကိုတော့ ခြေရာဖျောက်ပြီ ထင်ကြမှာပဲလို့။ တခါက သူငယ်ချင်းတစ်ယောက် ဖုန်းကို တက္ကစီပေါ်ကျန်ခဲ့တယ်... ဖုန်းကို ခေါ်တော့ တက္ကစီဆရာက ပြန်ပေးမယ် ပြောပြီး နောက်ရက်တွေကျ ခြေရာ ဖျောက်တာမျိုး ဖြစ်ဖူးတာ ကြားထားဖူးလို့ အဲလိုတွေးမိတယ်။
အဲဒါနဲ့ ညနေပြန်တော့ ဖုန်းထဲက Contactတွေကို ဖွင့်ကြည့်ပြီး ထိပ်ဆုံး Me လို့ ဆိုတဲ့ Contact ကို ဖုန်းပိုင်ရှင်ရဲ့ Alternate ဖုန်းဖြစ်မယ် ဆိုပြီး ခေါ်လိုက်ပါတယ်။ အဲဒီမှာ သူ့နဲ့ တိုးပါတယ်။ သူနဲ့ ဖုန်းပိုင်ရှင် အမှန်ဟုတ် မဟုတ် ဖုန်းရဲ့ပုံစံ အချက်အလက်အချို့နဲ့ Verify လုပ်ပြီးတော့ ညမှာ အိမ်ကို လာယူဖို့ ချိန်းလိုက်ပါတယ်။
ညရောက်တော့ သူက လာယူပါတယ်။ ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးမယ် ပြောတော့ မလိုပါဘူးလို့ ကျေးဇူးတင်ဖို့ ကောင်းတာ တက္ကစီဆရာပါလို့ ပြောပြီး တက္ကစီဆရာရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။ ကျေးဇူးတင်စကား ပြောချင် ပြောလို့ရတယ်။ သဘောပါပဲလို့။ ကျနော်ကတော့ တက္ကစီဆရာကို ပြောပြပေးဦးမယ်လို့ ပြောပြလိုက်ပါတယ်။ ဖုန်းပိုင်ရှင် ကောင်လေးကတော့ ကြုံတဲ့အခါ မုန့်ကျွေးမယ့်အကြောင်းတော့ ပြောသွားပါတယ်။
နောက်နေ့ မနက် ရောက်တဲ့အခါကျ တက္ကစီဆရာကို ဖုန်းကို ပြန်ပေးလိုက်ပြီ ဖြစ်ကြောင်း ကျေးဇူးတင်ကြောင်း ပြောလိုက်တဲ့အခါ သူက ဒုက္ခပေးမိတာ စိတ်မကောင်းပါကြောင်းနဲ့ မင်းရဲ့ Kindness အတွက်ကျေးဇူးတင်ကြောင်း ပြန်ပြောလာတာမှာ ကျနော်က 'အိုး မဟုတ်တာ မင်းရဲ့ Kindness နဲ့ စိတ်ထားကို ငါကကျေးဇူးတင်ရမှာလို့' ပြောဖြစ်လိုက်ပါတယ်။
ကံကောင်းတဲ့ ဖုန်းပိုင်ရှင်နဲ့ ထူးခြားတဲ့ တက္ကစီမောင်းသမားကြားက ကျနော် မောင်သန့် အကျိုးဆောင် ဖြစ်သွားကြောင်း ပါပဲခင်ဗျာ။
ဆက်စပ်ဖတ်ရှုရန်
Bigger ကြိုက်တဲ့ တက္ကစီဆရာ

Subscribe to:
Posts (Atom)