Monday, September 12, 2011

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃

ယခုအပိုင်းရဲ့ အကြောင်းအရာကို မတင်ပြမှီ အောက်က ဗွီဒီယိုကလစ်လေးကို အရင်ဆုံးကြည့်စေချင်ပါတယ်။

(ထိတ်လန့်စရာ မြင်ကွင်းပါလို့ အသက် ၁၆နှစ်အောက်နှင့် အသည်းငယ်တတ်သူများ ကြည့်ရှုရန် မသင့်ကြောင်း ကြိုပြောပါရစေ။)



ဗွီဒီယိုကလစ်ရဲ့  ၁၆စက္ကန့် ကနေစတဲ့ ထိတ်လန့်စရာ မြင်ကွင်းမှာ တွေ့ကြရမှာပါ။ လူတစ်ယောက်က ကလေးနှစ်ယောက်ကိုချီပြီး ရေကန်တစ်ခုထဲကနေ ဖြတ်ကျော်နေတုန်း သူတို့နောက်မှာ ပေါက်ကွဲမှုတွေနဲ့အတူ အပေါ်မှာနိမ့်နိမ့်လေး ၀ဲနေတဲ့ ရဟတ်ယာဉ်က သူတို့အပေါ်ကို ပျက်ကျသွားပါတယ်။

သာမာန်ကြည့်ရင် ဒါဟာ ဟောလီးဝုဒ် ရုပ်ရှင်တွေထဲက အထူးပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်ဇတ်ဝင်ခန်းတစ်ခန်းလို့ ထင်စရာရှိပါတယ်။ တကယ်တော့  ဒါဟာ ရုပ်ရှင်ရိုက်ကွင်းက ကင်မရာထဲမှာ မှတ်တမ်းတင်လိုက်နိုင်တဲ့ ၀မ်းနည်းကြေကွဲစရာကောင်းတဲ့ တကယ့်အဖြစ်အပျက် တစ်ခု ဖြစ်နေပါတယ်။ အဲဒီထဲက ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ရဲ့ ကံကြမ္မာကတော့ ပြောပြဖို့လိုတော့မယ်မထင်ပါ။ အလွန်သွေးပျက်စရာ ကောင်းလှပါတယ်။

အခုလို ရိုက်ကွင်းထဲမှာ သွေးပျက်စရာ ကောင်းတဲ့အထိ မတော်တဆဖြစ်ပျက်ခဲ့ရလောက်အောင် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ တီဗွီစီးရီးကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ 'Twilight Zone, The Movie' ဆိုတဲ့ ဇတ်ကားပါပဲ။ ဒီဇတ်ကားထဲ စတေးသွားခဲ့ရတဲ့ ဓားစာခံသုံးယောက်ကတော့ အသက် ၅၃နှစ်အရွယ် သရုပ်ဆောင် ဗစ်မဲရိုး (Vic Marrow)၊ ကလေး သရုပ်ဆောင် မိုင်ကာ ဒင့်လဲ (Myca Dinh Le) အသက် ၇နှစ် နဲ့ Renee Shin-Yi Chen အသက် ၆နှစ် တို့ပဲ ဖြစ်ပါတယ်။

ဖြစ်ပျက်ပုံ...

ဒီဇတ်ကားဟာ ဇတ်လမ်းကွဲ အပိုင်းလေးပိုင်းရှိပြီး ဒါရိုက်တာလေးယောက်က အပိုင်းတစ်ပိုင်းစီ ရိုက်ကူးခဲ့ကာ ပထမဆုံးအပိုင်း ဒါရိုက်တာ ဂျွန်လန်းဒစ်စ် (John Landis) ရိုက်ကူးရတဲ့ (Time Out) ဆိုတဲ့ အပိုင်းမှာ ဒီမတော်တဆမှု ဖြစ်ခဲ့တာပါ။ အကြောင်းရင်းခံကတော့ ၁၉၈၂ခုနှစ် ဇူလိုင် ၂၃ရက်  ညနှစ်နာရီခွဲမှာ ရိုက်ခဲ့တဲ့ ရိုက်ကွင်းဇတ်ဝင်ခန်းတစ်ခုမှာ ပေါက်ကွဲရေး လုပ်ရတဲ့ ရိုက်ကွင်းထဲက ပညာရှင်က ပေါက်ကွဲစေတဲ့ မီးရှုးမီးပန်းတွေ ဖောက်ရာမှာ အနိမ့်ပြန်နေတဲ့ ရဟတ်ယာဉ်ရဲ့ ပျံသန်းမှုကို ထိခိုက်စေနိုင်တာ မတွက်ချက်မိပဲ... မီးရှုးနှစ်လုံးကို ဆက်တိုက်ဖောက်လိုက်ပါတယ်။ အဲဒီအချိန် မီးရှုးကထွက်လာတဲ့ အမှုန်အစတွေနဲ့ အပူရှိန်တွေကြောင့် အပေါ်မှာ နိမ့်နိမ့်လေး ပျံနေတဲ့ ရဟတ်ယာဉ်ဟာ ထိန်းချူပ်မှုကနေ လွတ်ထွက်သွားပြီး လေယာဉ်တစ်ခုလုံး လည်ကာ အောက်ကိုထိုးဆင်းသွားပါတယ်။ လေယာဉ်ကိုယ်ထည်ကတော့ ကုန်းပိုင်းကို ကျခဲ့ပေမယ့် လေယာဉ်ရဲ့ ပန်ကာ ဒလက်တွေကတော့ ရေကန်ထဲက လူတွေအပေါ်ကို တည့်တည့်ကြသွားပြီး ရေကန်ထဲက ဗစ်မဲရိုးနဲ့ ကလေးနှစ်ယောက်ကတော့ ပန်ကာဒလက်ရိုက်မိပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ ပြတ်ကာ အဲဒီနေရာမှာတင် အသက်ဆုံးရှူံး သွားခဲ့ကြရပါတယ်။ လေယာဉ်ပိုင်းလော့ကတော့ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ အခုနက ပေါက်ကွဲရေးတာဝန်ခံရယ် ဒါရိုက်တာရယ်နဲ့ ရဟတ်ယာဉ်ထိန်းချူပ်သူတွေ နားလည်မှုလွဲကုန်တာကနေ ဖြစ်ပျက်ခဲ့ရခြင်း ဖြစ်ပါတယ်။


ဒီထဲက ကံဆိုးခဲ့ရတဲ့ ကလေးနှစ်ယောက်ဟာ ဒီရုပ်ရှင်ရိုက်ကွင်းထဲမှာ သူတို့ကို ထည့်ရိုက်နိုင်ဖို့ ရုပ်ရှင်ရိုက်သူတွေဟာ သာမန်ပေးနေကျထက်ပိုတဲ့ ငွေကြေးတွေ တရားမ၀င် ပေးခဲ့ပါတယ်။ ဒီလိုပေးရတာဟာ အဲဒီအချိန်တုန်းက သတ်မှတ်ထားတဲ့ ကယ်လိုဖိုးနီးယားပြည်နယ်ရဲ့ ကလေးများအလုပ်နဲ့ သက်ဆိုင်တဲ့ ဥပဒေကို ရှောင်လွှဲနိုင်ဖို့ ဖြစ်ပါတယ်။ ဒီရိုက်ကွင်းရိုက်တဲ့ အချိန်ဟာ ည ၂နာရီခွဲ အချိန်ခန့်ရှိပြီး..  ဥပဒေထဲမှာ ကလေးများကို အလွန်နောက်ကျတဲ့အချိန်မှာ အလုပ်လုပ်ခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာက အခုလို ညနောက်ကျချိန်မှာ ပေါက်ကွဲရေးတွေပါတဲ့ ရိုက်ကွင်းတွေထဲ ကလေးတွေကို အလုပ်လုပ်ခိုင်းစေတာကို ခြွင်းချက်အဖြစ် ခွင့်ပြုပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြရင်တောင် သက်ဆိုင်ရာက ခွင့်ပြုလိမ့်မယ် ဘယ်လိုမှ မထင်လို့ အခုလို တရားမ၀င်နည်းနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ Associate producer တစ်ယောက်ဖြစ်တဲ့ ဂျော့ဖောဆီး (George Folsey, Jr.) ဟာ ကလေးတွေရဲ့ မိဘတွေကို ရိုက်ကွင်းထဲမှာ ကလေးတွေ ပါနေတာကို မီးသတ်အဖွဲ့ကို မပြောပြဖို့ နှုတ်ပိတ်ထားပြီး ရိုက်ကွင်းထဲမှာလည်း အရံအသင့်ရှိနေတဲ့ မီးသတ်အရာရှိကို ဒီအကြောင်းဖုံးကွယ်ထားပါတယ်။ မီးသတ်အရာရှိကလည်း ဒီလိုပေါက်ကွဲမှုတွေ လုပ်တာဟာ ပျက်ကျမှု ဖြစ်စေနိုင်တာကို စိုးရိမ်မှု ရှိနေခဲ့ပေမယ့် ဒါရိုက်တာကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး...

ဒီမတော်မဆမှုကြောင့် ဒီရုပ်ရှင်အပိုင်း ရိုက်ကူးသူတွေကို တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ပြီး အမှုဟာ ၁၀စုနှစ်တစ်ခုနီးပါးမျှ ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရိုက်ကွင်းထဲမှာ ပါဝင်တဲ့  ဒါရိုက်တာ လန်းဒစ်စ်၊ Associate Producer ဖောဆီး၊ ထုတ်လုပ်မှု မန်နေဂျာ ဒန်အလင်ဂမ် (Dan Allingham), လေယာဉ် ပိုင်းလော့ခ် ဒေါဆီးဝင်ကို (Dorcey Wingo) နဲ့ ပေါက်ကွဲရေး မီးရှုးတာဝန်ခံ ပေါလ်စတီးဝပ် (Paul Stewart) တို့ဟာ လူအများအပြားသေဆုံးမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပေမယ့် ၁၉၈၇ခုနှစ်က တရားစီရင်မှုတစ်ခုမှာတော့ ပါဝင်သူ အားလုံးဟာ အပြစ်မရှိကြောင်း စီရင်ခံခဲ့ရပြီး တရားသေလွတ်ခဲ့ကြပါတယ်။

ဒီမတော်တဆမှု နောက်ပိုင်းမှာ ဟောလီးဝုဒ် ရုပ်ရှင်ရိုက်ကူးသူတွေဟာ ရဟတ်ယာဉ်သုံးရတဲ့ စတန့်တွေ အတတ်နိုင်ဆုံး ရှောင်ရှားပြီး ရိုက်ကူးခဲ့ကြပါတယ်။ နောက်ပြီး ကလေးတွေပါတဲ့ ညဘက်ရိုက်ကွင်းတွေနဲ့ အထူးစတန့်တွေပါတဲ့ ရုပ်ရှင်ရိုက်ကွင်းတွေရဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ခဲ့ကြပါတယ်။

အဲဒီခေတ်ထဲက ဟောလီးဝုဒ်ရုပ်ရှင်ထုတ်လုပ်မှုတွေမှာ ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ ခေတ်မစားသေးလို့ အခုလို အန္တရယ်များတဲ့ စတန့်တွေ လုပ်ခဲ့ရပေမယ့် ၁၉၉၀ခုနှစ်နောက်ပိုင်း ကွန်ပြူတာ အထူးပြုလုပ်ချက်တွေ ခေတ်စားလာတဲ့အခါမှာတော့ အဲလို အန္တရယ်များတဲ့ စတန့်ရိုက်ချက်တွေကို အများကြီး လျှော့ချနိုင်ခဲ့ပါတယ်။ ဥပမာ ပေါက်ကွဲရေးတွေ မီးလောင်မှုတွေပါတဲ့ စတန့်တွေနဲ့ လူသရုပ်ဆောင်တာတွေကို သပ်သပ်ခွဲရိုက်ပြီး နောက်မှာ ကွန်ပြူအထူးပြုလုပ်ချက်နဲ့ ပြန်ပေါင်းလိုက်ခြင်းလိုမျိုးကို ဆိုလိုတာပါ။

ဒီရုပ်ရှင်ထဲမှာ တွဲဘက် ထုတ်လုပ်သူ အနေနဲ့ရော ဒုတိယအပိုင်း ဒါရိုက်တာ တစ်ယောက်အနေနဲ့ပါ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ကတော့ နာမည်ကြီး ဒါရိုက်တာ စတီဗင် စပီးပတ် (Steven Spielberg) ဖြစ်ပြီး သူက ဒါရိုက်တာ ဂျွန်လမ်းဒစ်စ်ဟာ သူ့စကားတွေကို နာမထောင်ပဲ ရုပ်ရှင်ရိုက်ကွင်း ဥပဒေသတော်တော်များများကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲပြီး ဒီအဖြစ်အပျက်နောက်ပိုင်း ဂျွန်လမ်းဒစ်စ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တယ် သိရပါတယ်။

တခြားသူတွေရဲ့ အမှားတွေကြောင့် ရင်နင့်စရာ အသက် ဆုံးရှုံးသွားခဲ့ကြတဲ့ သရုပ်ဆောင် ဗစ်မဲရိုးနဲ့ ကလေးနှစ်ယောက် ဖြစ်တဲ့ မိုင်ကာနဲ့ ရီနီတို့ အတွက် ၀မ်းနည်းကြေကွဲရကြောင်း ဖော်ပြရင်း ခုလို မယုံနိုင်စရာ ဟောလီးဝုဒ်ရိုက်ကွင်းတစ်ခုရဲ့ နောက်ကွယ်က ကြွေကွဲစရာ အကြောင်းအရာတစ်ခုကို ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၃ အဖြစ် တင်ပြလိုက်ရပါတယ် ခင်ဗျာ။

ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ
ဟောလီးဝုဒ် ရိုက်ကွင်းပေါ်မှ ကြေကွဲဖွယ်ရာ ဖြစ်ရပ်များ - ၂

Ref: http://en.wikipedia.org/wiki/Twilight_Zone:_The_Movie#Helicopter_accident

4 comments:

  1. စိတ်မကောင်းစရာပဲဗျာ... ဒါနဲ့ဒီနောက်ပိုင်း သူတို့အထူးပြုလုပ်ချက်တွေနဲ့ လုပ်ထားတာတွေကို အတော်စိတ်ဝင်စားမိတယ်.. တကယ့်အစစ်အတိုင်းပဲ...း)).. ပြောရရင် ဟောလီးဝုဒ်ကားတွေတော့ အသေကြိုက်ပဲ... :D


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. အပြင်မှာကြည့်ရတာ သည်းထိတ်ရင်ဖိုဖြစ်ရသလို
    ရိုက်တဲ့သူတွေလည်း သည်းထိတ်ရင်ဖိုပါလား
    ရိုက်ကွင်းပေါ်က ထိခိုက်ဆုံးရှုံးမှုတွေတော့ သိပ်သတိမထားမိခဲ့ဘူး
    ခုမှဘဲ ဒါတွေလည်း ရှိတတ်တာ သိရတော့တယ်။
    စိတ်ဝင်စားမိတယ်။ ဇာတ်ကားတစ်ကား အောင်မြင်ဖို့ ပေးဆပ်ရတဲ့ ဆုံးရှုံးမှုတွေလည်း မနည်းပါလားနော်

    ReplyDelete
  3. ကိုယ်တွေက ရုပ်ရှင်ပဲကြည့်တာဆိုတော့ဒါတွေကိုမသိခဲ့ဘူး
    သူတို့လဲ ဒုက္ခများစွာနဲ့ ရိုက်ရတာပဲနော်....
    ခင်မင်တဲ့ jas

    ReplyDelete
  4. နေ၀သန်.. ဟုတ်ပ CGI တွေပေါ်လာတာ အရမ်းမိုက်တယ် လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    မချော... သူတို့ဒီလောက်ရင်းလို့ ဒီလိုအောင်မြင်နေတယ်လို့ ထင်မြင်မိတယ်။ လာလည်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်

    ဂျပ်စ်မင်းရေ... သူတို့တွေ ရုပ်ရှင်ရိုက်ဖို့ လေ့ကျင့်ရတာလဲ မလွယ်ဘူးလို့ ဖတ်ဖူးတာပဲ

    ReplyDelete