Thursday, September 15, 2011

ကမ္ဘာ့ဟက်ကင်း ရာသီမှာ ကိုယ်တိုင်အအေးမိသွားခြင်း

အခု ဒီနှစ် ၂၀၁၁ ဆိုတာ တော်တော်လေး အပြောင်းအလဲများပြီး ကြမ်းကြမ်းရမ်းရမ်း ရှိလှတယ်လို့ ဆိုရပါမယ်။ နှစ်စကတည်းကနေ စထွက်လိုက်တာနဲ့ ပြုတ်တာတွေပြုတ် လှုပ်တာတွေလှုပ် ပြေးတာတွေပြေး ပြောင်းတာတွေပြောင်း ဖောက်တာတွေဖောက် ပေါ်တာတွေပေါ်နဲ့ တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ရှိခဲ့တောပေါ့။

အဲဒီလိုတွေ အဲဒီလိုတွေ ဖြစ်နေတာကို ကိုယ်တွေကတော့ တီဗွီဖန်သားပြင်တွေမှာ အင်တာနက်စာမျက်နှာတွေမှာ ကြည့်လိုက် ဖတ်လိုက် လုပ်ရင်း တဖက်ကလည်း စိတ်ပါလာရင် အဲဒီအကြောင်းတွေကို အာပွားလိုက်ပေါ့။ ကိုယ်မှာမဖြစ်တော့ ခံရတဲ့သူတွေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေထဲမှာ ပါနေတဲ့သူတွေကတော့ ဘယ်လောက်ပဲ ပူဆွေးသောကရောက်ကြ ကိုယ်တွေကတော့ ထမင်းစားရေသောက်မပြတ် စုတ်တသတ်သတ်နဲ့ အနေအေးအေးပါပဲ...

သို့သော်.. ခေတ်တွေကပြောင်းလာနေပါပြီ... ကမ္ဘာကြီးက ကျဉ်းလာနေပြီ.. ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂိုကနွားပေါင်ကျိုးတာကလည်း တချို့တလေ မှန်လာပြီးလို့ဆိုရမလားပါပဲ...

ဒီနေ့ခေတ် အိုင်တီခေတ်မှာ ဘယ်လုပ်ငန်းမဆို အိုင်တီနည်းပညာကို မှီခိုနေရတာတွေများပါတယ်။ ဂြိုလ်တုတွေ လွှတ်တာကနေအစ အိမ်ရှင်မတွေ ထမင်းဟင်းချက်တာအဆုံး အိုင်တီနည်းပညာပေါ်မှာ မှီခိုနေရတာတွေ အများကြီးပါ။ ဒီလို မှီခိုနေရအောင်လည်း အိုင်တီနည်းပညာက တယ်လဲဆန်း တယ်လဲမြန်ဆန်လှပါတယ်။ အိုင်တီနည်းပညာကို အကောင်းဆုံး စကားလုံးတလုံးတည်းနဲ့ တင်စားရရင် Globalization ဆိုတာပါပဲ.. ဗမာလိုဆို ကျနော်ကတော့ ကမ္ဘာကြီးဟာ ရွာတစ်ရွာစာလောက် ကျုံ့သွားတဲ့သဘောလို့ လူပြိန်းနည်းနဲ့ ဆိုချင်ပါတယ်။ ကမ္ဘာ့အရှေ့ခြမ်းကလူတွေနဲ့ အနောက်ခြမ်းကလူတွေ ထိုင်နေရာကမပျက် စားနေရာကမပျက် သွားနေရာကမပျက် ရွာက အဒေါ်ကြီးတွေ ဟိုဘက်လမ်းထိပ်နဲ့ ဒီဘက်လမ်းထိ လှမ်းစကားပြောသလို ပြောနေနိုင် သတင်းတွေ သိနေနိုင်လို့ပါပဲ။

လောကမှာ အကောင်းရှိရင် အဆိုးလည်း ရှိတတ်ပါတယ်။ အခုလို အရာအားလုံး ဒီအိုင်တီနည်းပညာအပေါ် အပေါ်မှီခိုနေရချိန်မှာ အိုင်တီဟာ နတ်ကောင်းတို့ ဖန်ဆင်းတဲ့ ဤသလင်း မဟုတ်တဲ့အတွက် သူကလည်း လောကဓမ္မတာနဲ့ မလွတ်ပါဘူး။

အပေါ်ကပြောခဲ့သလို ၂၀၁၁ရဲ့ အပြောင်းအလဲနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းထဲမှာ ဗီလိန်သရုပ်ဆောင် တယောက်အနေနဲ့ လူတွေကို တုန်လှုပ်စေတဲ့အရာတွေထဲမှာ အိုင်တီနည်းပညာနဲ့ ပက်သက်တာလည်း ပါနေပါတယ်။ အဲတာကတော့ Hacking လို့ခေါ်တဲ့ အရေးကြီးပြီး လျှို့ဝှက်တဲ့ အိုင်တီကွန်ရက်တွေ အဖောက်ခံရတာပါပဲ...

ဂြိုလ်တုလွှတ်တာကနေအစ အိမ်ရှင်မတွေအဆုံး အိုင်တီနည်းပညာအပေါ် မှီခိုနေတယ်ဆိုတာ ပြောခဲ့သလိုပဲ ဂြိုလ်တုလွှတ်ရာမှာ သုံးတဲ့ရော့ကတ်တွေ စစ်ဘက်ဆိုင်ရာ စစ်လက်နက်တွေ ထုတ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Lockheed Martin ကုမ္ပဏီကနေအစ ဂိမ်းကွန်ရက် သီချင်းကွန်ရက်တွေ အကြီးအကျယ်ပိုင်ဆိုင်ထားတဲ့ SONY တို့လို ကုမ္ပဏီကနေအဆုံး ဟက်ကာတွေရဲ့ အဖောက်ခံရမှုကို အကြီးအကျယ်ခံနေရပြီး ... ကိုယ်ကိုယ်တိုင်ဖန်တီးထားတဲ့ အတတ်နဲ့ ကိုယ့်ကိုယ်ကို ပြန်စူးနေတဲ့ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ကွန်ရက်တွေပါမကျန် ပါဝင်ကာ ခံခဲ့ရပါတယ်။ ဒါတွေအဖောက်ခံရတော့ လျှို့ဝှက်လှပါတယ်ဆိုတဲ့ အရေးကြီးတဲ့ အီးမေးလ်တွေ လျှို့ဝှက် နည်းဗျူဟာ အချက်အလက်တွေ အကြွေးယူကတ်အချက်အလက်တွေဟာ အင်တာနက်ပေါ်မှာ လူတိုင်းကြည့်နိုင်အဆင့်အထိ ဖြစ်ကာ အင်တာနက်ရွာကြီးဟာလဲ ဂျပန်ဆူနာမီခံခဲ့ရသလို ဒီနှစ်ထဲမှာ ကြုံခံခဲ့ရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်း အခုလိုကြုံနေရတဲ့ ကမ္ဘာကြီးရဲ့ ဟက်ကင်းရာသီမှာ ကိုယ့်နဲ့မဆိုင်ဘူးဆိုသလို သတင်းဖတ်ပြီး ခေါင်းထဲမရှိသလောက်ပါပဲ...

ကျနော်ဟာ ဘလော့စရေးတဲ့အချိန်ကစပြီး နေ့စဉ်လိုလို ရုံးချိန်ထဲမှာ ပိုစ့်တစ်ပိုစ့်ခန့် အိမ်ရောက်တဲ့အခါမှာ ပိုစ့်တစ်ပိုစ့်ခန့် အခုတစ်လပြည့်ခါနီးအထိ ပုံမှန်မှန်လို ရေးသားဖြစ်ခဲ့ပါတယ်။ စစချင်းဆိုတော့ တက်ကြွနေတာပေါ့။ ဒါပေမယ့် ဒီနေ့မှာတော့ ဒီအစဉ်အလာကို ဖောက်ဖျက်လိုက်ရပါတယ်... အကြောင်းအရင်းကတော့ ဒီနေ့မနက် သူဌေးနဲ့ အလုပ်ကိစ္စတစ်ခုအတွက် စကားပြောနေတုန်း တခြား လုပ်ကိုင်ဖော်ဖက်တစ်ယောက် အစည်းအဝေးခန်းထဲ အမောတကော ပြေးဝင်လာပြီး သတင်းတစ်ခုလာပေးပါတယ်။ သူ့သတင်းစကားကြောင့် ကျနော်ရော သူဌေးပါ ခေါင်းနပန်းကြီး သွားရပါတယ်။ ကျနော်တို့ဆီက လွှင့်ထားတဲ့ ၀ဘ်ဆိုဒ်တစ်ခု အဟက်ခံလိုက်ရတယ်တဲ့....

မကြာသေးမီအချိန်ကမှ ဟက်ကင်းအိပ်မက်ဆိုးတစ်ခုကနေ လွတ်လာရုံလေးရှိတဲ့အချိန်မှာ ဒီသတင်းစကားကြားလိုက်ရတော့ လက်ရှိပြောဆိုနေတာတွေ ပစ်ပြီး ချက်ချင်း သွားကြည့်ရပါတယ်။ တော်တော်လေးကို ဆော်ပလော်တီးထားတာပါပဲ... ဒါပေမယ့် ဒါကို ကျနော်ဘက်က အဓိကဖြေရှင်းလို့ရတာ မဟုတ်တော့ တခြားဆိုင်တဲ့တစ်ယောက်ကို ခေါ်ပြီးဖြေရှင်းခိုင်းရပါတယ်။ ကျနော်ကတော့ ဘေးမှာလိုတာလေးတွေ လိုက်လုပ်ပေးရပါတယ်။ တစ်ခုကတော့ ကျနော်က ၀ဘ်ဆိုဒ်တွေလွှင့်တင်ရတဲ့ အပိုင်းမှာ တာဝန်ခံဆိုတော့ မပြီးမချင်း ရင်တမမပါပဲ... ခုနင်ပြောခဲ့တဲ့ အိပ်မက်ဆိုးတုန်းကတော့ ကျနော်တို့ဆီကနေတဆင့် လွှင့်တင်ထားတဲ့ ဂျပန်က နာမည်ကြီး အီလက်ထရောနစ် ကုမ္ပဏီတစ်ခုရဲ့ ၀ဘ်ဆိုဒ်ကို ရည်ရွယ်ချက်ရှိရှိ ဟက်ခံလိုက်ရတာပါ။ အဲဒီအချိန် ကျနော်ကိုယ်တိုင် အဓိက ဖြေရှင်းရပြီး နောက်ဆွဲတွဲ သူတို့ဆီက ကွန်ပလိန်းတွေပါ အသည်းအသန် ဖြေရှင်းခဲ့ရပါတယ်။ သူတို့ရဲ့ အရေးကြီး အချက်အလက်တွေပါနေတာမို့ ကံမကောင်းရင် တရားစွဲခံရကိန်းတောင် ဆိုက်တော့မလို့အထိပါပဲ...

အဲဒီအချိန်တုန်းက ဘလော့မရေးသေးတော့ ပြဿနာ မရှိသေးဘူးပေါ့... ဒီနေ့ကိစ္စကတော့ ကျနော်ရဲ့အချိန်တွေ တစ်နေ့လုံး ယူသွားလိုက်ပြီး.. ဘလော့ထဲရေးဖို့ကြံရွယ်ထားတဲ့ဟာတွေလည်း အကုန်လုံး Draft ထဲ ထည့်သိမ်းလိုက်ရပါတယ်။ ဘလော့ပိုစ့်အသစ် မတက်တော့ စာဖတ်သူနှုန်း စံချိန်တင်နည်းသွားတဲ့ ကျနော့်ရဲ့ ဘလော့လေးကို ရင်နာနာနဲ့ပဲ ကြည့်နေခဲ့ရပါတယ်... တော်တော် အထိနာသွားတာပါပဲ :D အရင်နှစ်တွေက ဒါမျိုးမကြုံခဲ့ရပါဘူး... ဒါနဲ့ပဲ ဆက်စပ်တွေးတော လိုက်မိပါတယ်။ အရင်တုန်းက ကိုယ်နဲ့မဆိုင်သလိုနေခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟက်ကင်းရာသီဟာ စမ္မာနဂိုကနွား ပေါင်ကျိုးသလို ငါပါခံလိုက်သလားဆိုတာ စဉ်းစားမိရင် ဟက်ကင်းရာသီမှာ  ကိုယ်တိုင်အအေးမိပြီး နှာစေးတာ ခံလိုက်ရပါတော့တယ်... (ကိုညီလင်းသစ် နှာစေးတာကို အားကျလို့ :P )

ဒါနဲ့ပဲ ကိုယ်လေးရဲ့  'ကစဥ့်ကလျားသီအိုရီ' သီချင်းလေးကို သတိရကာ ညဉ်းနေမိပါတော့တယ်

~ ~ ကမ္ဘာကြီးရဲ့ အခြားတဖက်မှာ လိပ်ပြာလေး အတောင်တချက်ခတ်ခြင်းက အစပြုတဲ့ လေပွေမုန်တိုင်းများ ဒီကမ္ဘာတဖက်ခြမ်းမှာ...... ကစဥ့်ကလျားနဲ့ ဖြစ်လာ ~ ~

3 comments:

  1. ချော(အစိမ်းရောင်လွင်ပြင်)September 15, 2011 at 3:33 AM

    ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂိုကနွားပေါင်ကျိုးနိုင်တာ၊
    ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာတောင်ပံလေးတစ်ချက်ခတ်တာတောင် ကမ္ဘာကြီးတစ်ခုလုံးကို များစွာ ပြောင်းလဲစေနိုင်တာ စတဲ့သီအိုရီတွေကို လူတိုင်းက လက်ခံနေကြပေမဲ့ ကျွန်မတို့မြန်မာပြည်ကြီးမှာတော့ ကြီးမားလှတဲ့ မြစ်ကြီးကိုဖြတ်ပိတ်ပြီး ဆည်ဆောက်တာတောင် ဘာမှမဖြစ်ပါဘူးလို့ တာဝန်မဲ့ ပြောဆိုကြသူတွေ ရှိနေတယ်ဆိုတာ ကမ္ဘာကြီးသိခဲ့ရင် ဘယ်လိုတုံ့ပြန်မလဲ သိချင်မိတယ်။
    (လက်ရှိ စိတ်ခံစားချက်နဲ့ပေါင်းပြီး မန့်သွားတာပါ။ )

    ReplyDelete
  2. ဒါကြောင့် ပျောက်သလိုလို ခံစားနေရပါတယ်လို့...... ကန်ဒီတို့လိုမျိုးအမြဲ မတင်တဲ့သူက သိပ်မသိသာပေမယ့် နေ့တိုင်းတင်တဲ့လူ မတင်တော့ သိသာတယ်...

    ReplyDelete
  3. လူတော့ မပျောက်ဘူးနော် ... ပိုစ့်ပျောက်တာ ဟီးဟီး

    ReplyDelete