Monday, September 5, 2011

ကျောင်းအားလပ်ရက်မှာ လစ်ဗျားသူပုန်တွေနဲ့အတူ တော်လှန်ရေး သွားဆင်နွှဲတဲ့ အမေရိကန်ကျောင်းသား

(Photo Bradley Hope/The National Via wired.com)
ကဲ ချမယ်လေ ဘာကြည့်နေကြတာလဲ

အဘူဒါဘီ သတင်းစာ The Nation အတွက် လစ်ဗျားမှာ သတင်းလိုက်ယူနေတဲ့ သတင်းထောက် ဘရတ်တလေ ဟုတ် (Bradely Hope) တစ်ယောက် လစ်ဗျား အာဏာရှင်ခေါင်းဆောင် မိုဟာမက် ကဒါဖီကို တိုက်ခိုက်နေတဲ့ လစ်ဗျားသူပုန်တွေကြားမှာ ထူးခြားတဲ့ သူပုန်တစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ ထူးခြားရတဲ့ အကြောင်းက အဲဒီ သူပုန်က အင်မတန်မှ နိုင်ငံချစ်စိတ် ပြင်းထန်တဲ့ လစ်ဗျားနိုင်ငံသား သူပုန်တစ်ယောက်မဟုတ်ပဲ ကျောင်းအားလပ်ရက် တ၀က်တပျက်မှာ အမေရိကန် လော့အိန်ဂျလိစ် (L.A) ကနေ လစ်ဗျား (L-biy-A) ကို ရောက်လာပြီး လစ်ဗျားသူပုန်တွေနဲ့အတူ ကဒါဖီ သစ္စာခံတပ်တွေကို ၀င်ရောက်တိုက်ခိုက်မယ့် အသက် ၂၁နှစ် အရွယ် ကယ်လီဖိုးနီးယား-လော့အိန်ဂျလိစ် တက္ကသိုလ်က သင်္ချာကျောင်းသား ခရစ်ဂျန် (Chris Jeon) ဖြစ်နေလို့ပါပဲ။ L.A ဂျာဇီဝတ်ဆင်ထားပြီး သေနတ်ကိုလည်း ကိုင်တတ် မကိုင်တတ် ကိုင်ထားတဲ့ပုံနဲ့ သူ့ကို  သူပုန်တွေကြားတွေ့ရတာ ရီချင်စရာပါ။(အပေါ်ပုံကို ကြည့်ပါ။)

ဟုတ် (Hope) က သူ့ကို 'မင်းဘာဖြစ်လို့ အယ်လ်အေကနေ လစ်ဗျားထိ အဝေးကြီးလာပြီး သူပုန်တွေနဲ့ ပေါင်းချင်ရတာလဲ' မေးတော့ ... 'ကျနော် ကျောင်းအားလပ်ရက် တ၀က်လောက်ပြီးတော့ ပျင်းလာပြီး ဘာလုပ်ရမလဲ စဉ်းစားလိုက်တဲ့အခါ ဒီလိုအရမ်းကိုကောင်းတဲ့ အတွေးမျိုးရခဲ့တာပဲ' ... 'ပြီးတော့ တော်လှန်ချင်နေတဲ့ ကျနော့်အတွက် ဒါဟာလည်း တကယ့်တော်လှန်ရေး တစ်ခုပဲ' လို့ ဂျန်(Jeon)က အေးအေးဆေးဆေး ပြန်ဖြေခဲ့ပါတယ်။ 'ဟုတ်' ကတော ဒီကောင်လေး အားလပ်ရက် တ၀က်အပန်းဖြေပြီး နောက်ထပ် ကမ်းခြေတွေ သွားကဲရမယ့်နေရာမှာ မျက်စိလည် လမ်းမှားပြီး ဒီကိုရောက်လာတာပါပဲ လို့ မှတ်ချက်ပြုပါတယ်။

ဂျန် ဟာ စစ်မှုရေးရာ လေ့ကျင့်မှု တခါမှ မရှိခဲ့ဖူးပါဘူး.... သူပုန်တွေဆီက အေကေ-၄၇ သေနတ် ဘယ်လို ပစ်ရမယ် မေးပြီး... သူကိုယ်တိုင်လည်း စမ်းသပ်ကြိုးစားပြီး ပစ်နေပါတယ်။ သူကတော့ ကဒါဖီရဲ့ သစ္စာခံတပ်တွေ အမာခံတပ်စွဲထားသေးတဲ့ ဆာတီ (Sirte) မြို့ကို သွားချမယ် တပြင်ပြင် လုပ်နေပါတယ်။

သူ့အတွက်နဲ့ သူဝင်ရောက်နေတဲ့ သူပုန်အဖွဲ့က သူပုန်တွေတော့ ကရိကထများရတာ မရှိပါဘူးလို့ဆိုပြီး... သူပုန်တွေက သူကို Ahmed El Maghrabi Saidi Barga လို့ခေါ်ပြီး သူကလည်း ဘာအဓိပ္ပါယ်မှန်း မသိပေမယ့်... သူက အဲလို ပြန်ပြီး အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် အားလုံးက သူ့ကို ကောင်းချီးပြန်ပေးကြပါတယ်။

ဒါပေမယ့် ဂျန်ဟာ တကယ့် စစ်တိုက်မယ်လို့ မရည်ရွယ်ပဲ လစ်ဗျားတွေရဲ့အသက်နဲ့လဲပြီး တိုက်နေတဲ့ သူတို့ရဲ့ လွတ်လပ်ရေး စစ်ပွဲတွေထဲမှာ သာမန် ခရီးသွားဟန်လွဲ တစ်ယောက်လိုပဲ လုပ်မှာ ဖြစ်ပြီး... သူသွားလေရာ သူရဲ့ ဗီဒီယို ကင်မရာကို စစ်ပွဲရိုက်ချက်တွေ ကောင်းကောင်း ရနိုင်အောင် အမြဲတမ်း တပါတည်း ယူသွားတတ်ပါတယ်။ သူကိုတော့ သူရဲ့စစ်မြေပြင် မှတ်တမ်းခရီးမှာ ဘေးမသိရန်မခနဲ့ အိမ်ပြန်ရောက်ဖို့ကိုပဲ မျှော်လင့်ရပါတော့တယ်...

တော်တော်လည်း နောက်တဲ့ ကောင်ပါပဲ... သူများတွေ အသက်နဲ့လဲပြီး အလုပ်လုပ်နေတဲ့ ကြားထဲမှာ... ... ဒါပေမယ့် ကျနော်လည်း သူ့ပုံကို ကြည့်ပြီး ရီနေရလို့ မနေနိုင်ပဲ ပိုစ့်တင်လိုက်ရပါတယ်ဗျာ....

Ref:
http://www.wired.com/dangerroom/2011/09/ucla-student-libya/

4 comments:

  1. Bradely Hope ဘယ်လိုအတွေးတွေနဲ့ရောက်သွားတာလဲတော့
    မသိပါဘူး။ဒါပေမယ့် သူ့မိဘတွေသိရင်တော့
    အတော့်ကိုစိတ်ပူစေမှာပဲ....
    အစမှ အဆုံး ဖတ်ပြီးပါပြီး
    ဟီးဟီး....
    ခင်မင်တဲ့ jas

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ''သူ့''အတွက်နဲ့ ''သူ''၀င်ရောက်နေတဲ့ ''သူ''ပုန်အဖွဲ့က ''သူ''ပုန်တွေတော့ ကရိကထများရတာ မရှိပါဘူးလို့ဆိုပြီး... ''သူ''ပုန်တွေက ''သူ''ကို Ahmed El Maghrabi Saidi Barga လို့ခေါ်ပြီး ''သူ''ကလည်း ဘာအဓိပ္ပါယ်မှန်း မသိပေမယ့်... ''သူ''က အဲလို ပြန်ပြီး အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် အားလုံးက ''သူ့''ကို ကောင်းချီးပြန်ပေးကြပါတယ်။
    ---------------------
    ''သူ''နော်.. ''သူ'' သိပ်များတာပဲ.. :D။

    ReplyDelete
  4. အိပ်ငိုက်နေတော့ အတင်းဇွတ် သူတွေ ပေးလိုက်တာ ... သူ တွေများတော့ ရောင်းစားလိုက်ရမလား :D
    Thanks you for visiting ... Sis

    Jasmine လည်း သွားချင်ရင် ရတယ်တဲ့နော်... :D

    ReplyDelete