Thursday, September 1, 2011

Google SSL Certificate အတု အကြောင်းနှင့် သတိပြုရန်များ

အခုတလော Google SSL Certificate အတုတွေ ထွက်နေပြီး အဲဒါကို သုံးမိရင် ကြားထဲကနေ ကိုယ်ရဲ့ User Name နဲ့ Password တွေ ရယူသွားနိုင်တယ်ဆိုတာ သတင်းတွေထဲ တွေ့ကြရမှာပါ။

ဒီကိစ္စကို သြဂုတ် ၂၈ရက်နေ့ အီရန်နိုင်ငံသားတစ်ယောက် သူ့ Gmail ကို Log in ၀င်ဖို့ လုပ်တဲ့အချိန်မှာ သတိပြုမိသွားတာပါ။ ကံကောင်းသွားတာက သူသုံးနေတဲ့ Chrome ဘရောက်ဇာကနေ သူ့ကို 'အခုသုံးမယ့် SSL Certificate ဟာ ယုံကြည်လို့ မရတဲ့ နေရာက ဖြစ်ကြောင်း' သတိပေးစာပေးလေး ပေါ်လာပါတယ်။ အဲဒါနဲ့ SSL Certificate အသေးစိတ်ကို ကြည့်လိုက်တဲ့ အခါမှာ DigiNotar ဆိုတဲ့ CA ဆီက SSL Certificate အတု ဖြစ်နေတာ တွေ့ရှိသွားပါတယ်။ ဒါကို သူ့က Google Forum ထဲမှာ ချက်ချင်းပဲ သူ့တွေ့ရှိချက်ကို သွားတင်လိုက်ပါတယ်။ အဲဒီတော့မှ အားလုံးက သတိထားမိသွားတာပါ။ ဒီဟာကို တစ်စုံတစ်ယောက်က တမင်ဖန်တီးပြီး တကယ် Gmail အထင်နဲ့ ၀င်မိတဲ့သူတွေရဲ့ User Name Password ကို ကြားထဲကနေ ဖြတ်ယူဖို့ ကြိုးစားတာပါ။

အဲဒီအချိန်မှာတော့ Chrome ဘရောက်ဇာ တစ်ခုထဲကပဲ ဒါကို သိပြီး ကာကွယ်နိုင်ပါတယ်။ Firefox နဲ့ Internet Explorer ဘရောက်ဇာတွေက မကာကွယ်နိုင်သေးပါဘူး။ (အခုတော့ Firefox ရော Internet Explorer ကာကွယ်ဖို့ update တွေ ထုတ်ပေးနေပါပြီး)

SSL ဆိုတာက ၀က်ဘ်ဆိုဒ်တွေမှာ ၀က်ဘ်ဆိုဒ် အသုံးပြုတဲ့သူ နဲ့ ၀က်ဘ်ဆိုဒ်အကြား လျှို့ဝှက်တဲ့ အချက်အလက်တွေ အပြန်အလှန်ပေးပို့ကြတဲ့နေရာမှာ လုံခြုံမှုရှိအောင် အသုံးပြုတဲ့ လမ်းကြောင်းတစ်ခုပါ။ ကျွန်တော်တို့တွေ Gmail စသည်ဖြင့် သုံးကြတဲ့အခါမှာ ပထမဆုံး Gmail ထဲဝင်ဖို့ ကိုယ်ရဲ့ user name နဲ့ password ကို ရိုက်ပြီး Google ကို အရင်ပို့လွှတ်ရတာပါ။ အဲဒီအချိန် Google က မှန်မမှန် စစ်ပြီး၊ မှန်တယ်ဆိုမှ ပေးဝင်တာပါ။ အဲဒီလို ပို့လွှတ်အချိန်မှာ လုံခြုံတဲ့ လမ်းကြောင်းကနေ မသွားရင် ကြားထဲက Hacker တွေက ကိုယ့်ရဲ့ User Name နဲ့ Password ကို ဖြတ်ယူသွားနိုင်ပါတယ်။ အဲဒီတော့ SSL လို့ဆိုတဲ့ လုံခြုံတဲ့ လမ်းကြောင်းနဲ့ Google က ကာကွယ်ထားပေးရပါတယ်။ ဘယ်ဝက်ဘ်ဆိုဒ်မဆို လျှို့ဝှက်တဲ့ အချက်အလက်တွေ အသုံးပြုနေတာဆိုရင် SSL ကို အသုံးပြုမှ လုံခြုံတာပါ။ အထူးသဖြင့် Credit Card တွေနဲ့ အလုပ်လုပ်နေတဲ့ Online ဈေးဝယ်တဲ့ ဆိုဒ်တွေက မသုံးမဖြစ် သုံးရပါတယ်။ SSL အသုံးပြုတဲ့ ၀က်ဘ်ဆိုဒ်တွေဟာ https ဆိုတာနဲ့ စပါတယ်။


SSL သုံးတော့မယ်ဆိုတဲ့ အခါ ၀က်ဘ်ဆိုဒ်တွေက SSL Certificate တွေကို CA (Certificate Authority) လို့ ခေါ်တဲ့ SSL Certificate ထုတ်ပေးတဲ့ အဖွဲ့အစည်းတွေကနေ ၀ယ်ရပါတယ်။ အဲလိုဝယ်လိုက်ရင် အဲဒီအဖွဲ့အစည်းတွေက နည်းပညာနဲ့ အပြန်အလှန်ပို့လွှတ်တဲ့ အချက်အလက်တွေကို လျှို့ဝှက်တဲ့ သင်္ကေတအဖြစ် ပြောင်းလဲပြီး ကြားထဲက ဖြတ်ယူပြီး ပြန်ဖော်လို့မရအောင် ပြုလုပ်ပေးတဲ့ ၀န်ဆောင်မှုကို လုပ်ပေးပါတယ်။ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေကို ၀က်ဘ်ဆိုဒ်ပိုင်ရှင်တွေကရော အင်တာနက် ဘရောက်ဇာတွေကပါ ယုံကြည်မှုရှိထားရပါတယ်။ (နည်းပညာနဲ့ပက်သက်ပြီး အသေးစိတ်တော့ ထပ်မပြောတော့ပါဘူး။)

အခုကိစ္စမှာ DigiNotar ဆိုတဲ့ CA က Google ရဲ့ ၀န်ဆောင်မှု ၀က်ဘ်ဆိုဒ်အချို့မှာ သုံးဖို့ မသမာသူတွေကို SSL Certificate အတုထုတ်ပေးလိုက်တာပါ။ အခုဆိုရင်တော့ ဒီ CA ကို ယုံကြည်လို့ မရတော့လို့ သူ့ကို ဘရောက်ဇာတွေက ယုံကြည်မှု စာရင်းထဲကနေ ထုတ်လိုက်တော့မယ်လို့ Google ရဲ့ အွန်လိုင်း လုံခြုံရေးနဲ့ ပက်သက်တဲ့ Blog မှာ ပြောထားပါတယ်။

အင်တာနက် အသုံးပြုသူတွေ Google ၀န်ဆောင်မှု ဆိုဒ်တွေကို အသုံးပြုနေတဲ့သူတွေဘက်က ကာကွယ်စရာကတော့ ကိုယ်သုံးနေတဲ့ ဘရောက်ဇာတွေကို Update လုပ်ထားဖို့ပါပဲ။ ကျနော် Firefox ဘရောက်ဇာကတော့ ဒီမနက်ပဲ သူ့ဟာသူ Update လုပ်သွားပါတယ်။ နောက်ဆုံး Version က 6.0.1 ပါ။ တကယ်လို့ သူ့ဟာသူ မလုပ်ဘူးဆိုရင် အကောင်းဆုံးနည်းက ကိုယ်သုံးနေတဲ့ သက်ဆိုင်ရာ ဘရောက်ဇာ အားလုံးရဲ့ ၀က်ဘ်ဆိုဒ်ကို သွားပြီး နောက်ဆုံး ဗားရှင်းကို ချက်ချင်းပဲ ဒေါင်းလုတ်ချ အင်စတော လုပ်လိုက်ဖို့ တိုက်တွန်းရင်း အကြုံပြုလိုက်ပါတယ်။

အားလုံးပဲ အွန်လိုင်း ကမ္ဘာ မှာ ဘေးကင်းကြပါစေ။


နောက်ဆုံးထုတ် ဘရောက်ဇာ ဗာရှင်းများ ဒေါင်းလုတ် လုပ်ရန်
Firefox
Chrome
Internet Explorer

4 comments:

  1. ကျေးဇူးပါဘဲ အကိုရေ.... :)

    ReplyDelete
  2. လာဖတ်တဲ့အတွက်လည်း ကျေးဇူး တင်ပါတယ် :)

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်။ ဖတ်ရလို့ အကိုရေ............

    ReplyDelete
  4. hero ရေ ယခု လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်

    ReplyDelete