Monday, December 19, 2011

ပျားတုပ်တဲ့ ဒီမနက်

ဒီမနက်ခင်းကတော့ ဘာက ဘာကိုပြောရမှန်း မသိတော့ပါဘူး။

ကံကောင်းသွားတာက မောင်သန့်ရဲ့ ဘလော့လေး နိဂုံးကမ္မ တခဏ မချူပ်လိုက်ရတာဘဲ။

ဇတ်လမ်းက ဒီလို........

ဒီမနက် မိုးကောင်းကောင်းနဲ့ ကွေးနေတာ နောက်ကျမှ ရုံးကိုရောက်တယ်။ ထုံးစံအတိုင်း အီးမေးလ်စ်လိုက်တော့ လုပ်စရာတွေက ထုံးစံအတိုင်း အင်း... ဘာမှ ထွေထူးမရှိဘူး... အဟီးးးး

အဲဒါနဲ့ ဘရောက်ဇာဖွင့် ဘလော့ အကောင့်ကိုဝင် အခြေအနေတွေကြည့် နောက် ကိုယ့်ဘလော့ ကိုယ်ဖွင့် ဆိုဒ်ဘားက ဘလော့ကာပိုစ့်အသစ်တွေ လိုက်ဖတ်ရင်း အဲမှာ ကိုညီလင်းသစ်ရဲ့ပိုစ့်ကို စိတ်ဝင်တစား သွားဖတ်မိတယ်။ တကယ့်ကို အသုံးဝင်တဲ့ ပိုစ့်ပါ။ နည်းပညာ ပစ္စည်းတွေဟာ အကြောင်းကြောင်းကြာင့် အချိန်မရွေး ပျက်နိုင်ချေ ပျောက်နိုင်ချေရှိလို့ ကိုယ့်မှာရှိတဲ့ ဒေတာတွေကို စနစ်တကျ သိမ်းဆည်းပြီး နေရာ သုံးလေးနေရာလောက် ခွဲထားဖို့ပါ။ နောက် ဘလော့ကိုလည်း နေ့စဉ် Backup လုပ်ထားဖို့လိုကြောင်း စတာတွေကို ကျောင်းသားလေးတွေ စာမေးပွဲဖြေခါနီး လက်ပ်တော့လေးတွေ ပျောက်သွားလို့ လက်ပ်တော့ထဲက စာတွေကို ပြန်လိုချင်ကြောင်း ကြော်ငြာတာကို သူတွေ့ခဲ့တဲ့ အကြောင်းကနေတဆင့် ပြောပြ သွားတာပါ။ ဒါနဲ့ ကိုယ်လည်း ကိုယ့်အတွေ့အကြုံတစ်ခုပြောပြပြီး ကျေးဇူးတင်ကြောင်း ကောမက်ပေးခဲ့လိုက် ပါသေးတယ်။

အဲဒါနဲ့ အင်း ဟုတ်သားပဲ ဆိုပြီး ကိုယ့်ဘလော့ကိုလဲ Backup လုပ်ဖို့ သတိရသွားတယ်။ ဒါပေမယ့် ဘလော့ကို Backup လုပ်ဖို့မှာ ဘလော့ Dashboard ဆီ တန်းမရောက်ဘဲ တဖက်မှာ ဖွင့်ထားတဲ့ Google News ဆီ ရောက်သွားပြီး ကင်ဂျူံအီ သေဆုံးပြီ ဆိုတဲ့ သတင်းက ကိုယ့်ကို ဆွဲဆောင်သွားပါတယ်။ အဲကနေတဆင့် ဒီသတင်းကို ရှယ်ဖို့ ဖေ့ဘွတ်ကိုဝင်ပါတယ်။ ဖေ့ဘွတ်ဝင်ပြီး ဆိုမှတော့ ရောက်တုန်း နည်းနည်းလျှောက်ဖတ်လိုက်ဦးမယ် ဆိုပြီး ဖတ်ပါတယ်။ ဘလော့ဘက်လှည့်ဖို့ မေ့သွားရော... ဒါနဲ့ ဖတ်စရာကုန်တော့မှ ပြန်သတိရတယ်။ အမှန်က ဘလော့ပိုစ့် တစ်ခုရေးဖို့ပါ။ အဲမှာ နယူးပိုစ့်ကို နှိပ်တော့ ဂူးဂဲလ်က ပတ်စ်ဝေါ့ ပြန်ရိုက်ခိုင်းပါတယ်။ အဲဒါနဲ့ ထူးဆန်းလှချည်းလားပေါ့ ဆိုပြီး ထင်လိုက်ပါသေးတယ်။ ဒါပေမယ့် သူတောင်းတော့လည်း ရိုက်ပေးလိုက်ပါတယ်။

အဲဒီမှာ ဇတ်လမ်းက စပါလေရော ဂူးဂဲလ်က ဘာပြောတယ် ထင်ပါသလဲ။ ကျွန်တော့် အကောင့်ကို Disabled လုပ်လိုက်ပြီး ပိတ်လိုက်ပါပြီးတဲ့။ အကြောင်းပြချက်က unusual activity ကြောင့်တဲ့။ ဟင်... ဂျီမေးလ်ဝင်ကြည့်မရ သွားပြီး ဘာမှ ၀င်ကြည့်လို့မရဘူး... ပါ့တ်စ်ဝေါ့ပြောင်းတာလဲ မဟုတ်... ပါတ်စ်ဝေါ့ကမှန်နေသေးတယ် ၀င်ပြီးမှ အကောင့်ပိတ်ပလိုက်ပြီးလို့ ပြောတာ။ အဲမှာတင်ဂိန်ရော ဒီအကောင့်က ဘလော့ရေးဖို့ သက်သက် လုပ်ထားတဲ့ အကောင့်ပါ။ အီးမေးလ်ဒေတာတွေတော့ သိပ်မရှိပေမယ့် ဘလော့ကိုတော့ Backup မလုပ်ထားမိတော့။ သုံးလသက်တမ်း ရှိတဲ့ ဘလော့လေး သွားပါပြီးဆိုပြီး ညစ်သွားပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ကျွန်တော့် ပင်တိုင်အကောင့်တစ်ခုကိုလည်း Admin Access ပေးထားမိတာ ပြန်သတိရသွားတယ်။ အဲဒါနဲ့ ၀မ်းသားအားရ အဲဒီအကောင့်နဲ့ဝင်ပြီး ဘလော့ကို ပြန်ဝင်ကြည့်တာ ရသွားပါတယ်။ အဲဒါနဲ့ ချက်ချင်းပဲ ဘလော့ကို Backup လုပ်ဖို့ အပြေးအလွှား လုပ်ပါတယ်။ ဒါပေမယ့် ကံဆိုးတာက Error တက်ပြီး လုပ်လို့မရပါ။ သုံးလေးခါ ကြိုးစား ပြန်ထွက် ပြန်ဝင် မရပါ။

ဘလော့ကို ပြန်ဝင်လို့ရ ပိုစ့်ရေးလို့ ရနေသေးပေမယ့် စိတ်မဖြောင့်တော့ဘူး နဂိုရေးနေတဲ့ အကောင့်ပဲ ပြန်လိုချင်နေတယ်။ အဲဒါနဲ့ နည်းနည်း ဂူးဂဲလ်လိုက်တာ Password Recovery နဲ့ ပြန်လုပ်ရင် ရနိုင်တယ် တွေ့တာနဲ့ အဲဒါနဲ့ လုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ ပထမဆုံး Gmail ကိုသွား အဲမှာ "Can't access your account" ကိုနှိပ်... နောက်တဆင့် Email Address ဆိုတဲ့နေရာမှာ ပြန်လိုချင်တဲ့ အီးမေးလ်ကိုထည့် အဲဒီနောက်မှာတော့ Recover လုပ်ဖို့ ဖုန်းကတဆင့် သို့မဟုတ် အီးမေးလ်ကနေတဆင့် ကြိုက်တာကို ဖြည့်ခိုင်းပါတယ်။ နဂိုကတည်းက ကိုယ့်ကဖြည့်ထားတဲ့ဟာကို မှန်မမှန် ပြန်ဖြည့်ခိုင်းပါတယ်။ အရိပ်အမြွက်အနေနဲ့ အီးမေးလ် အကောင့် စာလုံး အစနဲ့ အဆုံးကို ဖော်ထာပေးပြီး ဖုန်းနံပါတ်ကတော့ နောက်ဆုံး နှစ်လုံးကို ဖော်ထားပေးပါတယ်။ အဲဒါနဲ့ ဖုန်းနဲ့ လုပ်မယ်ဆိုပြီး ရွေးကာ နံပါတ်ရိုက်ထည့်လိုက်ပါတယ်။ မကြာမှီပဲ ဖုန်းနံပါတ်ဆီ Activation Key ပို့ပေးလာပြီး အဲဒါကို ဖြည့်လိုက်ပါတယ်။ ပြီးတော့ ပါတ်စ်ဝေါ့ ပြောင်းဖို့ ပြောတဲ့နေရာမှာ... ပါတ်စ်ဝေါ့အသစ် ပေးလိုက်တဲ့ အချိန်မှာတော့ ကျေးဇူးကြီးမားစွာ အကောင့်က ပြန်ပွင့်သွားပါတယ်ဗျာ။ တော်ပါသေးရဲ့ Recovery ကို ကောင်းကောင်း ထည့်ထား ပေလို့။

အဲဒါပါပဲ မောင်သန့် ပျားတုပ်တယ်ဆိုတာ။ တိုက်ဆိုင်တာက ကိုညီလင်းသစ်ရဲ့ ပိုစ့် ဖတ်ပြီးပြီးချင်း ဖြစ်သွားတာပဲ။ ပထမတော့ ကိုယ့်နိမိတ်ကို ကိုယ်ပြန်ဖတ်မိတဲ့ ဒီမနက် လို့တောင် ပို့စ်ကိုခေါင်းစဉ် ပေးမလို့ပါပဲ တညိုးကြီး ဖြစ်နေတာနဲ့ ပြောင်းလိုက်တာ။ ဘကြောင့်ဖြစ်လဲ ဟက်ကာလား ဘာလား ဂူးဂဲလ်ကပဲ သူ့ကို ကလိပါများလို့ မခံနိုင်လို့ ပိတ်တာလားတော့ မသိဘူး။ ကျွန်တော် ကလိလွန်းလို့ အကောင့်ပိတ်ခံရတာ ဟီးဟီး နှစ်ခါမက ရှိခဲ့ဖူးတာကိုး။ အဲတုန်းက သိသိကြီးပေါ့။ အခုဟာက စက္ကန့်ပိုင်းလေးကို ဖြစ်သွားတာ ဘာမှမလုပ်ရသေးဘဲနဲ့။  ထားပါတော့ အကောင့်ရရချင်း လုပ်တာက ဘလော့ကို Backup လုပ်တာပါ။ အခုတော့ အနည်းနဲ့ အများ အိုကေသွားပြီးပေါ့။ မောင်သန့် ဆက်ပြီး တောင်ခြစ် မြောက်ခြစ် ဆက်လုပ်လို့ ရသွားပါပြီးပေါ့ခင်ဗျာ။

စာဖတ်ပရိသတ်များလဲ အထူးသတိထားပါလို့ သတိပေးပါရစေ။ ကိုယ့် အရေးကြီး အီမေးလ်များကို Backup လုပ်ထားခြင်းများ အထူးပြုလုပ်ထားစေချင်ပါတယ်။ ဂျီမေးလ်သုံးလာတဲ့ ၆နှစ်အတွင်းမှာ ပထမဆုံး ဖြစ်တာပါပဲခင်ဗျာ။

ပျားတုပ်တဲ့ ဒီမနက်ပေါ့...

ဒါနဲ့ ၂၀၁၁က ကြောက်စရာကောင်းအောင် အချီကြီးတွေ ဆွဲနေတာ အဲဒါနှစ်ကုန်ဖို့ နှစ်ပတ်တောင် လိုသေးတယ်။ ဘယ်သူတွေ ဘာတွေ ဆက်ဖြစ်ဦးမလဲ မသိပါဘူး။

စင်ကာပူမှာတော့ ဖိလစ်ပိုင်က မုန်တိုင်း ဒီဖက်ကို ရွေ့ပြီး အားပျက်ပြယ်မှာဖြစ်လို့ ၂၁ရက်နေ့ထိ မိုးသည်းသည်းမည်းမည်း ရွာနေဦးမှာတဲ့ ခင်ဗျာ။ ဖိလစ်ပိုင် မုန်တိုင်းကလည်း လူပေါင်း ၆၅၀ကျော် အသက်တွေကို ဆွဲနှုတ်သွားပြီး လူပေါင်း ၉၀၀ခန့် ပျောက်ဆုံးနေပါသေးတယ်။ ဟင်းးးးးးးးး

9 comments:

  1. အင်း.. ကန်ဒီ့အကောင့် တခုခုဖြစ်လို့ကတော့ အားလုံးပြောင်ပြီပဲ.. အားလုံးကို အကောင့်တစ်ခုထဲနဲ့သုံးတာဆိုတော့..
    back up လုပ်ဦးမှ :D

    ReplyDelete
  2. သတိထားစရာလေးပဲ မှတ်သွားအုံးမှ :)

    ReplyDelete
  3. ပျားတုတ်ခဲရတာချင်းတော့တူတယ်...ဒီနေ့မနက် အဆင်မပြေဘူး..:(
    ကျေးဇူးပါလို့...

    ReplyDelete
  4. ဘာမှနားမလည်တဲ့ကိုယ်တွေပိုပြီးဂရုစိုက်ရမယ်

    ReplyDelete
  5. သတိထားနေမှရမယ်နော်
    ဒီတိုင်းဆိုရင်တော့

    ReplyDelete
  6. သတိထားပြီးရင်း ထားနေရတယ်။
    မနက်ကပဲ ရုံးမေးလ်ကို ၀င်မရလို့ မျက်လုံးပြူးရသေးတယ်။
    တော်သေးတာပေါ့..ပြန်ရသွားလို့...။

    ReplyDelete
  7. ခုနောက်ပိုင်းတော့ ဖုန်းထဲကို မက်ဆေ့ရောက်လာမှ ဖွင့်လို့ရအောင် လုပ်ထားလိုက်တယ်
    စိတ်ချရအောင်ပေါ့
    ဒါဆို သူများတွေ ဟက်ဖို့ တော်တော်နဲ့ မလွယ်တော့ဘူး ထင်တာဘဲလေ။ အရေးကြီးတဲ့ မေလ်းတွေကို အဲလိုလုပ်ထားရင် ပိုကောင်းတာပေါ့. ဘလော့ဝင်တဲ့ မေလ်းတွေက အစပေါ့နော်
    ဒါပေမဲ့ မြန်မာပြည်ကနေ ပြန်ဖွင့်မယ်ဆိုရင်တော့ သေပြီဆြာပဲထင်တယ်။ ဂူဂဲက မြန်မာဖုန်းကိုတော့ မက့်ဆေ့ပို့လို့ရမယ်မထင်ဘူး နော်.
    Chat Conversation End

    ReplyDelete
  8. ကျနော့်ပို့စ်နဲ့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် ပါပဲလား၊ တော်သေးတာပေါ့ဗျာ၊ ပြန်ဖွင့်လို့ ရသွားလို့..၊ ဂူးဂဲလ်က ဘာများ ကြောင်သွားတာလည်း မသိဘူးနော်..၊ ဘာမှလည်း မလုပ်ရသေးဘဲနဲ့ ဆိုတော့..၊ အခုနောက်ပိုင်းက လက်တဖျစ်အတွင်းမှာ အားလုံး ဆုံးရှုံးသွား နိုင်တော့ back up လုပ်ဖို့ပဲ ကိုယ့်ကိုယ်ကို သတိပေးနေရ တော့တယ်ဗျာ..။

    ReplyDelete
  9. ကျမလည်း အဲဒီအတိုင်း ကိုညီလင်းသစ်ပို့ စ်မတက်ခင်နေ့ မှာဖြစ်ခဲ့လို့ ပို့ စ်လေးတခုတောင်တင်ဖြစ်ခဲ့ပါသေးတယ်။ ကညလသသတိပေးပို့ စ်လေးကြောင့် ခုတော့ ဘက်ကပ်လုပ်ထားပါတယ်။

    ReplyDelete