Monday, August 20, 2012

ကားတိုက်မှုထဲပါပြီး ၈ရက်ကြာ မေ့မြောနေတဲ့ ကလေးငယ်ကို သီချင်းဆိုပြီး အသက်ကယ်ခဲ့သူ ဗြိတိသျှ အဆိုတော် 'ဂျက်ဆီ ဂျေး' (Jessie J)

လန်ဒန်မြို့ ဂရိတ်အောမွန့်လမ်း ဆေးရုံ (London’s Great Ormond Street Hospital) က ဆရာဝန်တွေဟာ လွန်ခဲ့တဲ့ ဧပြီလတုန်းက ကားငယ်လေးကို ကုန်တင်ကားတစ်စီး ၀င်တိုက်တဲ့ မတော်တဆမှုကနေ ဒဏ်ရာရပြီး ၈ရက်ကြာ မေ့မျောနေတဲ့ အသက် ၆နှစ်အရွယ် ”တိုင်လာ အက်ကင်” (Tyla Atkin) ဆိုတဲ့ ကလေးငယ် ကို နောင်မှာ သာမာန် ကလေးတစ်ယောက်လို ပြန်လည်ပြီး လမ်းလျှောက်နိုင်၊ စကားပြောနိုင်၊ ပြန်ပြီး ပြုံးရယ် နိုင်လိမ့်တော့မယ်လို့ မထင်ခဲ့ကြတော့တာ အမှန်ပါပဲ။

ဒါပေမယ့် 'တိုင်လာ' ဟာ မတော်တဆမှုဖြစ်ပြီး မေ့မျောနေရာကနေ ၈ရက်ကြာမှာ ပြန်လည်သတိရလာပြီး နောက်ရက်အနည်းငယ်အတွင်းမှာပဲ ပုံမှန်ကလေးငယ်တစ်ယောက်လို ပြန်လည် စကားပြောလာနိုင်၊ ပြေးလွှားဆော့ကစား နိုင်လာတာ အံ့သြစရာပါ။

ဆရာဝန်တွေတောင် လက်လျှော့တဲ့အထိ ဖြစ်သွားတဲ့ 'တိုင်လာ' ကို အခုလို ပြန်လည် ကျန်းမာအောင် ပြုလုပ်ပေးခဲ့တဲ့ သူဟာ ဆေးပညာကျွမ်းကျင်တဲ့ သမားတော် တစ်ယောက်မဟုတ်ဘဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်နေတာဟာ ပိုပြီး အံ့သြစရာ ကောင်းနေပါတယ်။ အဲဒီအဆိုတော်ကတော့ မကြာသေးမှီကတင် ကျင်းပ ပြီးစီးသွားတဲ့ လန်ဒန် အိုလံပစ် ၂၀၁၂ ရဲ့ ပိတ်ပွဲအခမ်းအနားမှာ ခပ်ဟော့ဟော့ ဖျော်ဖြေသွားတဲ့ ဗြိတိသျှ အဆိုတော် 'ဂျက်ဆီ ဂျေး' (Jessie J) ပဲ ဖြစ်ပါတယ်။ "Price tag", "Who you are" သီချင်းတွေနဲ့ ကမ္ဘာပေါ်က ဂီတ ပရိတ်သတ် အများအပြား အားပေးမှုကို ခံရတဲ့ ”ဂျက်ဆီ ဂျေး” ဟာ ”တိုင်လာ” ရဲ့ အနှစ်ခြိုက်ဆုံး အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး။


”တိုင်လာ” ရဲ့ မိခင် ”မစ်ချဲလ် ဟတ်” (Michelle Hrt) ဟာ သမီးလေး ရက်အတန်ကြာ မေ့မျောနေစဉ်မှာ ကိုမာ (Coma) ရှိတဲ့သူတွေကို အာရုံတွေ ပြန်စုစည်းမိပြီး အပြင်ဘက်ကို ပြန်ချိတ်ဆက်မိလာနိုင်အောင် လူနာကို စကားတွေအများကြီး ဆက်တိုက် ပြောပေးနေရမယ့်လို့ ဆရာဝန်တွေ အကြံပေးတဲ့အတိုင်း နေ့စဉ်ရက်ဆက် ပြုလုပ်နေခဲ့ပါတယ်။ အဲဒီလို ပြုလုပ်နေစဉ် ၈ရက်အကြာမှာ သူမ သူငယ်ချင်းတစ်ယောက်က အဆိုတော် ”ဂျက်ဆီ ဂျေး” ဟာ ”မစ်ချဲလ်” တို့ ရှိတဲ့ ဆေးရုံကို လာလည်နေကြောင်း ဖုန်း မက်ဆေ့နဲ့ အသိပေးမှု ရလိုက်ပါတယ်။ ချက်ချင်း ဆိုသလိုပဲ ”မစ်ချဲလ်” ဟာ ”ဂျက်ဆီ” ကို ဆေးရုံထဲ အသည်းအသန် လိုက်ရှာပါတော့တယ်။ တွေ့သမျှ လူတိုင်းကိုလည်း သူမ ”ဂျက်ဆီ” ကို လိုက်ရှာနေကြောင်း အသိပေးလိုက်ပါတယ်။ မကြာခင်မှာပဲ လူတွေဆီက သတင်းကောင်းတစ်ခု ”မစ်ချဲလ်” ဆီ ရောက်လာပါတယ်။ အဲဒါကတော့ အဆိုတော် ”ဂျက်ဆီ ဂျေး” ဟာ သူမတို့ ဆေးရုံခန်းကို လာနေပြီ ဆိုတာပါပဲ။

(Credit - TheSun)

”ဂျက်ဆီ ဂျေး” ဟာ ခြောက်နှစ် သမီးလေး ”တိုင်လာ” ရဲ့ အကြိုက်ဆုံး သီချင်း တစ်ပုဒ်ဖြစ်တဲ့ 'Rainbow' ဆိုတဲ့ သီချင်းကို မေ့မျောနေတဲ့ ”တိုင်လာ” ရဲ့ ကုတင်ဘေး ကနေ သီဆိုပေးပြီးလို့ မကြာခင်မှာပဲ ”တိုင်လာ”ဟာ ထူးခြားစွာ စတင် သတိရလာပါတော့တယ်။ 

 (Credit - TheSun)

”တိုင်လာ” သတိရလာပြီးတဲ့နောက်မှာ အားလုံးက ”ဂျက်ဆီ ဂျေး” ကို ”ဂျက်ဆီ ဂျေး” ဆိုတဲ့ နာမည်ကို မခေါ်တော့ဘဲ ”ဂျက်ဆီ ဂျွိင်း” (Jessie Joy) ဆိုပြီ ပြောင်းခေါ်ကြပါတော့တယ်။ ”မစ်ချဲလ်” ကတော့ သူမရဲ့ သမီး အသက်ကို ကယ်တင်ပေးတဲ့အတွက် ”ဂျက်ဆီ” ကို အထူးကျေးဇူးတင်နေပြီး သမီးလေး ”တိုင်လာ” အတွက်ကတော့ ”ဂျက်ဆီ” သူမရဲ့ အသက်တခင် ကျေးဇူးရှင် အနေနဲ့ရော သူရဲကောင်း (Hero) အနေနဲ့ပါ သတ်မှတ်လိုက်ပြီလို့ ”ဂျက်ဆီ” ရဲ့ ဓါတ်ပုံကို ကိုင်ပြီး ပြောလိုက်ပါတယ်။

ကိုးကား (Ref)
http://www.thesun.co.uk/sol/homepage/news/4495006/Jessie-joy-Crash-girl-wakes-from-a-coma-after-star-sings-to-her-by-hospital-bed-side.html

Saturday, August 18, 2012

စင်ကာပူ ပရိုမိုးရှင်းများ - BEST Warehouse Carnival, Isetan Travel Fair, John Little Mego Expo, Timeberland Warehouse and Fashion Warehouse

ဒီတပတ် စင်ကာပူမှာ တနင်္ဂလာနေ့ 'အစ်' (Eid) နေ့ နဲ့ ပေါင်းပြီး ရုံးသုံးရက်တောင် ပိတ်ပါတယ်။ အခုလို Long Weekend မှာ ဈေးဝယ်ထွက်ချင်သူတွေ အတွက် ထုံးစံအတိုင်း ကောင်းနိုးရာရာ ပရိုမိုးရှင်းလေးတွေ ရွေးတင်ပေးလိုက်ပါတယ်။

BEST က လျှပ်စစ်နဲ့ အိုင်တီ ပစ္စည်းများကို ၈၀ရာခိုင်နှုန်းထိ ဈေးချ ရောင်းပေးမည်။


အောချတ်၊ အိုင်စတန်က ခရီးဆောင်အိတ် အရောင်းပွဲ


အိစ်ပိုက ဂျွန်လစ်တဲလ် ဈေးရောင်းပွဲ


နာမည်ကြီး တံဆိပ် Timeberland ရဲ့ Warehouse Sales


တံဆိပ်ပေါင်းစုံ ဖက်ရှင် အထည်တွေ ဈေးလျှော့ ရောင်းပေမယ့် Warehouse Sales


Credit:
http://www.greatdeals.com.sg
http://singapore-promotions.com

Disclaimer
The contents providing on this post are just for information sharing purpose only. I am not affiliated with any sales or promotion companies above. The information could be from unreliable sources, incomplete, inaccurate and changed or altered anytime without notice. I will not be responsible on any lost or damages happen to you concerning above information  All logos, posters and graphical contents are copyright of their respective owners and I do not own any of them.

Friday, August 17, 2012

အိမ်အလုပ် လုပ်ရလို့ ရဲကို တိုင်တဲ့ ဂျာမန် ကောင်လေး [တစ်နှစ်ပြည့်]

ဂျာမနီနိုင်ငံ၊ အာချန်က ၁၁နှစ်အရွယ် ကောင်လေးတစ်ယောက် ရဲစခန်းရဲ့ အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်ပြီး သူဟာ အဓမ္မစေခိုင်းခံ နေရတယ်လို့ ရဲကို တိုင်ကြားလိုက်ပါတယ်။
“သားက တနေ့လုံး အလုပ်လုပ်နေရတယ်၊ အမေက တနေ့လုံး အိမ်သန့်ရှင်းရေး လုပ်ခိုင်းနေလို့ အားချိန်ကို မရှိဘူးလို့” ရဲတွေကို ပြောပါတယ်။
သူ့အမေကတော့ ကောင်လေးကို ခိုင်းလိုက်တာနဲ့ ရဲကို ခေါ်မယ်ဆိုပြီး တချိန်လုံး ခြိမ်းခြောက်နေတာပါပဲလို့ ရဲတွေကို ပြောပြပါတယ်။ ကောင်လေးရဲ့ ဆင်ခြေက သူရဲ့ ကျောင်းလပ်ချိန်တွေမှာ အကြိမ်ကြိမ်အခါခါ အိမ်အလုပ်လုပ်နေရလို့ပါပဲ…
ရဲတွေက ကောင်လေးကို ဘာတွေများ အတင်းအဓမ္မစေခိုင်းခံ နေရလည်း မေးတော့ အိမ်နဲ့ အိမ်ကပြင်ကို သန့်ရှင်းရေး လုပ်ခိုင်းတာ အဓမ္မစေခိုင်းခံရတာပဲတဲ့…
သူအမေ ရှင်းပြတာကတော့ “သူတနေ့လုံး ဆော့နေတာ အဲဒါပြီးတော့ တနေ့လုံးဆော့ထားတာကို ရှင်းပါလို့ ပြောတော့ ဒါကို သူက အဓမ္မစေခိုင်းတာ (Force Labour) လို့ ပြောတော့တာပါတဲ့…
ရဲတွေကတော့ ရှင်းရခက်ကြီး ဖြစ်သွားမှာပဲ
Source : http://www.bbc.co.uk/news/world-europe-14533749

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၆ရက်နေ့မှာ အပေါ်ကပိုစ့်လေးနဲ့ စတင်ခဲ့တဲ့ မောင်သန့်ရဲ့ ဘလော့လေးဟာ မနေ့က သြဂုတ် ၁၆ရက် ၂၀၁၂မှာ ဆိုရင် တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်းမှာ အနယ်နယ် အရပ်ရပ်က လာရောက်ပြီးတော့ မောင်သန့်ရဲ့ ဘလော့လေးကို အချိန်ပေးကာ လာရောက် ဖတ်ရှုကြတဲ့ အွန်လိုင်း စာဖတ်ပရိသတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ခင်ဗျာ။ အခုချိန်မှာ ဘလော့ ပုံမှန် ပြန်ရေးဖို့ အခက်အခဲကြားက ကြိုးစားလျှက် ရှိကြောင်းကိုလည်း ထပ်လောင်းကာ အမှာစကား ပါးလိုက် ရပါတယ်။

Thursday, August 16, 2012

စတိပ်ဂျော့အိမ်ကို ခိုးတဲ့ သူခိုးကို စတိပ်ဂျော့ရဲ့ နည်းပညာနဲ့ ပြန်ဖမ်းမိ

မနှစ် အောက်တိုဘာလက ကွယ်လွန်သွားတဲ့ အက်ပဲလ် ကုမ္ပဏီ တည်ထောင်သူ စတိပ်ဂျော့ အိမ်ကို မကြာသေးမီကပဲ သူခိုးဝင်ခိုးသွားတဲ့ သတင်းကို ဖတ်မိကြမယ် ထင်ပါတယ်။ အခုတော့ ဒီသူခိုးကို ရဲတွေက အပူတပြင်းကို လိုက်ရှာစရာ မလိုဘဲ ဖမ်းမိသွားခဲ့ပါတယ်။ သူခိုးကတော့ အသက် ၃၅နှစ် အရွယ်ရှိ 'ကာရီယမ် မက်စ်ဖာလင်' (Kariem McFarlin) ဆိုတဲ့ မလည်ရှုပ် သူခိုးတစ်ယောက်ပါပဲ။

စတိပ်ဂျော့အိမ်က သူခိုးသွားတဲ့ ပစ္စည်းတွေကတော့ စတိပ်ဂျော့ ကိုယ်တိုင် တီထွင်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပတ်နဲ့ အက်ပဲလ် တီဗွီ အပါအ၀င် ခရက်ဒစ်ကတ်တွေ၊ စိန်ဆွဲကြိုး နဲ့ စတိပ်ဂျော့ရဲ့ ပိုက်ဆံအိတ်တောင် ပါ ပါတယ်တဲ့။ ဒီထဲမှာ ထူးခြားတာက စတိပ်ဂျော့ဆီ ရေးထားတဲ့ စာတစ်စောင်တောင် ပါ ပါသေးတယ်။ အစတုန်းကတော့ သူ့ဝင်ခိုးမိတဲ့ အိမ်ဟာ စတိပ်ဂျော့ ရဲ့ အိမ်မှန်း မသိပါဘူး။ သူက အဲဒီစာကို ဖတ်မိပြီးနောက်မှာ စတိပ်ဂျော့ ရဲ့ အိမ်မှန်း သိသွားပါတယ်။ အဲ့ဒီအတွက် စတိပ်ဂျော့ မိသားစုကို တောင်းပန်တဲ့ စာတစ်စောင် ထုတ်ပြန်ဖို့ ဆန္ဒရှိတယ်လို့ သူ့ကို ဖမ်းပြီး တရားစွဲဖို့ ပြင်နေတဲ့ ရဲ တွေက ပြောပါတယ်။ စတိပ်ဂျော့ ရဲ့အိမ်ဟာ လက်ရှိအချိန်မှာ ပြန်ပြင်နေပြီ သူ့မိန်းမက တခြားအိမ်တစ်ခုမှာ သွားနေ နေပါတယ်။ 'မက်စ်ဖာလင်' ဟာ အိမ်ထဲကို ၀င်ဖို့သော့ကို အိမ်အပြင်ဘက် ဗီဒိုတစ်ခုကနေ ရသွားပြီး အိမ်ထဲကို အလွယ်တကူ ၀င်ကာ ပစ္စည်းတွေကို ခိုးယူဆောင်နိုင်ခဲ့ပါတယ်လို့ ရဲ တွေက ပြောပါတယ်။

သူခိုးလာတဲ့ အထဲက 64GB iPad နှစ်လုံးကို သူ့ သမီးကို တစ်လုံး၊ သူ့ သူငယ်ချင်းကို တစ်လုံး ပေးလိုက်ပါတယ်။ သူကတော့ စတိပ်ဂျော့ရဲ့ အိုင်မက်စ် (iMac) ကွန်ပြူတာကို အပိုင်စားယူပြီး သူ့ရဲ့ အိုင်ကျူးန် (iTune) အကောင့်နဲ့ သုံးလိုက်တာမှာ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင့် စွပ်သလို သူ့ကို ကံဆိုးမိုးမှောင် ကျသွားစေခဲ့တာပါပဲ။ စတိပ်ဂျော့ရဲ့ ကွန်ပြူတာဟာ တစ်ခြားလူ တစ်ယောက်ရဲ့ အကောင့်နဲ့ အက်ပဲလ် ဆာဗာကို ဆက်သွယ် လိုက်တဲ့အချိန်မှာပဲ အက်ပဲလ် နည်းပညာ ၀န်ထမ်းတွေနဲ့ ထောက်လှမ်းရေးတွေက သတိပြုလိုက်မိပြီး ရဲကို အကြောင်းကြားလိုက်တာမှာ ရဲက သူခိုးကို ခြေရာခံဖို့ လမ်းစ အလွယ်တကူပဲ ရသွားပါတယ်။ အဲဒီနောက် ချက်ချင်းပဲ ရဲတွေက 'မက်စ်ဖာလင်' အိမ်ကို ၀ရမ်းနဲ့ ၀င်စီး လိုက်တဲ့အခါမှာ ခိုးရာပါ ပစ္စည်းတွေနဲ့ တခါတည်းနဲ့ လက်ပူးလက်ကြပ် မိသွားပါတော့တယ်။ ဒါဟာ စတိပ်ဂျော့ ဖန်းတီးထားတဲ့ နည်းပညာ တစ်ခုပါပဲ၊ အရင်တခါကလည်း မက်စ်ဘွတ်ခ် ပရို (MacBook Pro) ခိုးသွားတဲ့ သူခိုးကို ဒီလိုနည်းနဲ့ပဲ ဖမ်းမိခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူခိုးရဲ့ ပုံကိုတောင် မက်စ်ဘွတ်က သူ့ ၀က်ဘ်ကမ်(WebCam)နဲ့ ရိုက်ယူထားလိုက်နိုင်ခဲ့ပါတယ်။

အခုတော့ 'မက်စ်ဖာလင်' ကို Silicon Valley, Palo Alto ရဲ တွေက ဖောက်ထွင်းမှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

'မက်စ်ဖာလင်' တကယ့် အမှားက နည်းပညာကို အသုံးပြုမိတာ ဖြစ်ပြီး၊ ဒီလိုတာ သူမသုံးခဲ့ရင် သူ အဖမ်းခံရချင်မှ အဖမ်းခံရမယ်လို့ သတင်းတွေက ဆိုကြပါတယ်တဲ့။

Ref;
http://news.cnet.com/8301-13579_3-57493512-37/police-burglar-nabbed-after-turning-on-steve-jobs-stolen-macs/
http://www.thedaily.com/page/2012/08/14/081412-news-steve-jobs-burglary/

Wednesday, August 15, 2012

ဘီလာရုစ်က ထိပ်တန်း စစ်ဗိုလ်ချူပ် နှစ်ဦးကို ထုတ်ပယ်ခံရစေခဲ့တဲ့ Teddy Bear စစ်ဆင်ရေး

ဆိုဗီယက် ပြည်ထောင်စုကနေ ပဲ့ထွက်လာခဲ့တဲ့ ဘီလာရုစ်နိုင်ငံဆိုတာ ဥရောပမှာ နောက်ဆုံး ကျန်ရှိနေသေးတဲ့ အာဏာရှင် နိုင်ငံတစ်နိုင်ငံလို့ တင်စားခံရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။ လက်ရှိအုပ်ချူပ်နေတဲ့ သမ္မတ 'အလက်ဇန်ဒါး လက်ခ်ကာရှန်ကို' (Alexadar Lukashenko) ဟာ ၁၉၉၄ခုနှစ်ကတည်းက ဘီလာရုစ်နိုင်ငံကို အုပ်ချူပ်နေခဲ့တာ အခု ၁၈နှစ်တောင် ရှိနေပြီပေမယ့်လည်း ဆင်းမယ့်ပုံ မပေါ်သေးပါဘူး။ ၂၂ နှစ်မှ မပြည့်သေးတာကိုး... နော်...

အာဏာရှင်နိုင်ငံ ဆိုတဲ့အတိုင်း ဖိနှိပ်ချူပ်ချူယ်မှုတွေကတော့ အထူးပြောနေစရာမလိုပါဘူး။ ဒီလို နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ထိပ်တန်း နိုင်ငံခေါင်းဆောင် အချို့ဟာ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေ ခံရပြီးတော့ လူအခွင့်အရေးသမားတွေ မျက်စောင်းထိုး တို့ထိမှုတွေကို မကြာခဏခံရလေ့ရှိပါတယ်။ ဆက်ပြီးတော့ ထုံးစံအတိုင်း သူတို့ ပြည်တွင်းက တက်ကြွသူတွေကတော့ တက်ကြွတာနဲ့ ထောင်ထဲကို တန်းခနဲနေအောင် ရောက်သွားအောင် ပို့လိုက်တာပါပဲ....

ဒီလောက်ရက်စက်တဲ့ ဘီလာရုစ်က အာဏာရှင်ခေါင်းဆောင်တွေဟာ မကြားသေးမီကပဲ ပြင်ပက လူအခွင့်အရေးသမားတစ်ချို့ရဲ့ ရိုးရှင်း စစ်ဆင်မှုတစ်ခုကို မကာကွယ်နိုင်ခဲ့လို့ အရှက်ရစရာတစ်ခု ဖြစ်ပွားသွားခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို သူတို့ နာမည်ပေးထားတာကတော့ "Teddybear Airdrop Minsk 2012" ပါတဲ့။ 'Minsk' ဆိုတာ ဘီလာရုစ်နိုင်ငံရဲ့ မြို့တော် နာမည်ပါ။

၂၀၁၂ ဇူလိုင်လ ၄ရက်နေ့မှ ဆွီဒင်နိုင်ငံအခြေစိုက် Studio C ကြော်ငြာ အေဂျင်စီက  "သောမတ်စ် မက်ဇက်တီ" နှင့် "ဟာနဟ် ဖရေး" (Tomas Mazetti and Hannah Frey) တို့ နှစ်ယောက်ဟာ လေထီးငယ်လေးတွေ ဆင်ထားပေးတဲ့ တက်ဒီ ၀က်ဝံ အရုပ် ရာချီတင်ဆောင်ထားတဲ့ လေယာဉ်ငယ်လေးကို မောင်းပြီး လီသူယေးနီးယာနိုင်ငံ နယ်စပ်မှ တဆင့် ဘီလာရုစ်နိုင်ငံရဲ့ လေပိုင်နက်ထဲကို တရားမ၀င် တိတ်တဆိတ် ၀င်ရောက်သွားခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်က ဘီလာရုစ်မှာ လွတ်လပ်စွာ ပြောဆို ရေသားခွင့်နဲ့ ဖမ်းဆီးထားတဲ့ တက်ကြွသူတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီ ကျင့်သုံးဖို့ စတာတွေ တောင်းဆိုထားတဲ့ စာတွေကို ၀က်ဝံရုပ်နဲ့ ကပ်ထားပြီးတော့ ဘီလာရုစ်နိုင်ငံတွင်းကို အရုပ်တွေကို လေယာဉ်ကနေတဆင့် ဖြန့်ချထားဖို့ပါ။ အစကတော့ သူတို့ဟာ ၀က်ဝံရုပ်ကလေးတွေကို ဘီလာရုစ် မြို့တော် 'မင့်စ်' (Minsk) မြို့က အစိုးရ အဆောက်အဦးတွေအပေါ်ချဖို့ စီစဉ်ထားခဲ့ပေမယ့် လေယာဉ်ဆီ လုံလောက်မှု မရှိမှာကို စိုးရိမ်တာက တစ်ကြောင်း သူတို့ လေယာဉ်ဆီကို ဘီလာရုစ်လေတပ်က ဆက်သွယ်သွားမိတာက တစ်ကြောင်းကြောင့် 'မင့်စ်' မြို့အနီးက 'အိုက်ပီရ်အနက်စ်' (Ivyanets) မြို့လေးပေါ်ပဲ ကျဲချနိုင်ခဲ့ပြီး တိတ်တဆိတ် နောက်ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒါတောင်မှ လေယာဉ်ငယ်ဟာ ဘီလာရုစ်နိုင်ငံထဲမှာ ၁နာရီခွဲခန့် ကြာ မြေပြင်ကနေ အမြင့်ပေ ၁၅၀ခန့် ပျံသန်းနိုင်ခဲ့ပြီး ဘယ်လို အတားအဆီးမျိုးမှ မကြုံခဲ့ရဘူးလို့ ဆိုပါတယ်။ အဲလို ကျဲချတဲ့ အချိန်မှာ Studio C ကို တည်ထောင်သူ 'ပါ ခရုမ်ဝဲလ်' (Per Cromwell) ဟာ 'အိုက်ပီရ်အနက်' မြို့ရဲ့ မြေပြင်ပေါ်မှာ ရှိနေခဲ့ပါတယ်။ သူတို့ကျဲချခဲ့တဲ့ ၀က်ဝံအရုပ်ကလေးတွေဟာ အခုပေါင်း ၈၀၀ခန့်တောင် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

 (Credit - CBS News)

သူတို့ အခုလိုလုပ်ခဲ့တာကို ဗွီဒီယို ရိုက်ကူးမှုတွေနဲ့ သေချာ မှတ်တမ်းတင်ခဲ့ပြီး အစပိုင်းမှာ ဗွီဒီယိုကလစ်တွေ တစချင်းစီ ထုတ်ပြီး သူတို့လုပ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ ဒါကို ဘီလာရုစ် ခေါင်းဆောင်တွေက ဒီဗွီဒီယိုကလစ်တွေ တမင် အထူးပြုလုပ်မှုတွေနဲ့ ဖန်တီးထားပြီး တကယ် အမှန်မဟုတ်ဘူးလို့ လိမ်ညာ ငြင်းခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ Studio C က သူတို့ရဲ့ လှုပ်ရှားမှုတွေ အပြည့်ပါပြီး လုံးဝ ပြင်ဆင်တည်းဖြတ်မှု မလုပ်ရသေးတဲ့ မိနစ် ၉၀ကြာ ဗွီဒီယိုကလစ်ကို ယူကျူပေါ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လူတွေ တော်တော်များများ သတိထားမိသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ၀က်ဝံရုပ် စစ်ဆင်ရေး ဖြစ်ပွားခဲ့အပြီး နောက်သုံးအပတ်ကြာမှာ ဘီလာရုစ် တာဝန်ရှိသူတွေကို ဒီအဖြစ်အပျက် တကယ်ဖြစ်ပျက်ခဲ့တာကို လက်ခံလိုက်ပြီး ဒါကို တုံ့ပြန်ပါတော့တယ်။ သမ္မတ 'လက်ခ်ကာရှန်ကို' ကတော့ ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီး တော်တော့ကို စိတ်ဆိုး ဒေါသထွက်ကာ 'ကြွက်မနိုင် ကျီမီးရှို့' ဆိုသလို နယ်စပ်ကာကွယ်ရေးကို တာဝန်ယူထားတဲ့ ဗိုလ်ချူပ်နဲ့ လေတပ် ဗိုလ်ချူပ်တို့ နှစ်ဦးကို တာဝန်လစ်ဟင်းတယ်ဆိုပြီး ရာထူး ထုတ်ပယ်လိုက်ပါတော့တယ်။ နောက်ပြီး ဆွီဒင်နိုင်ငံနဲ့ သံတမန် အဆက်အသွယ် ဖြတ်မယ်ဆိုကာ နိုင်ငံတွင်း ဆွီဒင် သံအမတ်နဲ့ သံဝန်ထမ်း မိသားစု အားလုံး ကို သြဂုတ် ၃၀ရက် နောက်ဆုံးထားပြီး နိုင်ငံက ထွက်ခွါဖို့ အမိန့်ထုတ်ခဲ့ပြီး ဆွီဒင်နိုင်ငံက ဘီလာရုစ် သံအမတ်နဲ့ သံဝန်ထမ်း အားလုံးကို ပြန်ခေါ်လိုက်ပါတော့တယ်။ ဒါနဲ့ မပြီးသေးဘဲ ဒီလုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ Studio C အဖွဲ့သားတွေ နိုင်ငံတွင်းကို လာပြီး ၁၀ရက်အတွင်း ဖြေရှင်းချက်ပေးဖို့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေး ၀ဘ်ဆိုဒ်ကနေရော အီးမေးလ်ပို့ပြီးတော့ပါ ဆင့်ခေါ်ထားပါတယ်။ တကယ်လို့ ၁၀ရက်အတွင်း မလာခဲ့ရင် ၂နှစ်ထိ အကျင့်မှန် ပြန်ပြင်ပေးဖို့ လုပ်ဆောင်ခံရနိုင်ပြီး ဒါမှမဟုတ်ရင်လည်း ထောင်ဒဏ် ၆လ အထိ ကျခဲ့ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကပဲ လစ်သူရေးနီးယားနိုင်ငံက တာဝန် ရှိသူတွေကိုလည်း သမ္မတကြီး အခုလို ပြောဆို လိုက်ပါသေး တယ်။

"Lithuania should not be sitting like mice under a broom. They must answer to us why they provided their territory for national border violation. If there is anyone who won't find it funny, it is Lithuania"

'လစ်သူယေးနီးယား က တံမြက်အောက်က ကြွက်လို ထိုင်မနေသင့်ပါဘူး။ ဒီလို တရားမ၀င် နိုင်ငံဖြတ်ကျော်မှု လုပ်တဲ့ဟာမှာ ဘာလို့ ကိုယ့်နိုင်ငံ ပိုင်နက်ကို အသုံးပြုခွင့်ပေးလဲဆိုတာ ကျူပ်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်။ ဒီဟာကို ဘယ်သူကမှ ဟာသ မလုပ်နေဘူးဆိုရင်တောင် လုပ်နေတဲ့သူကတော့ လစ်သူရေးနီးယား ပဲ ဖြစ်ရမယ်'

လို့ သမ္မကြီး 'လက်ခကာရှန်ကို' က ဒေါသတကြီး ပြောဆိုလိုက်ပါတယ်။

Studio C အဖွဲ့သားတွေကတော့ သူတို့ဆင့်ခေါ်ထားတာကို သွားဖို့မရှိဘဲ တကယ်လို့ သမ္မတကြီးက ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးပြောဆိုချင်တယ်ဆိုရင် သူတို့ ဆွီဒင်နိုင်ငံကို လာလည်တဲ့အခါမှာ ပြောကြဆိုကြလို့ ရပါတယ် ဆိုပြီး ပြန်ပြောထားပါတယ်။

နောက်ဆက်တွဲ အဖြစ်အပျက် အနေနဲ့ကတော့ ဘီလာရုစ် ကေဂျီဘီ ထောက်လှမ်းရေးတွေဟာ ပြည်တွင်းက လူငယ် ဂျာနယ်လစ်တစ်ယောက်ကို သူ့ဝက်ဘ်ဆိုဒ်မှာ ဒီအကြောင်း သတင်းဓါတ်ပုံ တင်မှုနဲ့ ဖမ်းပြီး၊ ဒီလူငယ်ကို ဓါတ်ပုံပို့ပေးခဲ့တဲ့ အိမ်ခြံမြေ အေးဂျင့်တစ်ယောက်ကိုလည်း ဖမ်းလိုက်ကာ နှစ်ယောက်လုံးကို ထောင်ထဲထည့်လိုက်ပါတယ်။ Studio C အဖွဲ့သားတွေကတော့ ဒီနှစ်ယောက်ဟာ ဒီကိစ္စနဲ့ ဘာမှ ပက်သက်တာ ရှိတာ မဟုတ်လို့ ချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက လူအခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းမှု အဖွဲ့တို့နဲ့ အတူ တောင်းဆိုလိုက်ပါတယ်။ အီးယူ အဖွဲ့ဝင် နိုင်ငံတွေကလည်း ဒီကိစ္စနဲ့ ပက်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ကာ ဆွီဒင်နိုင်ငံဘက်ကို ထောက်ခံကြောင်း ကြေငြာခဲ့ပြီး ဘီလာရုစ်နိုင်ငံကိုတော့ တစ်ခုခု တုံ့ပြန်ဖို့ ကြေငြာချက်ထဲ မပါပေမယ့် တစ်ချို့သတင်းတွေမှာတော့ ဘီလာရုစ် နိုင်ငံမှာ ရှိနေတဲ့ အီးယူးနိုင်ငံက သံတမန်တွေကို ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလိုလုပ်တဲ့နေရာမှာ ဘာလို့ တက်ဒီ ၀က်ဝံ အရုပ်ကလေးတွေကို ရွေးလဲဆိုတော့ ဘီလာရုစ်နိုင်ငံက ထောင်ကို ၀င်လိုက်ထွက်လိုက် လုပ်နေတဲ့ တက်ကြွသူတွေဟာ ဆန္ဒပြကြတဲ့ အခါတိုင်း တက်ဒီဝက်ဝံ အရုပ်လေးတွေကို ကိုင်ဆောင်နေကျမို့ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့လဲ ပါတယ်လို့ ဆိုပါတယ်။ Studio C အဖွဲ့သားတွေဟာ ဒီလို တက်ဒီ ၀က်ဝံရုပ် စစ်ဆင်ရေးလုပ်ဖို့ သုံးယောက်ထိုင် လေယာဉ်ငယ် ၀ယ်တာ အပါအ၀င်၊ လောယာဉ်ကို မောင်းသင်ကျင့်တာပါ တစ်နှစ်လောက် အချိန်ယူခဲ့ပြီး ဘီလာရုစ် အာဏာရှင် အစိုးရကို အရှက်ကွဲစေမယ့်  "Teddybear Airdrop Minsk 2012" အတွက် စားရိတ်အားလုံးပေါင်း ဒေါ်လာ ၁၈၄၅၀၀ ခန့်တောင် ကုန်ကျခဲ့ပါတယ်တဲ့ဗျာ။

PS:
Youtube မှာ Teddy Bear Minsk ဆိုပြီး ရှာကြည့်နိုင်ပါတယ်။

Ref;
http://en.wikipedia.org/wiki/Teddybear_Airdrop_Minsk_2012