Tuesday, January 8, 2013

တခြား ဂြိုလ်ပေါ်မှာ သင့်အသက် ဘယ်လောက် ရှိမလဲ

ကျနော်တို့ နေ့ရက်တွေ တွက်ကြတဲ့အခါမှာ ကမ္ဘာက သူ့ဝင်ရိုး အပေါ်မှာ တစ်ပတ်ပြည့်အောင် လည်တာကို တစ်နေ့ (တစ်ရက်)၊ ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင် ပတ်တာကို တစ်နှစ်လို့ သတ်မှတ်ပါတယ်။ ကျနော်တို့ နေစကြ၀ဠာမှာ ဂြိုလ်ကြီး ၉လုံးက (အခုတော့ ၈လုံး ပေါ့လေ) သူတို့ ၀င်ရိုးပေါ်မှာ တပတ်ပြည့်အောင် လည်ကြတဲ့အချိန်နဲ့ ကျနော်တော့ ကမ္ဘာကြီး တပတ်ပြည့်အောင် လည်တဲ့အချိန်က မတူဘူး။ တစ်ချို့လည်တာ မြန်သလို တစ်ချို့ကလည်း နှေးတယ်။ အဲလိုပဲ နေကို တစ်ပတ်ပြည့်အောင် ပတ်တာလဲ မတူဘူး။ နေနဲ့ ပိုနီးတဲ့ ဂြိုလ်တွေက တစ်ပတ် ပြည့်အောင် ပတ်နိုင်တဲ့ အချိန်က တိုပြီးတော့ ဝေးတဲ့ ဂြိုလ်တွေက ပတ်နိုင်တဲ့အချိန်က ပိုရှည်တယ်။

အဲဒီတော့ ကျနော်တို့ ကမ္ဘာဂြိုလ်မှာ ကျနော်တို့ ရှိတဲ့ အသက်နဲ့ တခြားဂြိုလ်မှာ ရှိမယ့် အသက်က မတူဘူး။ အဲဒါ တခြားဂြိုလ်မှာ ကိုယ်အသက် ဘယ်လောက် ရှိနေလဲ ဆိုတာ သိရအောင် ကိုယ်မွေးတဲ့ မွေးနေ့ကို ထည့်ပြီး တွက်ပေးတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုတွေ့လို့ အပျော်သဘော မျှဝေပေးလိုက်တယ်။ ကမ္ဘာမှာ အသက် ၁၀၀လောက် ရှိနိုင်တဲ့ မွေးခုနှစ်ကို ထည့်ပြီ တွက်လိုက်တာ အောက်ကအတိုင်း ထွက်လာတယ်။ ၀ါသနာပါရင် ဒီဆိုဒ်မှာ စမ်းကြည့်ကြရအောင်...

အသက် အငယ်ဆုံး ဖြစ်ချင်ရင်တော့ နေနဲ့ အဝေးဆုံး ဖြစ်တဲ့ ပလူတို ဂြိုလ်မှာသာ ပြောင်းနေလိုက်တော့။


Sunday, January 6, 2013

စပွန်ဆာနဲ့ ကမ္ဘာတ၀ှမ်းမှာ မဂ်လာဆောင်မယ်

အဂ်လန်မှာ နေထိုင်ကြတဲ့ လီဆာ ဂမ့်န် (Lisa Gant) နဲ့ အဲလက်စ် ပဲလ်လင်းန် (Alex Pelling) တို့နှစ်ယောက် လွန်ခဲ့သော ဆယ်နှစ်ကျော်က စတင်တွေ့ဆုံခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု ရှိခဲ့ကြပါတယ်။ သို့သော်လည်း အဲဒီအချိန်မှာ သူတို့နှစ်ယောက်မှာ ဆိုင်သူကိုယ်စီ ရှိနေကြတော့ ဆုံစည်းဖို့ အခွင့်မသာခဲ့ကြပါဘူး။ နောက်တော့ သူတို့နှစ်ယောက် အဆက်အသွယ် ပြတ်သွားကြတယ်။ နဖူးစာ ရွာလည်ချင်တော့ နောက်သုံးနှစ် အကြာမှာ သူတို့နှစ်ယောက် ပြန်ဆုံတွေ့ပြီး ခွဲမရတဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဒီလို သာမာန် ချစ်သူနှစ်ဦးဟာ သူတို့ချစ်ခရီးလမ်းမှာ စိတ်တူကိုယ်တူ အကြံအစည်တစ်ခုကို ကြံစည်ခဲ့ပါတယ်။ အဲတုန်းကတော့ ဒီအကြံအစည်ဟာ အင်တာနက်ခေတ် ကမ္ဘာကြီးမှာ သူတို့ကို နာမည်ကျော်သွားစေမယ်လို့ တွက်မထားခဲ့ကြပါဘူး။ အဲဒီ အကြံအစည်ကတော့ သူတို့နှစ်ယောက်ဟာ ကမ္ဘာပတ်ပြီး သူတို့ရဲ့ မဂ်လာပွဲကို ကျင်းပဖို့ပါပဲ။ နိုင်ငံတစ်နိုင်ငံရောက်တိုင်းမှာ အဲဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအတိုင်း သူတို့ မဂ်လာဆောင်ကြပါမယ်။

 မက္ကဆီကို ရိုးရာဓလေ့နဲ့ မဂ်လာပွဲ ကျင်းပစဉ်
(Photo via 2people1life)

သူတို့အကြံအစည်ကို အကောင်ထည်ဖို့ သူတို့ရဲ့ လက်ရှိအလုပ်တွေကနေထွက် သူတို့ပိုင်ဆိုင်သမျှကို ရောင်းချပြီး သူတို့ခရီးသွားဖို့ အတွက် ၂၅နှစ်သက်တမ်းရှိ "ပက်ကီ" (Peggy) လို့ခေါ်တဲ့ "ကမ့်ဘာ ဗင်" (Camper Van) ကားလေး တစ်စီးနဲ့ အသုံးအဆောင် အချို့ပဲ ယူဆောင်ပါတယ်။ ကားလေး ကိုလည်း တစ်နေ့ ဓါတ်ဆီဖို့ ဒေါ်လာ ၆၀ထက် ပိုမကုန်အောင် သုံးပါတယ်။ စားရိတ်စက သက်သာအောင် ဟိုတယ်တွေမှာ မနေပါဘူး။ ကမ့်(Camp) ထိုးလို့ရမယ့် နေရာတွေမှာပဲ နေကြပြီး အစားအသောက်ကို ကိုယ်တိုင် ချက်စားကြပါတယ်။

ကဲ ဒါဆို သူတို့ မဂ်လာဆောင် စားရိတ်ကရော... သူတို့နှစ်ယောက် မြန်မာပြည်က စပွန်ဆာနဲ့ မဂ်လာဆောင်တဲ့ သတင်းကို ကြားသွားတာပဲ ဖြစ်ရပါမယ်။ သူတို့နှစ်ယောက်ကတော့ သူတို့ရောက်တဲ့ နိုင်ငံ၊ မြို့နဲ့ မဂ်လာပွဲ ကျင်းပချင်တဲ့နေရာတွေက မဂ်လာဝတ်စုံ ရောင်းငှားတဲ့ဆိုင်တွေ၊ ဓါတ်ပုံဆရာတွေ၊ ခရီးသွားလုပ်ငန်းတွေဆီကနေ စပွန်ဆာ ယူပါတယ်။ စပွန်ဆာပေးတဲ့ လုပ်ငန်းရှင်တွေက  သူတို့နှစ်ယောက်စာ ၀တ်စုံ ဆင်ပေး ဓါတ်ပုံရိုက်ပေး နေရာဆင်ပေး (အကျွေးအမွေး မပါပေါ့နော်) စတာတွေ အကုန်ခံရုံနဲ့ မော်ဒယ် မင်းသား မင်းသမီး ရှာစရာ ငှားစရာမလိုဘဲ သူတို့ လုပ်ငန်းကို ကမ္ဘာတ၀ှမ်းကို အင်တာနက်ကနေ ကြော်ငြာ ပြီးသား ဖြစ်သွားတာကြောင့် နှစ်ဦး နှစ်ဖက် အကျိုးရှိသွားတာပါပဲ....

အခုဆိုရင် ဂမ့်န် နဲ့ ပဲလ်လင်းန် တို့နှစ်ယောက် ၂၀၁၁ နိုဝင်ဘာလ ကတည်းကနေ အဂ်လန်နိုင်ငံ မန်ချက်စတာ ကနေ အစ ဘီလဇ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံတွေအပါအ၀င် နိုင်ငံပေါင်း သုံးဆယ်ကျော်ခန့်ကို သွားရောက်ပြီး မဂ်လာပွဲတွေ ကျင်းပပြီးခဲ့ပါပြီး။ ဒါပေမယ့် သူတို့နှစ်ယောက် အခုချိန်ထိ တရားဝင် လက်ထပ်ထားတာ မရှိသေးပါဘူး။ တကယ်တော့ သူတို့ အကြံအစည်က သူတို့ရည်မှန်းထားတဲ့ နိုင်ငံအစုံကို သွားရောက်ပြီး အဲဒီနိုင်ငံတွေရဲ့ ဓလေ့ထုံတမ်းအတိုင်း အစမ်းသဘော မဂ်လာဆောင်ပြီးမှသာ သူတို့ စိတ်အတိုင်းအကျဆုံး ပုံစံနဲ့ နေရာကို ရွေးချယ်ပြီး တကယ့် မဂ်လာဆောင်ကို ကျင်းပမှာ ဖြစ်ပါတယ်။ သူတို့ခရီးကို ၂၀၁၄ ခုနှစ်ထဲမှာ အဆုံးသတ်မယ်လို့ စီစဉ်ထားပါတယ်တဲ့

သတင်းဌါနကြီးတွေဆီက အင်တာဗျူးကြောင့် သူတို့နှစ်ယောက်ကို လူသိများလာပြီး စပွန်ဆာ ကမ်းလှမ်းချင်တဲ့ လူတွေလည်း များလာပါတယ်။ အခုဆိုရင် ယူနီဆက် (UNICEF)ကလည်း သူတို့နှစ်ယောက်ကို သံတမန်ခန့်ကာ သူတို့နှစ်ယောက်ကနေ တဆင့် အလှူခံလျက် ရှိပါတယ်။ အင်တာဗျူးတွေမှာ ပြောတာက သူတို့နှစ်ယောက် ဒီအကြံအစည်ကို စခဲ့တာ ဒီလောက်ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ သလို နာမည်ကြီးအောင်ဆိုပြီ တမင်လုပ်ခဲ့တာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ကဲ ... စိတ်ကူးလေးကို အားမကျ ကျဘူးလား...

သူတို့ရဲ့ ဘလော့လေးကို သွားမယ် - http://2people1life.com/blog/

ကိုးကားရာ - http://www.dailymail.co.uk/news/article-2238100/Lisa-Gant-Alex-Pelling-Couple-tie-knot-29th-time--20-MORE-weddings-go.html

Thursday, January 3, 2013

ကမ္ဘာ့ ပထမဆုံး ခေါက်ဖုန်း

တစ်ချိန်က စတိုင်ကျကျနဲ့ အကြီးအကျယ် ခေတ်စားခဲ့တဲ့ မိုဘိုင်းခေါက်ဖုန်း (Clamshell/Flip mobile phone) ကို မော်တော်ရိုလာ (Motorola) ကုမ္ပဏီက ဇန်န၀ါရီလ ၃ရက် ၁၉၉၆ စတင်ထုတ်လုပ်ခဲ့တာ ဒီကနေ့ဆိုရင် ၁၉နှစ်တာကာလ ရှိခဲ့ပါပြီ။ အဲဒီ ပထမဆုံး ခေါက်ဖုန်းလေးကတော့ Motorola StarTAC ဖုန်းလေးပါ။

 (Photo via Here)

ဒီဖုန်းလေးဟာ တကယ့်ကို လူကြိုက်များခဲ့ပြီး အဲဒီတုန်းက ဖုန်းအလုံးရေ သန်း ၆၀ထိ ရောင်းချခဲ့ရပါတယ်။ ဒါ့အပြင် ဖုန်းလာတာကို အသံအစား Vibration လို့ခေါ်တဲ့ တုန်ခါမှုနဲ့ အချက်ပြတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ခဲ့ပါတယ်။ ဒီဖုန်းလေးကို မြောက်အမေရိကမှာ စတင် မိတ်ဆက်ခဲ့ပြီးတော့ ဒေါ်လာ ၁၀၀၀ ထောင်နဲ့ စတင်ရောင်းချခဲ့တာပါ။ ဒီဖုန်းဟာ ၂၀၀၀ ခုနှစ်ရောက်တဲ့အထိ ကမ္ဘာအရပ်ရပ်က မိုဘိုင်းဖုန်း သုံးစွဲတဲ့လူတိုင်းမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဖုန်းလည်း ဖြစ်ပါကြောင်း ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပထမဆုံး ခေါက်ဖုန်း မွေ့နေ့ အနေနဲ့ တင်ပြလိုက်ရပါတယ်။

ဒီဖုန်းပုံစံနဲ့ ထုတ်လုပ်ခဲ့တဲ့ ဖုန်းမော်ဒယ် အမျိုးအစားတွေကတော့ အောက်ပါအတိုင်းပါ။


Analog phones

  • StarTAC 3000
  • StarTAC 6000
  • StarTAC 6500
  • StarTAC 8500
  • StarTAC 8600
Digital phones

  • StarTAC 70
  • StarTAC 75 - GSM 1800
  • StarTAC 80
  • StarTAC 85 - GSM 900
  • StarTAC 130 - GSM 900
  • StarTAC 7000g - GSM 1900
  • StarTAC 8000g - GSM 1900
  • ST7760 (AMPS/TDMA)
  • ST7762 (AMPS/TDMA)
  • ST7790 (AMPS/TDMA)
  • 80071WNBPA (FCC IHDT5VG1) AMPS/TDMA (832/2412 MHz)
  • ST7797 (Tri Mode/Dual Band 800/1900 MHz. TDMA/800 MHz. AMPS)
  • ST7860 (Dual Mode/Single Band 800 MHz. CDMA/AMPS)
  • ST7867w (Dual Mode/Dual Band 1900 MHz. CDMA/800 MHz. AMPS)
  • ST7868 (Tri Mode/Dual Band 800/1900 MHz. CDMA/800 MHz. AMPS)
  • ST7890 (Tri Mode TDMA?)
  • ST7897 (Dual Band TDMA)
  • StarTAC 2004
  • StarTAC III
 Ref:
http://en.wikipedia.org/wiki/Motorola_StarTAC

Monday, December 17, 2012

မိုဘိုင်းဖုန်း ဓါတ်ပုံများ ပေါက်ကွဲလာခြင်းနှင့် အတူ ...

မိုဘိုင်းဖုန်း ဓါတ်ပုံများ ပေါက်ကွဲလာခြင်းနှင့် အတူ တကယ့် ဓါတ်ပုံပညာ သေဆုံးပြီလား... ကျွန်တော်ကတော့ ဓါတ်ပုံပညာကို အင်မတန် လေ့လာလိုက်စားတဲ့သူ တစ်ယောက်တော့ မဟုတ်ပါဘူး... သို့သော်လည်း အောက်က ပုံပြအချက်အလက်တွေကိုတော့ စိတ်ဝင်စားမိတယ်... တခါတည်း တခါတည်း လိုအပ်သလို တည်းဖြတ်ပြီး အင်တာနက်ကို မျှဝေနိုင်တဲ့ အင်စတာဂရမ်တို့ ဖေ့ဘွတ်တို့နှင့်အတူ မိုဘိုင်းဖုန်း ဓါတ်ပုံ ရိုက်ကူးခြင်းဟာ တကယ်ပဲ... တကယ့်ဓါတ်ပုံပညာကို ဆုံးခန်းတိုင်စေမှာလား...

၁၈၂၆မှာ ပထမဆုံး ဓါတ်ပုံကို ရိုက်ကူးဖို့ ၈နာရီလောက် ကင်မရာမှန်ဘီလူးကို ဖွင့်ထားရတယ်...

၁၈၆၇မှာ ပထမဆုံး ကာလာအရောင် အနည်းငယ် ရိုက်ကူးနိုင်ခဲ့တယ်...

၁၈၇၈မှာ ပထမဆုံး အမြန်လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်ကူးနိုင်ခဲ့တယ်...

၁၈၈၈မှာ ယခုအခါ ဒေ၀ါလီ ခံရခါနီး ဖြစ်နေတဲ့ ကိုဒတ် (Kodak) ကုမ္ပဏီက စက္ကူလိပ်နဲ့ ရိုက်တဲ့ ကင်မရာကို ပထမဆုံး ထုတ်ခဲ့တယ်... ပေနှစ်ဆယ် ရှိတဲ့ စက္ကူလိပ်ဟာ ၂လက္မခွဲ ပတ်လည် ဓါတ်ပုံ ၁၀၀လောက် ရိုက်နိုင်တယ်...

၁၈၈၉မှာ ပထမဆုံး ဖလင်နဲ့ ကင်မရာ ထုတ်ခဲ့တယ်...

၁၈၉၀မှာတော့ ဖလင်လိပ်ပုံးနဲ့ ၁ဒေါ်လာတန် ကင်မရာထုတ်ခဲ့ပါတယ်...

၁၉၈၁မှာတော့ ဒစ်ဂျစ်တယ်ကင်မရာ အစဖြစ်ခဲ့တဲ့ စီဒီနဲ့ သိမ်းနိုင်တဲ့ ကင်မရာကို ဆိုနီက စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီကနေ့ ခေတ်မှာတော့ မိုဘိုင်းဖုန်း သေးသေးလေးနဲ့ ဓါတ်ပုံတွေ ထောင်သောင်းချီ မမ်မိုရီကတ်သေးသေးလေးနဲ့ ဓါတ်ပုံတွေ ဘုန်းပေါလအော ရိုက်နိုင်နေပါပြီ။

ဓါတ်ပုံ စတင်တီထွင်ခဲ့တဲ့ အချိန်ကနေ ကနေ့အထိ နှစ်ပေါင်း ၁၈၆ခုနှစ်မှာ ဓါတ်ပုံပေါင်း ၃.၅ထရီလယံလောက် လူတွေ ရိုက်ခဲ့တယ်... ဓါတ်ပုံအားလုံးကို ဓါတ်ပုံကူးဆေး ပရင့်ထုတ်ပြီး ဖြန့်ခင်းလိုက်မယ်ဆို မိုင်ပေါင်း ၅သိန်းကျော်လောက် အရှည်လောက် ရှိမယ်လို့ ဆိုပါတယ်...

ကျန်တဲ့ အသေးစိတ်ကိုတော့ အောက်ကပုံမှာ ဆက်လက် လေ့လာ ဖတ်ရှုနိုင်ပါတယ်...


Credit :
http://dailyinfographic.com/the-mobile-photo-explosion-infographic

Sunday, September 16, 2012

အလွယ်တကူ မှတ်သားဖွယ်ရာ မီးဖိုချောင်တွင်း အသား အသီးအရွက် ပြုတ်နည်း၊ ခုတ်နည်း၊ သိုလှောင်နည်းများ နှင့် အချိန်အဆ၊ ချိန်တွယ်ပုံများ

ဟင်းချက်စရာ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း စသည်များ နေ့စဉ် ပုံမှန် ပြုလုပ်နေသူများ၊ အိမ်ရှင်မ၊ အိမ်ရှင်ထီးများနှင့် အိမ်ရှင်မ၊ အိမ်ရှင်ထီး အကူများအတွက် မိမိ နေ့စဉ် ကိုင်တွယ်အသုံးပြု ချက်ပြုတ်ရာတွင်

- လိုအပ်သည့် အချိန်အတွယ် အချိန်အဆ တွေဖြစ်တဲ့ ဂရမ်တွေ အောင်စတွေ လက္ဘရည်ဇွန်း ထမင်းစားဇွန် ရေ မီလီမီတာ ချိန်တွယ်ပုံများ

- ၀က်၊ အမဲ၊ ဆိတ်၊ သိုး စတဲ့ အကောင်တွေရဲ့ မည့်သည့်နေရာက မည်သည့်အသားကို မည်သို့ခေါ်သနည်း၊ မည်သို့ ခုတ်ထစ်သနည်း စသည်များ

- အသား၊ အသီးအရွယ်တို့ကို မည့်မျှပျော့သည့် အတိုင်းအသား လိုချင်လျှင် မည်မျှလောက် မည်သို့ ပြုတ်သင့်ပုံ

- မည့်သည့် အပူချိန်၊ အအေးချိန်တွင့် မည့်သည့်အရာများကို အချိန်မည်မျှလောက် သိမ်းဆည်းထားသင့်ပုံ

စသည်တို့ကို လွယ်ကူစွာ မှတ်သား ပြုလုပ်နိုင်ဖို့အတွက် UK Everest အိမ်ပစ္စည်းရောင်းဝယ် ကုမ္ပဏီက အခုလို ပုံပြကားချပ်လေး တစ်ခုတည်းနှင့် ပြုလုပ်ထားပါတယ်။

လေ့လာမှတ်သား ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။


PDF ဖိုင်လေးနှင့် လိုချင်ပါက အောက်ပါ လင့်ခ်များမှာ ဒေါင်းလုတ် လုပ်ယူနိုင်ပါသည်။

Fride & Freezer Storage
Metric Conversion
Cooking Time

Source
http://www.everest.co.uk/PageFiles/4280/kitchencheatsheet.gif